
မန္တလေး ဧပြီ ၂၀
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် အောင်မြေ သာစံမြို့နယ်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန (တိုင်း ဒေသကြီးရုံး) သို့ သွားရောက်၍ ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်ရေးအတွက် အလုပ် ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ် ချုပ်ဆိုမှု ကြည့်ရှုစစ်ဆေး ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများ သည် အလုပ်သမားဆေးရုံကြီး (မန္တလေး)ဆေးရုံ အစည်းအဝေး ခန်းမ၌ ခေတ္တဆေးရုံအုပ်ကြီး၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် အလုပ်ရှင်နှင့် အာမခံ အလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံ ရေးစီမံကိန်းဖြစ်စေရန်၊ အာမခံ အလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို တိုးချဲ့ ဆောင်ရွက်နိုင်ရန်နှင့် အရည် အသွေး ပြည့်မီသော ကျန်းမာရေး ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် လိုအပ်ကြောင်း၊ ဆေးရုံလုံခြုံရေး အလေးထား ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့ သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာန တစ်ခုဖြစ်စေရန်အတွက် အလုပ် ရှင်၊ အလုပ်သမားများ၏ အဓိက လိုအပ်ချက်ဖြစ်သော ကောင်းမွန် သည့် ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက် ပေးရန် မှာကြားပြီး ဆေးကုသ ဝန်ဆောင်မှု ပေးနေသည်ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ် မေ ၁ ရက်တွင် ကျရောက်မည့် အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ချမ်းအေး သာစံမြို့နယ်ရှိ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး အောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်သမားဝန်ကြီးဌာနမှ အရာ ထမ်းများ၊ မန္တလေးတိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ကိုယ်စားလှယ် များ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ အလုပ်သမားများ တက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က အလုပ်သမားဝန်ကြီးဌာနအနေ ဖြင့် အလုပ်သမားနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အလုပ် အကိုင်ပြပွဲ၊ အလုပ်သမားရေးရာ Talk Show ၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေး ပွဲများ၊ စုပေါင်းသွေးလှူဒါန်းပွဲများနှင့် ရွေ့လျားမော်တော်ယာဉ် ဖြင့် စက်ရုံ၊ အလုပ်ရုံအရောက် ကွင်းဆင်းဆေးကုသပေးခြင်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်လာစေ ရေးအတွက် သက်ဆိုင်သူများ အားလုံး၏ ပူးပေါင်းပါဝင်ဆောင် ရွက်မှုတို့သည် အလွန်အရေးကြီး ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ် သည့် ဆွေးနွေးပွဲတွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စား လှယ်များအနေဖြင့် မိမိတို့၏ အတွေ့အကြုံ၊ အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးကြပြီး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တိုးတက် ကောင်းမွန်စေရန်အတွက် ရလဒ် ကောင်းများကို ရရှိမည်ဟု မျှော်လင့်ပါကြောင်း ပြောကြား သည်။
ဆက်လက်၍ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး အောင်က အမှာစကား ပြောကြား သည်။
ထို့နောက် လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာ ရေးနှင့်စပ်လျဉ်း၍ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ များနှင့် လုပ်ငန်းခွင်ပတ်ဝန်းကျင် တိုင်းတာရေး ကိရိယာများ ခင်းကျင်းပြသထားမှုများကို ဆွေး နွေးပွဲသို့ တက်ရောက်လာသူများ က ကြည့်ရှုလေ့လာကြပြီး သိရှိလို သည်များကို မေးမြန်းကြသည်။
ယင်းနောက် အခမ်းအနား ဒုတိယအစီအစဉ်အဖြစ် အလုပ်ရုံ နှင့် အလုပ်သမားဥပဒေ စစ်ဆေး ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးတင်ကိုကို က သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ အလုပ် ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ၊ ASEAN-OSHNET ဆုရရှိသည့် စက်ရုံများမှ ကိုယ်စားလှယ်များက လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှု များကို ရှင်းလင်းတင်ပြခြင်း၊ “လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းဖို့ သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြပြီး တက်ရောက် လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
သတင်းစဉ်