
နှင်းမိုးအိမ်
အာဖဂန်နစ္စတန်နိုင်ငံ၌ တာလီဘန်များက အမျိုးသမီးအလယ်တန်းကျောင်းကို ပိတ်ပစ်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုတစ်ဖန် အမျိုးသမီးများ လေယာဉ်စီးရာတွင်လည်း ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ခဲ့သည်။
လေယာဉ်စီးနင်းခွင့်မရှိ
အမျိုးသမီးတစ်ဦးသည် ၎င်း၏ အမျိုးသား ဆွေမျိုးသားချင်း တစ်ဦးဦးမပါဘဲ လေယာဉ်စီးနင်း ခွင့်မရှိဟု တာလီဘန်တို့က အမိန့်ထုတ်ခဲ့ကြောင်း လေကြောင်းအရာရှိများက အေအက်ဖ်ပီသို့ပြော သည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်း တာလီဘန် တို့ အာဖဂန်နစ္စတန်ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် အမျိုးသမီးအလယ်တန်း ကျောင်းများကို ဖွင့်လှစ်ရန် မကြာသေးမီက ခွင့်ပြု ပေးခဲ့သည်။ သို့သော်လည်း နာရီအနည်းငယ်အကြာ တွင် ယင်းဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့ပြီး အမျိုးသမီး အလယ်တန်းကျောင်းများကို ပိတ်ပစ်ခဲ့သည်။
အမျိုးသမီးများတစ်ဦးတည်း ခရီးထွက်ခွာခွင့်ကိုပိတ်ပင်
မတ် ၂၃ ရက်တွင် အမျိုးသမီးအလယ်တန်း ကျောင်းများကိုပိတ်ပစ်ရန် ကြေညာခဲ့သည်။ အမျိုးသမီးများတစ်ဦးတည်း ခရီးထွက်ခွာခွင့်ကို ပိတ်ပင်ရန် တာလီဘန်တို့က အမိန့်ထုတ်ခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံရှိ အရီယာနာလေကြောင်း လိုင်းနှင့် ခမ်လေကြောင်းလိုင်းတို့မှ အရာရှိနှစ်ဦးက မတ်လ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ တာလီဘန် ကိုယ်စားလှယ်များ မတ် ၂၄ ရက်တွင် အစည်းအဝေး ပြုလုပ်ပြီးနောက် ယခုလို ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ် ကြောင်း အာဖဂန်လေကြောင်းလိုင်းနှစ်ခုနှင့် လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားခဲ့သည်။
ကန့်သတ်ချုပ်ချယ်မှုများစွာပြုလုပ်
အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များ အာဏာရရှိလာသည့်အချိန်မှစတင်ကာ အမျိုးသမီး များ၏ လွတ်လပ်ခွင့်ပေါ်တွင် ကန့်သတ်ချုပ်ချယ်မှု များစွာပြုလုပ်ခဲ့သည်။ အမျိုးသမီးများ တစ်ဦးတည်း လေယာဉ်စီးခွင့်ကို ပိတ်ပင်သည့် တိုက်ရိုက် ညွှန်ကြားချက်မျိုး ထုတ်ပြန်ထားခြင်း မရှိသေး ကြောင်း သန့်စင်ရေးနှင့် ကာကွယ်တားဆီးရေး ဝန်ကြီးဌာနက ပြောသည်။ သို့သော်လည်း အာရီယာနာ အာဖဂန်လေကြောင်းလိုင်းမှ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်အရ ၎င်းတို့ လေကြောင်းလိုင်းမှာ တာဝန်ရှိသူများနှင့် တာလီဘန်တို့ အစည်းအဝေးပြုလုပ်စဉ်အတွင်း ယင်းကိစ္စကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
လက်မှတ်ရောင်းချခြင်းကိုရပ်တန့်ထား
အမျိုးသားဆွေမျိုးတစ်ဦးဦး လိုက်ပါလာခြင်း မရှိဘဲ မည်သည့်အမျိုးသမီးမှ ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများတွင် စီးနင်းလိုက်ပါခွင့်ရမည် မဟုတ်ဟု စာတွင် ရေးသားဖော်ပြထားသည်။ အေအက်ဖ်ပီက စုံစမ်းမေးမြန်းထားသော ခရီးသွား အေဂျင်စီနှစ်ခုကလည်း တစ်ဦးတည်းခရီးသွားမည့် အမျိုးသမီးများကို လက်မှတ်ရောင်းချခြင်းကို ရပ်တန့်ထားသည်ဟု ဖြေကြားခဲ့သည်။
လေယာဉ်ပေါ်သို့တက်ခွင့်မပေး
ခမ်လေကြောင်းလိုင်းကလည်း မတ် ၂၅ ရက် တွင် ကဘူးလ်မှ အစ္စလာမ္မာဘတ်သို့သွားမည့် လေကြောင်း ခရီးစဉ်တွင် အမျိုးသားဆွေမျိုးမပါဘဲ ခရီးသွားမည့်အမျိုးသမီးအချို့ကို လေယာဉ်ပေါ်သို့ တက်ခွင့်မပေးကြောင်း ခရီးသည်တစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။ အမေရိကန်ပတ်စ်ပို့စ် ကိုင်ဆောင်ထားသည့် အမျိုးသမီးတစ်ဦးသာ မတ် ၂၅ ရက်က ဒူဘိုင်းသို့ပျံသန်းမည့် ခရီးစဉ်တွင် လိုက်ပါခွင့် ရရှိခဲ့ကြောင်း နောက်ထပ်သတင်းအရင်း အမြစ်တစ်ခုက ပြောသည်။
ယခင်အခြေအနေသို့ပြန်ရောက်
တစ်ဦးတည်း ခရီးသွားသည့် အမျိုးသမီးများ မြို့တွင်းလမ်းများသို့ ဝင်ရောက်ခွင့်ကိုလည်း တာလီဘန်များက ပိတ်ပင်ထားပြီးဖြစ်သည်။ ယခုကာလမတိုင်မီအချိန်ကမူ အမျိုးသမီးများ သည် လွတ်လပ်စွာ လေယာဉ်စီးနင်းခွင့်ရရှိထား သည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ် ဩဂုတ်လ အတွင်းမှစတင်ကာ အာဖဂန်အမျိုးသမီးများ၏ ဘဝမှာ ဆယ်စုနှစ်နှစ်စုစာလောက်က အခြေအနေ သို့ ပြန်လည်ရောက်ရှိသွားခဲ့ရသည်။ တာလီဘန်တို့ သည် တင်းကျပ်သည့် စည်းကမ်းများကို ပျော့ပျောင်းသော နည်းလမ်းများအသွင်ပြောင်း ကာ အုပ်ချုပ်သွားမည်ဟု ကတိပြုထားခဲ့သည်။ ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ တာလီဘန်တို့ အုပ်ချုပ်ခဲ့စဉ်က တင်းကျပ်သည့် ဥပဒေများဖြင့် အုပ်ချုပ်ခဲ့သည်။
ဖိအားပေးခံရ
အမျိုးသမီးများသည် အလယ်တန်းပညာရေးကို သင်ယူခွင့်မရရုံသာမက အစိုးရဌာနများတွင်လည်း ၎င်းတို့၏ အလုပ်အကိုင်များမှ နုတ်ထွက်ရန် ဖိအား ပေးခံနေရသည်။ အမျိုးသမီးများဝတ်စားဆင်ယင် မှုမှအစ တင်းကျပ်သည့် စည်းကမ်းများအတိုင်း ဝတ်ဆင်စေခဲ့သည်။ အမျိုးသမီးများ ဝတ်စားဆင် ယင်မှုနှင့် ပတ်သက်၍လည်း တာလီဘန်တို့ သည် အာဖဂန်ရုပ်သံများတွင် အလုပ်လုပ်ကိုင်နေ သည့် အမျိုးသမီးဂျာနယ်လစ်များ ဟီဂျပ်ဝတ်ဆင် ရန် အမိန့်ထုတ်ခဲ့ပြီး နိုင်ငံခြားရုပ်သံများပြသခြင်း ကို ရပ်တန့်ရန်လည်း ရုပ်သံလွှင့်ဌာနများ ကို အမိန့် ပေးခဲ့သည်။
နေအိမ်သို့သာပြန်ခဲ့ရ
မတ် ၂၃ ရက်က စာသင်ကျောင်းများ ပြန်ဖွင့်ပြီ ဆိုသဖြင့် အမျိုးသမီး ထောင်ပေါင်းများစွာတို့သည် စာသင်ကျောင်းသို့ လာခဲ့ကြသည်။ သို့သော်လည်း နာရီအနည်းငယ်အတွင်း ကျောင်းများပြန်ပိတ်ခဲ့သည့်အတွက် နေအိမ်သို့သာ ပြန်ခဲ့ကြရသည်။ ယင်းဖြစ်ရပ်အတွက် တာလီဘန်တို့သည် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းများကြားတွင် ပြင်းထန်သည့် ဝေဖန်မှုမျိုးနှင့် ရင်ဆိုင်ခဲ့ရသည်။ ၎င်းတို့၏ မူဝါဒကို ဘာကြောင့် ပြန်ပြောင်းလိုက် ရသလဲဆိုသည်ကိုမူ ယခုအချိန်အထိတိုင် အာဏာပိုင် များက ဖြေရှင်းချက်မပေးခဲ့ပေ။
ရှုတ်ချခဲ့
မိန်းကလေးကျောင်းကို ပြန်ပိတ်ရန် ဆုံးဖြတ်ခဲ့ သည့်အတွက် အမေရိကန်အပါအဝင် အခြားသော အနောက်နိုင်ငံများက တာလီဘန်တို့ကို ရှုတ်ချခဲ့ သည်။ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ နော်ဝေ နှင့် အမေရိကန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ သည် အဆိုပါကိစ္စနှင့်ပတ်သက်၍ ပူးတွဲ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။
သတိပေးခဲ့
ယခုကဲ့သို့ အပြုအမူကြောင့် တာလီဘန်တို့ လိုလားလျက်ရှိသည့် တရားဝင်အဖွဲ့အစည်းဖြစ်ရန် ရည်မှန်းချက်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် လေးစားဖွယ် အဖွဲ့ဝင်ဖြစ်လာစေရန် ရည်မှန်းချက် ကို ထိခိုက်စေလိမ့်မည်ဟုလည်း သတိပေးခဲ့သည်။ ထို့ပြင် တာလီဘန်တို့ နိုင်ငံရေးအရ ထောက်ခံမှု ရရှိရန်နှင့် ပြည်တွင်းပြည်ပတွင် တရားဝင်အသိအမှတ်ပြုခံရမှုတို့အတွက်လည်း ဆိုးကျိုးများ ဖြစ်ပေါ်လာစေနိုင်သည်ဟု အနောက်နိုင်ငံများက သတိပေးခဲ့သည်။
ကိုးကား-အေအက်ဖ်ပီ
- Log in to post comments