
နေပြည်တော် စက်တင်ဘာ ၁၇
အာရှ-ပစိဖိတ်ဒေသတွင်းရှိ ကွန်ပျူတာအရေးပေါ် တုံ့ပြန်ရေးအဖွဲ့များ၏ ဆိုက်ဘာတိုက်ခိုက်မှုများ အား တုံ့ပြန်နိုင်မှုစွမ်းဆောင်ရည်များကို ဆန်းစစ် သည့်အနေဖြင့် အာရှ-ပစိဖိတ် ကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (APCERT)က နှစ်စဉ်ပြုလုပ် သည့် ဆိုက်ဘာလေကျင့်ခန်း (APCERT Cyber Drill 2022)ကို ဩဂုတ် ၂၅ ရက်က ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့်လည်း ယခင်နှစ်များကဲ့သို့ ပါဝင်လေ့ကျင့်ခဲ့ကြောင်း mmCERT မှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ် ဆိုက်ဘာလေကျင့်ခန်း၏ ခေါင်းစဉ်မှာ “Data Breach through Security Malpractice” ဖြစ်ပြီး အင်တာနက်ပေါ်တွင် တွေ့ကြုံနေရသော ပြဿနာများနှင့် တိုက်ခိုက်မှုအစစ်များကို ထင်ဟပ် စေသည့် လေ့ကျင့်ခန်းဖြစ်သည်။
ပါဝင်လေ့ကျင့်
ယခုနှစ် လေ့ကျင့်ခန်းတွင် အာရှ-ပစိဖိတ် ကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့၏ စီးပွားနိုင်ငံ ၂၁ နိုင်ငံ (သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း ဒါရုဆလမ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ် (တိုင်ပေ)၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ မလေးရှား၊ မြန်မာ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်း၊ တွန်ဂါ၊ ဗာနူ အာတူနှင့် ဗီယက်နမ်)တို့မှ CSIRT/ CERT အဖွဲ့ အစည်း ၂၅ ခု နှင့် အာရှ-ပစိဖိတ် ကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့၏ ပြင်ပနိုင်ငံနှစ်ခုမှ အဖွဲ့အစည်း လေးခု ပါဝင်လေ့ကျင့်ခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် ဆိုက်ဘာတိုက်ခိုက်မှု များကို တုံ့ပြန်ဆောင်ရွက်လျက်ရှိသည့် သတင်း အချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (mmCERT/cc)မှ အဖွဲ့ဝင် ခြောက်ဦး ပါဝင်လေ့ကျင့် ခဲ့ခြင်းဖြစ်သည်။
ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်စေ
လေ့ကျင့်ခန်းတွင် ပြည်တွင်း ပြည်ပမှ CSIRTs/CERT အဖွဲ့များနှင့် ဦးတည်တိုက်ခိုက်ခံရသည့် အဖွဲ့အစည်းတို့အကြား အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ခြင်း၊ အဖျက်အမှောင့် အခြေခံအဆောက် အအုံ ရပ်တန့်စေရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ အဖျက်အမှောင့်ကုဒ်ကို သုံးသပ်လေ့လာခြင်း၊ အသိ ပေးခြင်းနှင့် ထိခိုက်ဆုံးရှုံးသည့် အဖွဲ့အစည်းအား ကူညီပံ့ပိုးခြင်းစသည့် လုပ်ငန်းစဉ်များ ပါဝင်လေ့ကျင့် ဆောင်ရွက်ရကြောင်း၊ ယခုလေ့ကျင့်ခန်းမှတစ်ဆင့် နိုင်ငံများအကြား ဆိုက်ဘာခြိမ်းခြောက်မှုများ လျော့ပါးစေရန် ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်စေ ရုံမျှမက တိုးတက်လာသော ဆက်သွယ်ရေးလုပ်ငန်း စဉ်များ၊ နည်းပညာစွမ်းရည်များနှင့် ဆိုက်ဘာ တိုက်ခိုက်မှုတုံ့ပြန်နိုင်မှုအရည်အသွေးများကို စိတ်ချ သေချာစေခြင်းဖြင့် အင်တာနက်လုံခြုံရေးနှင့် ဘေးကင်းရေးအတွက် အာရှ-ပစိဖိတ် ကွန်ပျူတာ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့က လေ့ကျင့်ပေးကြောင်း သိရသည်။
ကိုစိုး