
နေပြည်တော် အောက်တိုဘာ ၂၂
(၄၁) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး၊ (၁၀) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။
အောက်တိုဘာ ၂၀ ရက်တွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်/ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် ကိုယ်စားလှယ် အဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အောက်တိုဘာ၂၀ ရက် နံနက်ပိုင်းတွင် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု နေ့ကို “Stronger Together in Balancing Action to Enhance Localisation for Disaster Resilience” ခေါင်းစဉ်ဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး (၁၀) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီး များအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး သည် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာဝန်ကြီးများ၊ အာဆီယံနိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေး၌ နိုင်ငံအလိုက် ရှင်းလင်း ဆွေးနွေးသည့်အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အာဆီယံဒေသတွင်း နိုင်ငံများသည် နှစ်စဉ်သဘာဝဘေးအန္တရာယ် အမျိုးမျိုး ရင်ဆိုင်လျက်ရှိခြင်းနှင့်အတူ အဆိုပါ ဘေးအန္တရာယ်များကို ရင်ဆိုင်တုံ့ပြန်ခြင်းဖြင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်မှုဖြစ်လာစေရန် နိုင်ငံအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ သည် ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာ မှုဖြစ်စဉ်များကို ရင်ဆိုင်နေရသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး ဖြစ်ရိုး ဖြစ်စဉ်မဟုတ်သည့် သဘာဝ ဘေးများလည်း ဖြစ်ပွားလာလျက်ရှိပါကြောင်း၊ ယင်း ဘေးများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စေရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အတူ နိုင်ငံအတွင်း ရရှိနိုင်သော နည်းပညာ၊ အရင်းအမြစ်များအသုံးပြုကာ အားလုံး ပါဝင်သော နည်းလမ်းဖြင့် ဆောင်ရွက်လျက်ရှိပါ ကြောင်း ကနဦး ဆွေးနွေးခဲ့ပြီး လတ်တလော အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်သေဆုံးမှုနှင့် ဘေးသင့်ပြည်သူများအား လူသားချင်းစာနာကူညီမှု များ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် အာဆီယံ ၁၀ နိုင်ငံမှ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများနှင့် တရုတ် နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံတို့မှ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီး အဆင့်အစည်း အဝေးများကို သီးခြားစီကျင်းပခဲ့ရာ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မည့် သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များ၊ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲကြေညာချက် များနှင့်စပ်လျဉ်း၍ အပိုင်းအလိုက်၊ အခန်းကဏ္ဍ အလိုက် ဆွေးနွေးအတည်ပြုခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့က ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေး၏ ဆက်စပ်အစည်းအဝေး များဖြစ်သော အာဆီယံသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ (၄၁) ကြိမ်မြောက် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် ကိုယ်စားလှယ် အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝ ဘေး စီမံခန့်ခွဲမှုလုပ်ငန်းများ အကောင်အထည်ဖော် နေမှု၊ သဘာဝဘေး၊ လူကြောင့်ဖြစ်သော ဘေးများ ကြောင့် ဘေးသင့်သူများအား နိုင်ငံတော်ဘဏ္ဍာငွေ ဖြင့် ပံ့ပိုးကူညီထောက်ပံ့မှု၊ အာဆီယံနှင့် လုပ်ငန်း များ ပူးပေါင်းဆောင်ရွက်မှုကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေနွေးကာ ရှေ့ဆက်ပူးပေါင်း အကောင် အထည်ဖော်မည့်လုပ်ငန်းများကို သဘောတူညီမှုများ ရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်