
ရန်ကုန် မတ် ၁၆
၂၀၂၂ အာရှစနူကာ ချန်ပီယံရှစ်ပြိုင်ပွဲကို မတ် ၁၂ ရက်မှ ၁၆ ရက်အထိ ကာတာနိုင်ငံ ဒိုဟာမြို့၌ ပြုလုပ်ရာ မြန်မာစနူကာကစားသမား အောင်ဖြိုး ပူးတွဲတတိယဆု ရရှိခဲ့သည်။
ယင်းပြိုင်ပွဲတွင် မြန်မာစနူကာ ကစားသမား နှစ်ဦး ယှဉ်ပြိုင်ခဲ့ရာ အောင်ဖြိုးက ပူးတွဲတတိယဆု ရရှိပြီး ဝင်းကိုကိုမှာမူ ၁၆ ဦး ရှုံးထွက်အဆင့်မှ ထွက်ခဲ့ရသည်။
အောင်ဖြိုးသည် အာရှစနူကာ ပြိုင်ပွဲတစ်လျှောက် တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုံး တတိယဆုရရှိသည့် မြန်မာကစားသမားဖြစ်လာသည်။ အောင်ဖြိုးသည် အုပ်စုပွဲစဉ်များတွင် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးဖြင့် နောက် တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီး ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲ ရွှေတံဆိပ်ဆုရ ထိုင်းကစားသမားကို အနိုင်ကစားနိုင်ခဲ့သည်။ အောင်ဖြိုးသည် ၃၂ ဦး ရှုံးထွက်အဆင့်တွင် အလီဟူစိန် (အီရတ်) ကို ၄-၁ ပွဲ၊ ၁၆ ဦး ရှုံးထွက်အဆင့်တွင် အလီ (အီရန်) ကို ၄-၀ ပွဲ၊ ကွာတားဖိုင်နယ်တွင် အာလိုဘိုင်ဒလီ (ကာတာ) ကို ၄-၃ ပွဲဖြင့် အနိုင်ရပြီး ဆီမီးဖိုင်နယ်တွင် ချာဒါဟာ (အိန္ဒိယ) ကို ၅-၁ ပွဲဖြင့် အရေးနိမ့်ခဲ့သဖြင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။ မြန်မာစနူကာ ကစားသမား အောင်ဖြိုးနှင့်အတူ ယှဉ်ပြိုင်ခဲ့သည့် ဝင်းကိုကိုမှာမူ ၁၆ ဦးရှုံးထွက်အဆင့်မှ ထွက်ခဲ့ရသည်။
ယင်းကစားသမားနှစ်ဦးသည် ယခုပြိုင်ပွဲမတိုင်မီ ကာတာနိုင်ငံ၌ပင်ကျင်းပသည့် ၂၀၂၂ ကမ္ဘာ့စနူကာ ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အာရှ စနူကာချန်ပီယံရှစ်ပြိုင်ပွဲအပြီးတွင် အာရှဘိလိယက် ချန်ပီယံရှစ်ပြိုင်ပွဲ ဆက်လက်ကျင်းပလျက်ရှိပြီး မြန်မာဘိလိယက်ကစားသမား သုံးဦး ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။
သတင်း-ရဲရင့်လွင်
ဓာတ်ပုံ - Asian Confederation
of Billiard Sports