အာဖဂန်နစ္စတန်နိုင်ငံမှ နေရပ်စွန့်ခွာပြည်သူ ၆၃၄၀၀၀ ကျော်ရှိ

ကဘူးလ်   စက်တင်ဘာ   ၁၆ 


ယခုနှစ်အတွင်း  အာဖဂန်နစ္စတန်နိုင်ငံမှ   နေရပ် စွန့်ခွာသွားသည့် ပြည်သူအရေအတွက် ၆၃၄၀၀၀ ကျော်ရှိကြောင်း အာဖဂန်နစ္စတန်နိုင်ငံရှိ လူသားချင်း စာနာထောက်ထားမှုရေးရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး က ယမန်နေ့တွင် ပြောသည်။ 


စက်တင်ဘာ ၁၂ ရက်အထိ     နိုင်ငံအတွင်း ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ၆၃၄၈၀၀ ရှိပြီး ယင်းတို့အနက် ၂၈၂၂၄၆ ဦးသည် ကူညီထောက်ပံ့ မှုများရရှိပြီးဖြစ်ကြောင်း အဆိုပါရုံး၏ အစီရင်ခံစာ အရ သိရသည်။


တာလီဘန်အဖွဲ့က   အာဏာသိမ်းပိုက်ခဲ့သည့် အချိန် သြဂုတ်လလယ်ပိုင်းမှစပြီး လက်ရှိအချိန်အထိ နိုင်ငံအတွင်း  လုံခြုံရေးအခြေအနေ   တည်ငြိမ်လျက် ရှိသော်လည်း နိုင်ငံအတွင်းရှိ ရွှေ့ပြောင်းဒုက္ခသည်များ ၏ နေထိုင်မှုဘဝနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့အပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
ထို့ပြင်  ယခုနှစ်အတွင်း    နိုင်ငံတစ်ဝန်းလုံး၌ သဘာဝဘေးအန္တရာယ်ကျရောက်မှုဒဏ်ကို ထိခိုက် ခံစားရသူ ၂၈၀၀၀ ကျော်ရှိကြောင်း အာဖဂန်နစ္စတန် နိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်း ဆောင်ရွက်ရေးရုံး၏ အစီရင်ခံစာတွင် ရေးသားထား သည်။ 


အာဖဂန်နစ္စတန်နိုင်ငံ၏    စီးပွားရေးထိခိုက်မှု အခြေအနေသည်   ပိုမိုဆိုးရွားလျက်ရှိသည့်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များပေးရန်          ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဂျီနီဗာမြို့၌ ကျင်းပသည့် အာဖဂန်နစ္စတန်အရေးနှင့်ပတ်သက်သည့် ဝန်ကြီး အဆင့် အစည်းအဝေးတစ်ရပ်တွင်  ကမ္ဘာ့နိုင်ငံများ အား တိုက်တွန်းပြောကြားသည်။ 


အာဖဂန်နစ္စတန်နိုင်ငံအား အရေးပေါ် ကူညီ ထောက်ပံ့ပေးရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ လိုအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က ဆိုသည်။ 
ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အောင်ကျော်ကျော်