
မောင်ငြိမ်းအေး
“ချည်ထည်လေးက ဝတ်လို့ကောင်းတယ်၊ အေးလည်းအေးတယ်၊ တာရှည်လည်း ခံတယ်၊ ဈေးနှုန်းလည်း သက်သာတယ်၊ အပေအတေ အကြမ်းလည်းခံတယ်၊ ဒါ့ကြောင့် ချည်ထည်လေးတွေကို ရှာဖွေဝယ်ယူ ဝတ်ဆင်ပါတယ်” ဟု မြန်မာချည်ထည် လေးများကိုသာ အမြဲလိုလိုဝတ်ဆင်တတ်သည့် ကျွန်တော့်မိတ်ဆွေဖြစ်သူက ရိုးရာချည်ထည်ကို သူနှစ်သက်ရသည့်အကြောင်းကို အားပါးတရ ရှင်းပြပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်ဇနီး ဝယ်ယူဆင်မြန်းပေးထားသည့် ချည်ထည်လေးတချို့ကို တစ်ခါတစ်ရံ ဝတ်ဆင်ရသည့်အခါမှာ သဘောကျ နှစ်ခြိုက်မိသည်။
ဂုဏ်ယူဖွယ်ရာ
ရန်ကုန်မြို့တွင် မြန်မာ့ရိုးရာချည်ထည်ဆိုင် ကလေးများကို ရှားရှားပါးပါး တွေ့နိုင်ခဲသည်။ နိုင်ငံခြားဖြစ် အဝတ်အစားအထည်ဆိုင်များသာ အများအားဖြင့် နေရာယူထားသည်။ ပြည်ပမှ တင်သွင်းလာသည့် နိုင်လွန်အထည်များမှာ ဆန်းပြား လှပ ညက်ညောလှသဖြင့် လူအများအတွက် သုံးလေ့သုံးထဖြစ်နေသည်မှာ မဆန်းပေ။ သို့သော် မြန်မာ့ရိုးရာ ချည်ထည်လေးများကို နှစ်သက်မြတ်နိုး တန်ဖိုးထားသော ကျွန်တော့်မိတ်ဆွေကဲ့သို့ လူတန်းစားတစ်ရပ်ရှိနေသည်မှာ ထူးဆန်းသလို တော့ ဖြစ်မိသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံတွင် စိုက်၊ မြန်မာနိုင်ငံမှာ ချည်ငင်၊ မြန်မာနိုင်ငံမှာ ရက်လုပ်သည့် ချည်ထည်အဝတ်အစားလေးများကို ဝတ်ဆင်ရခြင်းသည်ပင် ဂုဏ်ယူဖွယ်ရာဟု ဆိုလိုက် ချင်သည်။
ယခုလို ပူပြင်းလှသော နွေရာသီကာလတွင် မြန်မာ့ရိုးရာချည်ထည်လေးများသည် အမြတ်တနိုး တန်ဖိုးထားစရာပင်ဖြစ်သည်။ သို့သော် ဈေးကွက် တွင် ကျယ်ကျယ်ပြန့်ပြန့်တော့ မရှိပေ။ အလုံ အလောက် မထုတ်လုပ်နိုင်၍လား၊ မကြိုက်နှစ်သက် ၍လား ကျွန်တော်သေချာမသိ။ ပူပြင်းသည့် မြန်မာ ပြည်အလယ်ပိုင်းနှင့် အညာဒေသများမှာမူ နပျင်း ထည်ဟုခေါ်သည့် မြန်မာ့ရိုးရာ ချည်ထည်စစ်စစ်လေး များကို တန်ဖိုးထား ဝတ်ဆင်ကြသည်ကို မြင်တွေ့ နိုင်သည်။ ချည်ထည်စစ်စစ်ဆိုလျှင် နပျင်းထည်ဟု ပြောပါက အားလုံးသိကြသည်။ ရှေးအစဉ်အဆက် ချည်ထည်ရက်လုပ် ချုပ်လုပ်ရောင်းဝယ် ဖောက်ကား ခဲ့သည့် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်း မှ နန်းမြင့် သို့မဟုတ် နပျင်းရွာကလေးကိုအကြောင်း ပြုသည့် နပျင်းထည်များသည် လူသိများထင်ရှား လှသည်။
ခေတ်နှင့်အညီ ချုပ်လုပ်
ပုဂံရှေးဟောင်းဒေသသို့ အလည်အပတ် လာရောက်ကြသည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များသည် ချည်ထည်စစ်စစ်ဖြစ်သည့် နပျင်းထည်များကို ဝယ်ယူအားပေးလေ့ရှိသည်။ တကယ်တော့ ချည်ထည်စစ်စစ်တစ်ထည်ဖြစ်လာဖို့ ဆိုသည်မှာ လွယ်ကူလှသည့်အလုပ် မဟုတ်ပေ။ ချည်ထည်ဖြစ်လာဖို့အတွက် ချည်စက်ရုံများထံမှ ချည်များကို မှာယူပြီး ချည်ပုတ်ခြင်း၊ ဆေးဆိုးခြင်း၊ ချည်စာထည့်ခြင်း၊ ကော်စာလှမ်းခြင်းစသည့် လုပ်ငန်းအဆင့်ဆင့် လုပ်ကိုင်ရသည်။ ပြီးသည့် နောက် ရက်ကန်းရုံတွင် ရက်ကန်းခတ်ကာ ချည်ခြာ ခြင်းအလုပ်ကို လုပ်ကြရသည်။ ထို့နောက် ရက်ကန်း ချည်မှ အဖောက်ချည်ဆိုသည့် ချည်ခွက်နှင့်ညီအောင် ချည်ထည်များကို ဖန်တီးကြရသည်။ ဖန်တီးပြီးမှ ခေတ်နှင့်အညီ အထည်ချုပ်လုပ်ရသည်။
ရိုးရာလက်ဖြစ် ချည်ထည်လုပ်ငန်းများကို များသောအားဖြင့် ကျေးလက်ဒေသနေ အမျိုးသမီးများက လုပ်ကိုင်ကြသည်။ အညာ ကျေးလက်ဒေသများတွင် ချည်ထည်လုပ်ငန်းများ အောင်မြင်လာသည်နှင့်အမျှ အလုပ်အကိုင် အခွင့် အလမ်းများ တိုးပွားလာပါသည်။ ယခင်က ဝါစိုက်ပျိုး ပြီး ဝါဂွမ်းကို ဒိုင်များတွင် ရောင်းလိုက်လျှင် ဖြစ်ဖြစ်၊ ချည်ငင်ပြီး ချည်ကိုရောင်းလိုက်လျှင်ဖြစ်ဖြစ် ကိစ္စပြီး ခဲ့ကြသော်လည်း ယခုအခါမှာ အထည်အဆင့်ကို ရောက်လာမည့် ရက်ကန်းလုပ်ငန်းများ၊ ချည်ထည် များကို အဝတ်အထည်အဆင့် ချုပ်လုပ်သည့် လုပ်ငန်းများပါ လုပ်ကိုင်လာကြသည့်အတွက် နောက်ဆုံးအဆင့် ချည်သင်ခြင်း၊ ကြယ်သီးတပ်ခြင်း၊ ထုပ်ပိုးခြင်းမှအစ မိသားစုဝင်များပါ တစ်ပိုင်တစ်နိုင် လုပ်ကိုင်လာနိုင်ကြသည်ကို တွေ့ရသည်။
လူကြိုက်များလာ
ခေတ်မီတိုးတက်လာသည့် ကာလတွင် စက်ရက်ကန်းများ ပေါ်ပေါက်လာပြီး အထည်ချုပ် လုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်နိုင်ကြသော် လည်း စက်ရက်ကန်းမှ ထုတ်လုပ်သည့် ချည်ထည် နှင့် လက်ရက်ကန်းမှ ထုတ်လုပ်သည့် ချည်ထည် များ၏ အရည်အသွေး ကွာခြားနေသည်ကို တွေ့ရ သည်။ လက်ရက်ချည်ထည်များသည် အမြင်အား ဖြင့် ကြမ်းသော်လည်း ချည်စာထည့်ထားသည့် အတွက် ဝယ်ယူဝတ်ဆင်ပြီး တစ်ရေနှစ်ရေ လျှော်ပြီး သည်နှင့် ပိတ်သားအိပြီး ချောမွေ့သွားကာ အေးမြ သည့်ခံစားမှုကို ရရှိသည့်အတွက် ဝတ်ဆင်သူတို့ ကြိုက်နှစ်သက်မှုများလာသည်။
ချည်ထည်စစ်စစ်သည် ကောင်းခြင်းဖုံဖုံ ပြည့်စုံ နေသော်လည်း မြန်မာ့ရိုးရာ ချည်ထည်ထုတ်လုပ်သူ အများစုသည် တစ်ပိုင်တစ်နိုင် ထုတ်လုပ်သူများနှင့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင် များသာ ဖြစ်ကြသည်ကို တွေ့ရသည်။ ပြည်တွင်း ချည်ထည်ထုတ်လုပ်သူများက စွန့်ဦးတီထွင်ကြပြီး နူးညံ့သည့် ပိတ်သားများဖြစ်လာအောင် ပေါင်းခံ ခြင်း၊ လူအများကြိုက်နှစ်သက်မည့် အကွက်၊ အဆင်၊ ဒီဇိုင်းများဖြင့် ထုတ်လုပ်လာကြသဖြင့် လူကြိုက်များ လာခြင်းဖြစ်သည်။
ပြည်ပအထိ ထိုးဖောက်
နန်းမြင့်ရွာမှ ချည်ထည်လုပ်ငန်းပိုင်ရှင်က “ကျွန်တော်တို့အနေနဲ့ ဈေးကွက်ဝင်အောင် တီထွင် ဖန်တီးကြိုးစားလုပ်ကိုင်နေပေမယ့် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာနဲ့ ငွေချေးရင် လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ချည်ထည်တွေကို နိုင်ငံခြားတိုင်းပြည်တွေက ကြိုက်နှစ်သက်တော့ ပြည်ပအထိ တင်ပို့မယ်ဆိုရင် နိုင်ငံတော်အစိုးရကိုယ်တိုင် ဦးစီးဦးဆောင်ပြုပြီး ဆောင်ရွက်မှသာ အဆင်ပြေမယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျေးလက်လုပ်ငန်းရှင်တွေ အနေနဲ့ ပြည်ပအထိ ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက် နိုင်မယ့် မျက်စိမပွင့်သေးပါဘူး”ဟု ပြောကြားသည်။ ယခုအခါတွင် ခေတ်နှင့်အညီ ချည်ထည်လုပ်ငန်းများ လည်း ပွင့်လင်းလာပြီဖြစ်၍ နိုင်ငံတကာအထိ ထိုးဖောက်ဖြန့်ချိနိုင်အောင် လုပ်ငန်းရှင်များက မျှော်လင့်နေကြသည်။
မြန်မာ့ရိုးရာ ချည်ထည်လုပ်ငန်းရှင်တစ်ဦးက လည်း “မြန်မာ့ရိုးရာချည်ထည်တွေကို ဒီဇိုင်း အမျိုးမျိုးနဲ့ ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်ထဲမှာ တွင်တွင်ကျယ်ကျယ် ရောင်းချနေပြီဖြစ်ပါတယ်။ နိုင်ငံတကာ ဈေးကွက်အထိရောက်အောင် တွင်ကျယ်ဖို့ဆိုရင်တော့ မြန်မာ့ရက်ကန်းလုပ်ငန်း တွေ ပိုပြီးတိုးတက်လာအောင် ဒီထက်ပိုပြီး အားပေး ဖို့လိုပါတယ်။ အရင်တုန်းက ရိုးရာချည်ထည်တွေဟာ အမြင်အားဖြင့် ကြမ်းတမ်းပြီး ရေလျှော်ရင် ကျုံ့လို့ စိတ်ဝင်စားမှုနည်းပါးခဲ့ပါတယ်။ နောက်ပိုင်းမှာ ခေတ်မီလာတော့ ချည်တွေကို ပေါင်းပြီးမှ ရက်လုပ် တော့ ရေလျှော်ရင် ကျုံ့တာမရှိတော့ဘဲ ချောမွေ့ လာပါတယ်။ အဆင်ဒီဇိုင်း ဆန်းပြားလာတော့ လူတွေ ကြိုက်နှစ်သက်လာပြီး ဈေးကွက်ကျယ်ပြန့် လာပါတယ်။ အခုဆိုရင် နိုင်ငံခြားအတွက်မှာယူပြီး တစ်ဆင့်ရောင်းသူတွေ ရှိလာပါတယ် ”ဟု ပြောပြ သည်။
အကျိုးစီးပွားဖြစ်ထွန်း
ပြည်တွင်း၌ ဝါသီးနှံ အလုံအလောက်ထွက်ရှိ သော်လည်း ပြည်တွင်းကြိုက် ချည်သား၊ ချည်ထည် များ ထုတ်လုပ်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ချဲ့ထွင်မှုများ အားကောင်းလာအောင် လုပ်ကိုင် ဆောင်ရွက်နိုင်ရေး လိုအပ်လျက်ရှိသည်။ လက်ရှိ တွင် အမြင်ဆန်း လှပသည့် ပြည်ပမှ တင်သွင်းနေ သော ချည်ထည်များကို မြို့ပြဒေသမှ ပြည်သူများက အများဆုံး ဝယ်ယူဝတ်ဆင်ကြသည်။ ထို့ကြောင့် လည်း ပြည်ပမှ ချည်မျှင်နှင့်အထည်များ နှစ်စဉ် ဝယ်ယူတင်သွင်းနေရသည်။ ပြည်တွင်း၌ ဝါနှင့်ချည် ကို ထုတ်လုပ်နိုင်သော်လည်း ပြည်ပမှတင်သွင်းနေရ သဖြင့် နိုင်ငံခြားငွေယိုပေါက်ဖြစ်ပြီး အပိုကုန်ကျ စရိတ်များလျက်ရှိသည်။ ယခုကဲ့သို့ ပြည်တွင်းထုတ် ချည်ထည်များကို ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်ပြီး အဆင့်မြှင့်တင်ထုတ်လုပ်နိုင်မည်ဆိုလျှင် တိုင်းပြည် အတွက် အကျိုးစီးပွား များစွာဖြစ်ထွန်းလာမည်မှာ သေချာနေပါသည်။
“ချည်ထည်လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေမှာ တတ်နိုင်တဲ့ စွမ်းအားတွေ အပြည့်အဝမရှိသေးပါဘူး။ ဒါကို နိုင်ငံတော်က အားပေးအားမြှောက် ပြုလုပ် ပေးပြီး ဝိုင်းဝန်းဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေး မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဝါနဲ့ဝါထွက်ပစ္စည်းတွေ၊ အထည်အလိပ်လုပ်ငန်းတွေ၊ အထည်ချုပ်လုပ်ငန်း တွေ အားကောင်းလာပြီး အလုပ်အကိုင်အခွင့်အလမ်း တွေ တိုးပွားလာမှာဖြစ်ပါတယ်။ နိုင်ငံ့စီးပွားရေး တိုးတက်မှုကိုလည်း အထောက်အကူပြုနိုင်ပါတယ်” ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။ ယခုအခါ နိုင်ငံတော်အကြီးအကဲက ဝါစိုက်ပျိုးရေး နှင့်ချည်ထည်လုပ်ငန်းများ တိုးတက်ဖြစ်ထွန်းလာ ရေးအတွက် မကြာခဏ လမ်းညွှန်မှာကြားပြီး အားပေးကူညီနေသည်ကို ကြားသိနေရသည်။
လမ်းညွှန်မှာကြား
၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်း အဝေးတွင် ဆွေးနွေးခဲ့သည်များကို သတိပြုမိသည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနှင့်အသားနို့ထွက် ပစ္စည်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ တွင်လည်း ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ဝါစိုက်ပျိုးထွက်ရှိသော် လည်း ဝါဂွမ်းကို စနစ်တကျ ထုတ်လုပ်နိုင်မှုမရှိသေး ကြောင်း ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄) တွင်လည်း ဝါသီးနှံနှင့် ချည်ထည်များနှင့် ပတ်သက်၍ ထပ်မံရှင်းလင်းပြောကြားထားသည်။
မြန်မာနိုင်ငံတွင် ဝါနှင့်ချည်ထည်လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် ဦးစွာ ဝါအထွက် နှုန်း တိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ရမည် ဖြစ်၍ ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်သွားရန် လမ်းညွှန်ချက်နှင့်အညီ နယ်မြေဒေသ ဇုန်အလိုက် ဝါသီးနှံအထွက်တိုးရေး အကောင်အထည်ဖော်နေ သည်ကို တွေ့ရသည်။ လက်ရှိတွင် ဝါစိုက်ဧက ငါးသိန်းရှိပြီး တစ်ဧကလျှင် ပိဿာချိန် ၇၀၀ ခန့် ထွက်ရှိမည်ဆိုပါက ပြည်ပမှ ချည်နှင့်ချည် ထည်ပစ္စည်းတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ် ၍ တိုင်းပြည်အတွက် များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်သည်။ မြန်မာနိုင်ငံ၌ ထွက်ရှိနေသည့် ဝါကုန် ကြမ်းများကို ချည်ချောထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံအတွင်းရှိ လူဦးရေ သန်း ၅၀ အတွက် တစ်ဦး လျှင် ချည်ပိတ် ကိုက် ၃၀ ခန့် အသုံးပြု၍ရနိုင်မည် ဖြစ်သည်။
ဝိုင်းဝန်းကြိုးပမ်း
ယခုအခါ ပြည်တွင်း၌ ထွက်ရှိသည် ဝါကုန်ကြမ်း ဝါဂွမ်းကို ဗိုင်းငင်ပြီး ချည်ရစ်ကာ ရက်ကန်းခတ်သည့် အသေးစား လုပ်ငန်းလေးများအဖြစ် တွင်ကျယ်သည့် အဆင့်သာ ရှိသေးသည်။ တစ်နိုင်ငံလုံးအတိုင်းအတာ အတွက် ထွက်ရှိလာသော ဝါကုန်ကြမ်းများကို ကုန်ချော ချည်နှင့် ပိတ်များထုတ်လုပ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်သွားရန် လိုအပ်သည်။ ပြည်တွင်းထုတ်ချည်ထည်များ ကောင်းမွန်ပါလျက်နှင့် အဆင့်မြှင့်တင် ကျယ်ပြန့်စွာ မဆောင်ရွက်နိုင်သေးသဖြင့် ဝတ်ရေးနှင့်ပတ်သက်၍ ဖူလုံသင့်သလောက် ဖူလုံမှုမရှိဘဲ ပြည်ပမှ နှစ်စဉ် တင်သွင်းနေရခြင်းဖြစ်သည်။ ထို့ကြောင့် ဝါအထွက် နှုန်း တိုးတက်စေရေးနှင့် ဝါကုန်ကြမ်းများမှ အဆင့်မီသည့် ချည်နှင့်ချည်ထည်များ ထုတ်လုပ်နိုင် ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။
အဆင့်မီသည့် ချည်နှင့်ချည်ထည်များကို ထုတ်လုပ်နိုင်လျှင် မြန်မာနိုင်ငံ၌ အထည်ချုပ် လုပ်ငန်းများ တိုးတက်ထွန်းကားလာပြီး နိုင်ငံ အတွက်လိုအပ်သည့် အဝတ်အထည်များကို လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်အထည် ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစွာ အရည်အသွေးကောင်းသော (A) အဆင့်ရှိဝါများ ပြောင်းလဲစိုက်ပျိုးရန်လိုကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များကိုလည်းဖိတ်ခေါ်ပြီး ဆောင်ရွက် သွားရန်လိုကြောင်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားသည်။ မြန်မာနိုင်ငံအလယ် ပိုင်းဒေသများတွင် ဝါသီးနှံကို စိုက်ပျိုးကြပြီး ထွက်ရှိ လာသည့်ဝါဂွမ်းများကို စက်မှုဝန်ကြီးဌာနမှ ဝါကြိတ် စက်ရုံ ၁၆ ရုံနှင့် ပုဂ္ဂလိကကဏ္ဍမှ ဝါကြိတ်စက်ရုံ ၁၉၁ ရုံတို့က ကြိတ်ဝါးပေးကြသည်။ အစိုးရ၏ ချည်မျှင်နှင့် အထည်စက်ရုံ ၁၂ ရုံရှိပြီး ပုဂ္ဂလိကသို့ ငှားရမ်းထားသည့် စက်ရုံနှစ်ရုံရှိသည်။ ပုဂ္ဂလိကတွင် စက်ရုံ ကိုးရုံရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ချည်မျှင်နှင့်အထည်စက်ရုံ ၂၃ ရုံဖြင့် လည်ပတ်နေ သည်။
မြှင့်တင်ဆောင်ရွက်
မြန်မာနိုင်ငံတွင် ဝါသီးနှံကို ရည်မှန်းချက်ပြည့်မီ အောင် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ထွက်ရှိလာ သည့် ဝါဂွမ်းကုန်ကြမ်းများအနက် အချို့ကို ပြည်ပ သို့တင်ပို့လျက်ရှိပြီး အချို့ကို ပြည်တွင်း၌ သုံးစွဲလျက် ရှိကြောင်း သိရသည်။ ဝါကုန်ကြမ်းများကို နိုင်ငံပိုင် နှင့် ပုဂ္ဂလိကပိုင် ဝါကြိတ်စက်ရုံများ၌ ကြိတ်ခွဲ ထုတ်လုပ်နိုင်မှုတွင် ဝါကြိတ်စက်များတွင် လိုအပ် ချက် များစွာရှိသည်။ ထို့ကြောင့် ပြည်ပမှ ချည်နှင့် ပိတ်များကို နှစ်စဉ်ပမာဏများစွာ တင်သွင်းနေရ သည်။ ဝါစိုက်ပျိုးထုတ်လုပ်မှုတွင် အဆင့်မီသည့် ဝါဂွမ်းများ ထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှ ချည်နှင့် အထည်ပိတ်များ တင်သွင်းနေရမှုကို လျှော့ချနိုင်မည် ဖြစ်သည်။ ဤလုပ်ငန်းစဉ်များသည် ကြီးမား ကျယ်ပြန့်လှသဖြင့် နိုင်ငံတော်၏ အားပေးကူညီမှု နှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ဆောင်ရွက်နိုင်မှု တို့ကို မျှော်လင့်နေကြသည်။
“တောင်းမှာအကွပ် လူမှာအဝတ်” ဆိုသကဲ့သို့ အဝတ်အစားသည် အရေးပါသည့်ကုန်ပစ္စည်းဖြစ် သည်။ ဝတ်ဆင် ဆင်မြန်းရာတွင် ကောင်းမွန်လှသည့် ပြည်တွင်းထုတ်ချည်ထည်လေးများ ပြည်တွင်း၌ အလုံအလောက် ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်းဖြစ်ကိုသာ အားပေးကြတော့မည်ဟု ယုံကြည်မိသည်။ အဆင့်မီစွာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ရေး ဝါစိုက်ပျိုးထုတ်လုပ်မှုကို တွန်းအားပေးပြီး ချည်နှင့်ချည်ထည် လုပ်ငန်းများ အဆင့်မြှင့်တင် တိုးတက်လာအောင် ကြိုးစား အားထုတ်ကြရတော့မည်ဖြစ်သည်။ ဆန်စပါး၊ ဆီထွက်သီးနှံတို့နှင့် အလားတူ ဝါသီးနှံသည်လည်း နိုင်ငံနှင့်ပြည်သူတို့အား များစွာအကျိုးပြုသော လုပ်ငန်းတစ်ရပ်အဖြစ် မြင်တွေ့နိုင်သည်။ ဝါသီးနှံ စိုက်ပျိုးခြင်းမှ ချည်နှင့်အထည်ထုတ်လုပ်သည်အထိ လုပ်ငန်းစဉ်အဆင့်ဆင့်သည် ပြည်သူများအား များစွာအကျိုးပြုလျက်ရှိသည်။
အလုပ်အကိုင်ပေါများ
ရှေးကာလက လသာတုန်းဗိုင်းငင်ရသည့် ပြည့်စုံမှု မရှိသည့်ဘဝမှ မျက်မှောက်ကာလတွင် ခေတ်နှင့် အညီ အစစအရာရာ တိုးတက်ဖြစ်ထွန်းလာပြီ ဖြစ်သည်။ ဗိုင်းငင်သည့်စက်များ၊ ဝါကြိတ်စက်များ၊ ချည်ငင်စက်များ၊ အထည်ချုပ်စက်များဖြင့် အလုပ်ဖြစ် တွင်ကျယ်နေပြီဖြစ်သည်။ ဝါစိုက်ပျိုးမှုမှ ထွက်ရှိ လာသည့်ဝါကို ဗိုင်းငင်ပြီး ဝါဂွမ်း၊ လင်တာဂွမ်း (အမျှင်တို)နှင့် ဝါစေ့များထွက်ရှိသည်။ ဝါစေ့ကို ဆီကြိတ်သည့်လုပ်ငန်းတွင် အသုံးတည့်ပြန်သည်။ ဝါစေ့ဆီကြိတ်ဖတ်များကို တိရစ္ဆာန် အစား အစာအဖြစ် ထုတ်လုပ်နိုင်ပြန်သည်။ ဝါဂွမ်းမှ ချည်မျှင်ထုတ်လုပ်နိုင်သဖြင့် ရက်ကန်းလုပ်ငန်းများ လည်ပတ်လာသည်။ ရက်ကန်းလုပ်ငန်းမှ ရရှိလာ သည့် အထည်အလိပ်များကို အထည်ချုပ်လုပ်ငန်း များတွင် အဝတ်အထည်များအဖြစ် ထုတ်လုပ်ပေး ကြသည်။ ဝါသည် လုပ်ငန်းအဆင့်ဆင့်တိုင်းအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများသော ကဏ္ဍတစ်ခုဖြစ်လေသည်။
တကယ်တမ်းတွင် လူပေါင်းများစွာတို့ကို ထမင်းကျွေးသော၊ အလုပ်ပေးသော ဝါစိုက်ပျိုးရေး၊ ချည်နှင့် အထည်ထုတ်လုပ်ရေး လုပ်ငန်းများသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက် များနှင့်အညီ တီထွင်ကြံဆ သုတေသနပြုမှုနှင့် ကြိုးစားအားထုတ်မှုတို့ ပေါင်းစပ်လိုက်မည်ဆိုလျှင် ယခုထက် ပိုမိုထွန်းကားအောင်မြင်လာမည်မှာ သေချာနေပြီဖြစ်ပါသည်။ ။
- Log in to post comments