အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ (သို့မဟုတ်) “တက်ကြွ၍ ကြံ့ခိုင်မှုရှိပြီး ဆန်းသစ်တီထွင်နိုင်သော ပြည်သူ့ဗဟိုပြု အာဆီယံ”

Type

 

ဒေါက်တာ
ဝါဝါမောင်

(ယမန်နေ့မှအဆက်)
    (စ) လျင်မြန်စွာ တိုးတက်ပြောင်းလဲလျက်ရှိသည့် ကမ္ဘာ့အခင်းအကျင်းတွင်       အာဆီယံနှင့် အာဆီယံပြည်သူများ၏ အနာဂတ်လုံခြုံစေ ရေးအတွက်  ထိရောက်ပြီး  ဆန်းသစ်သည့် တုံ့ပြန်မှုများ  ဆက်လက်ချမှတ်နိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် အပြောင်း အလဲအပေါ်  တုံ့ပြန်နိုင်မှု (Responsiveness)နှင့် ကြံ့ကြံ့ခံနိုင်ရည်ရှိမှု   (Resiliance)   ကို    ထူထောင်နိုင်ကြရန်  အလွန်အရေးကြီးလာ သောကြောင့် ဖြစ်ပေါ်လာနိုင်သည့်   အခွင့် အလမ်းနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံ၏           အမျိုးသား အကျိုးစီးပွားကို ပိုမိုဦးစားပေးစဉ်းစားသကဲ့သို့   ‌ဒေသတွင်းနိုင်ငံများ၏     အကျိုးစီးပွားကို လည်း    ပေါင်းစည်းစွမ်းအားဖြင့် ညီညွတ်စွာ  အကျိုးလိုလားစွာ   ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ပြလာပါသည်၊  
    (ဆ) အာဆီယံမျှော်မှန်းချက် ၂၀၄၅ တွင်   အဖွဲ့ အစည်းများခိုင်မာစေခြင်း (Strengthening Institutions) နှင့်အတူ  ဆုံးဖြတ်ချက်များ ချမှတ်သည့် လုပ်ငန်းစဉ် (Decision Making Process)၊   အရေးပေါ်နှင့်   သီးသန့်အခြေ အနေများတွင်   (Urgent  and  Specific Situations) များတွင် အချိန်မီဆုံးဖြတ်ချက် များ ချနိုင်စေရန်နှင့်  အာဆီယံအတွင်းရေး မှူးချုပ်ရုံး၏  အရေးပါမှု (Role of ASEAN Secretariat) ကို   မြှင့်တင်ပေးရန်အချက် တို့ကို အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅  တွင် ထည့်သွင်းရေးဆွဲထားခြင်းသည် အဖွဲ့ဝင်နိုင်ငံများအကြား ခွဲခြားဆက်ဆံမှု မဖြစ်ပေါ်စေရေး၊     Double Standard   မရှိ စေရေးအတွက်    သတိချပ်စရာတစ်ခုပင် ဖြစ်ပါသည်။
စီးပွားရေး 
    (က)     စီးပွားရေးနှင့်စပ်လျဉ်းပြီး   အာဆီယံအနေ ဖြင့် ကမ္ဘာတွင်  စတုတ္ထမြောက်စီးပွားရေး အင်အားအကြီးဆုံးသော ဒေသဖြစ်အောင် ရည်မှန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေ့လာမိပါသည်၊
    ( ခ )    အာဆီယံသည် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံ တို့အား ၂၀၂၆ ခုနှစ်နောက်ပိုင်းတွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများမှ        လွတ်မြောက်ရန် (LDCs  Graduation) ရည်မှန်းဆောင်ရွက် နေသဖြင့်   အာဆီယံ၌    ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံမရှိတော့  (No more LDCs in ASEAN) သည့်အတွက် အမှန်တကယ် လက်တွေ့တွင် ညှိနှိုင်းမှုများဆောင်ရွက်ရာ၌ ဖွံ့ဖြိုးမှုကွာဟ ချက်   ကျဉ်းမြောင်းစေသည့်  အစီအစဉ်များ လျှော့ချရန်       ဆွေးနွေးမှုများရှိပါသည်။ သို့သော်  ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးမှုကွာဟချက်များကို     လျော့နည်းစေ နိုင်မည့်   လုပ်ငန်းစဉ်များကို   ဆက်လက် ဖော်ဆောင်ရန်နှင့်    အားလုံးပါဝင်နိုင်မှုကို မြှင့်တင်နိုင်ရေးနှင့် စီးပွားရေးဆိုင်ရာ အခွင့် အလမ်းများကို တန်းတူညီမျှရယူဆောင်ရွက် နိုင်ရေးကို  ဆောင်ရွက်မှသာ  အာဆီယံဒေသ တွင်းတွင်  ညီညွတ်မျှတသည့် ဒေသတစ်ခု ဖြစ်လာနိုင်မည်မှာ     သတိပြုစရာအဖြစ် လေ့လာတွေ့ရှိရပါသည်၊ 
    ( ဂ )     အာဆီယံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာစီးပွား ရေးတွင်      အဓိကမောင်းနှင်သူအနေဖြင့် လွှမ်းမိုးဆောင်ရွက်နိုင်ရေးနှင့် အာဆီယံ၏ ပေါင်းစည်းစွမ်းအား မြှင့်တင်နိုင်ရေးအတွက် ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ ပို့ဆောင်ရေး  ကွင်းဆက်ချိတ်ဆက်မှုများ တွင်      ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ထုတ်ကုန်များယှဉ်ပြိုင်နိုင်မှု    (Competiti-veness)ရှိစေရေး၊ ချိတ်ဆက်မှု   (Connec-tivity)လိုအပ်သည့်        ပြင်ဆင်မှုများကို ပြည်တွင်းတွင် “ဥစ္စာရင်လို  ဥစ္စာရင်ခဲ” ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ 
    (ဃ) အာဆီယံအနေဖြင့်  မျှော်မှန်းချက်၊   မဟာ ဗျူဟာများ    များပြားသော်လည်း   အမှန် တကယ်  အကောင်အထည်ဖော်ဆောင်နိုင် မှုမှာ    Pilot    Project     လောက်သာ ဆောင်ရွက်နိုင်မှုများကြောင့်    ကွက်ပြည့် အကောင်အထည်      ဖော်ဆောင်နိုင်မှုမှာ အလွန်အားနည်းလျက်ရှိကြောင်း  သုံးသပ် ပါသည်။  အကြောင်းမှာ   ရန်ပုံငွေနည်းပါး ခြင်း၊      အာဆီယံမဟုတ်သော     အခြား ဆွေးနွေးဖက်နိုင်ငံတို့၏       အကူအညီ (Development      Partners)     တို့၏ အထောက်အပံ့ကို ရယူဆောင်ရွက်ရခြင်း၊ အခြားသော BRICS အဖွဲ့အစည်းများကဲ့သို့ ဖွံ့ဖြိုးမှုဘဏ်  နောက်ခံဘဏ်အဖွဲ့အစည်း မရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း    သုံးသပ်ရ ပါသည်၊     အခြားဆွေးနွေးဖက်နိုင်ငံတို့၏ အကူအညီကို           ရယူခြင်းကြောင့်လည်း အခြားနိုင်ငံများ၏      လွှမ်းမိုးမှုများရှိနိုင် ကြောင်း သုံးသပ်ပါသည်၊  
    ( င )    အာဆီယံဗဟိုပြုမှုကို   အခြေခံ၍    Global ASEAN   သို့   ကူးပြောင်းသည့်အချိန်ကာလ အတွင်း အာဆီယံ၏     လုပ်ငန်းစဉ်များ သည် ကဏ္ဍများအကြား  (Cross-sectors)နှင့် မဏ္ဍိုင်များအကြား  (Cross pillars)   ဆောင်ရွက်ရသည့်လုပ်ငန်းများ  ပိုမိုများပြား လာခြင်းကြောင့်      အကောင်အထည် ဖော်ရာတွင် ထိထိရောက်ရောက် (Effective Implementation)  ဆောင်ရွက်နိုင်ရန်နှင့်   အာဆီယံ၏ အချက်အချာကျမှု (ASEAN Centrality)ကို   ဆက်လက် ထိန်းသိမ်းနိုင်ရန်     လိုအပ်လိမ့်မည်ဟု သတိပြုမိပါသည်၊
    ( စ )    အာဆီယံ၏    စီမံချက်များအား    ထိထိ ရောက်ရောက်      အကောင်အထည်ဖော်ရာ တွင် အာဆီယံရန်ပုံငွေ(ASEAN  Funding) လုံလောက်စွာရရှိနိုင်ရန်မှာလည်း   အချက် တစ်ခုအနေဖြင့် ပါဝင်ပါသည်၊  အာဆီယံ၏ မျှော်မှန်းချက်များအရ    စီးပွားရေးအရ ဖြစ်စေ၊ ဘဏ္ဍာရေးအရဖြစ်စေ      ခိုင်မာ တောင့်တင်းအောင်  ဆောင်ရွက်ထားသည့်  ဘဏ္ဍာရေး နောက်ခံအဖွဲ့အစည်းမျိုး လိုအပ် မည်ဟု သုံးသပ်ပါသည်၊
    (ဆ)    အာဆီယံ၏ ရည်မှန်းချက်၊ မဟာဗျူဟာ များသည်  အပြည်ပြည်ဆိုင်ရာ အကောင် အထည်ဖော်မှုများနှင့်        ကိုက်ညီအောင် ကြိုးပမ်းလျက်ရှိပြီး  အစိမ်းရောင်စီးပွားရေး (Green  Economy)၊    အဏ္ဏဝါစီးပွားရေး (Blue Economy)၊  ဒီဂျစ်တယ်စီးပွားရေး  (Digital Economy)တို့ကို   တွန်းအားပေး ဆောင်ရွက်ရန်ရှိသော်လည်း အဆိုပါကိစ္စ ရပ်များကို      ပြည်တွင်းတွင်    အကောင် အထည်ဖော်ဆောင်ရေးအတွက် အမျိုးသား စီမံကိန်းများနှင့် ချိတ်ဆက်ရန် လိုအပ်သည် ဟု မြင်ပါသည်၊  
    ( ဇ )    အာဆီယံအနေဖြင့်       ပထဝီနိုင်ငံရေးကို အလေးထားစဉ်းစားလာချိန်တွင်   စီးပွားရေး သည် ပုဂ္ဂလိကကဏ္ဍ၊ အလုပ်အကိုင်ဖန်တီး မှု၊ သာမန်ပြည်သူအိမ်ထောင်စုများ၏ ဝင်ငွေ ရရှိမှုနှင့် ဘဝရပ်တည်မှုတို့ကိုလည်း အလေး ထားစဉ်းစားရန် လိုအပ်ပါသည်။ 
လူမှုရေး 
    (က)    ဒီမိုကရေစီစည်းမျဉ်းများကို  လေးစားလိုက်နာ ရေး၊    တရားဥပဒေစိုးမိုးရေးနှင့် ကောင်းမွန် သော       စီမံအုပ်ချုပ်မှုစနစ် ထွန်းကားစေရေး၊         လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ ကို     လေးစားလိုက်နာစေရေးနှင့်     ကာကွယ် မြှင့်တင်နိုင်ရေးကို     ဦးစားပေးဆောင်ရွက် မည်ဟု မျှော်မှန်းချက်တွင်  ထည့်သွင်းထား သော်လည်း       အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးသည် ဒီမိုကရေစီနိုင်ငံများ မဟုတ် သည့်အပြင်  အာဆီယံ(အာရှ) တန်ဖိုးထားမှု စံနှုန်းကို    ယခင်က  အလေးထားခဲ့ရာမှ  ယခုအခါ     အပြည်ပြည်ဆိုင်ရာစံနှုန်းများအား     ပိုမိုအလေးပေး ပြောင်းလဲဦးတည်လာ ကြောင်း တွေ့ရှိရပါသည်၊ 
    ( ခ )     ထိုအကျိုးဆက်အရ ပြည်သူကို ဗဟိုပြုသော၊   ပြည်သူကို အလေးထားသော အသိုက်အဝန်း တစ်ခု     ဖြစ်ပေါ်စေရန်  သက်ဆိုင်ရာနိုင်ငံများ ၏ ဖွံ့ဖြိုးမှုမူဝါဒများ၊ လူမှုရေးအကာအကွယ် ပေးမှု မူဝါဒများနှင့်  ကိုက်ညီမှုရှိရန်  လိုအပ် မည်ဖြစ်ပါသည်၊
    ( ဂ )    လူသားအရင်းအမြစ်များ    ပေါများသည့် အာဆီယံ၏အားသာချက်များကို အပြည့်အဝ  ထိရောက်စွာ  အသုံးပြုနိုင်ရန်မှာ ကျွမ်းကျင်မှု မြင့်မားပြီး  ယှဉ်ပြိုင်နိုင်စွမ်းရှိသော လုပ်သား အင်အားများ ပိုမိုပေါ်ထွန်းလာစေရန်အတွက်     Platform များ တည်ဆောက်ပေးရန်  လိုအပ် မည်ဖြစ်ပါသည်၊
    (ဃ)    အာဆီယံ၏အနှစ်သာရကို    တန်ဖိုးထား ဂုဏ်ယူသော  အသိုက်အဝန်းတစ်ခုဖြစ်စေ ရေးအတွက် အာဆီယံ၏ ယဉ်ကျေးမှုအမွေ အနှစ်များ၊ အနုပညာနှင့် ရိုးရာဓလေ့များကို တန်ဖိုးထားမြှင့်တင်ခြင်းနှင့်       ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊   ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းစုများကို   မြှင့်တင်ခြင်းတို့ဆောင်ရွက်ရာတွင် အထူးသဖြင့်    လူငယ် များ၊     အမျိုးသမီးများ၊    အသေးစားနှင့် အလတ်စားလုပ်ငန်းစု (SMEs)များကို ဦးစား ပေးအသုံးပြုရန်နှင့်      ဒီဂျစ်တယ်ကောင်းစွာ အသုံးပြုတတ်သည့်   လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ရေးနှင့်    မီဒီယာစီမံခန့်ခွဲမှုများ လိုအပ် မည်ဖြစ်ပါသည်၊
    ( င )    ကျန်းမာကြံ့ခိုင်သည့်  အာဆီယံပြည်သူများ ဖြစ်စေရန်  ဘေးကင်းလုံခြုံသော၊  ပြည့်စုံ ကောင်းမွန်သည့် Access to Health Care ဖြစ်ပေါ်စေမည့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်ထူထောင်ရန်၊ ကျန်းမာကြံ့ခိုင်မှုအတွက်  ကိုယ်လက်လှုပ်ရှားအားကစားနှင့်  နေထိုင်မှု စနစ်များကို  အားပေးရန်နှင့်      လူဦးရေ ပုံသဏ္ဌာန်အရ  အသက်ကြီးပိုင်း   (Aging)ပိုမိုများပြားမည်ဖြစ်သဖြင့်     မိမိတို့နိုင်ငံ  အခြေအနေနှင့် လိုက်လျောညီထွေ ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။
ပေါင်းစည်းဆက်နွှယ်မှု (Connectivity)
    (က)    ပေါင်းစည်းဆက်နွှယ်မှု(Connectivity) တွင်     အခြေခံအဆောက်အအုံများ ချိတ်ဆက်မှု  (Physical Connectivity)၊  အဖွဲ့အစည်း ဆိုင်ရာချိတ်ဆက်မှု (Institutional Connec-tivity)၊    ပြည်သူအချင်းချင်းချိတ်ဆက်မှု     (People  to People  Connectivity)    ဟူ၍ ရှိရာ အာဆီယံမဏ္ဍိုင် (၃)ရပ်လုံးနှင့် ချိတ်ဆက် လျက်ရှိနေပါသည်၊   သို့ဖြစ်ပါ၍   Master Plan on  ASEAN Connectivity (MPAC-2025) ကို အကောင်အထည်ဖော်ဆောင်ရာ တွင် အဓိကတွေ့ကြုံရသည့် အခက်အခဲမှာ အာဆီယံမဏ္ဍိုင်များအကြား မဟာဗျူဟာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင် ရာတွင်  မဏ္ဍိုင်များအကြား၊ ဌာနများအကြား Cross-cutting       ဖြစ်နေသည့်အတွက်    Ownership  ပြဿနာရှိကြောင်း  လေ့လာ တွေ့ရှိရပါသည်၊ 
    ( ခ )    အာဆီယံနိုင်ငံများအကြား      ပေါင်းစည်း ဆက်နွှယ်မှု  အားကောင်းစေရန်  ငွေကြေး လွှဲပြောင်းပေးချေမှုများအတွက် ဘဏ္ဍာရေး ဆိုင်ရာ     အခြေခံအဆောက်အအုံများ ချိတ်ဆက်ခြင်း၊ ဒီဂျစ်တယ်ဆိုင်ရာ ဆန်းသစ် တီထွင်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက် ခြင်း၊  ဆိုက်ဘာလုံခြုံရေး  ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ခြင်း၊ စီမံအုပ်ချုပ်မှုစနစ် ကောင်းမွန်စေခြင်း၊     ထောက်ပံ့ပို့ဆောင် ရေးနှင့် ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက်   ထိရောက်အားကောင်းစေခြင်း၊    သတင်း အချက်အလက်များအား      ထိရောက်စွာ နယ်စပ်ဖြတ်ကျော်စီးဆင်းနိုင်ခြင်း၊ ဒေသတွင်း ရှိ   ပြည်သူအချင်းချင်းအကြား  ချိတ်ဆက်မှု အားကောင်းစေခြင်းနှင့်  ရေရှည်တည်တံ့ သည့်          အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းအပါအဝင် အာဆီယံနိုင်ငံ နိုင်ငံများအကြား နိုင်ငံအချင်းချင်း (Bilate-ral)ဖြစ်စေ၊ အခြားသော  ဒေသတွင်းနိုင်ငံ များ(ဥပမာ- GMS နိုင်ငံများ)အကြားဖြစ်စေ  ပေါင်းစည်းဆက်နွှယ်မှုများ    မြှင့်တင်ရန်  လိုအပ်ခြင်းကြောင့်      အကောင်အထည်   ဖော်ဆောင်နိုင်မည့်  အခြားသောဒေသခွဲနှင့်  နိုင်ငံစုံ    ပူးပေါင်းဆောင်ရွက်ရေးမူဘောင် များ(Multilateral Framework)စသည်ဖြင့် စီမံချက် Model အမျိုးမျိုး လိုအပ်မည်ဖြစ်ပါ သည်၊    ဘက်ပေါင်းစုံတွင် အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်သော    အသိုက် အဝန်းတစ်ခု ဖြစ်ပေါ်စေရေးအတွက်  ရင်းနှီး မြှုပ်နှံမှုများ   လိုအပ်မည်ဖြစ်ရာ အဆိုပါ လိုအပ်မည့်     ရင်းနှီးမြှုပ်နှံမှုများအတွက် ဖြစ်ပေါ်နိုင်မည့် Model နှင့်  Institutional Contact  တို့ လိုအပ်မည်ဖြစ်ပါသည်။ အလား တူပင် ပေါင်းစည်းဆက်နွှယ်မှု    အားကောင်း စေရေးအတွက်  ဒေသတွင်းစီမံကိန်း (Regio-nal Plan) နှင့် အမျိုးသားစီမံကိန်း (National Plan) တို့အကြား အချိန်အခါနှင့် အခြေအနေပေးသည့်အပေါ်မူတည်၍ ချိတ်ဆက်ဆောင်ရွက်ရန်ဖြစ်ပါသည်။ 
နိဂုံး
လက်ရှိအချိန်တွင်        အဆိုပါမျှော်မှန်းချက် ၂၀၄၅    အား     အကောင်အထည်ဖော်ဆောင်မည့် အာဆီယံမဏ္ဍိုင်များအကြား မဟာဗျူဟာစီမံချက် များကို အာဆီယံက ရေးဆွဲဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်    အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့် အညီ   မိမိနိုင်ငံအတွက်    အကျိုးစီးပွား    အကျိုး ဖြစ်ထွန်းစေမည့်ကိစ္စရပ်များကို  မဏ္ဍိုင်အသီးသီးမှ  မျက်ခြည်မပြတ် လေ့လာဆောင်ရွက်နေရမည်ဖြစ်ပါ သည်။  အဆိုပါ မဟာဗျူဟာစီမံချက်များအား ၂၀၂၅ ခုနှစ်တွင် ကျင်းပဆောင်ရွက်မည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ တင်ပြအတည်ပြုကြရန် ရည်ရွယ် ထားသောကြောင့်     အချိန်ကာလတစ်နှစ်ကျော် အတွင်းတွင်     ကဏ္ဍအလိုက်    ကြိုတင်ဆွေးနွေး ပြင်ဆင်ထားရန် လိုအပ်ပါသည်။
အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်၂၀၄၅- တက်ကြွ၍ ကြံ့ခိုင်မှုရှိပြီး ဆန်းသစ်တီထွင်နိုင်သော ပြည်သူဗဟိုပြုအာဆီယံ (ASEAN VISION 2045 : “Resilient, Innovation, Dynamic, and People-Centered ASEAN) ဆောင်ပုဒ်ဖြင့် နောင်နှစ်  ၂၀ အထိ မျှော်မှန်းချက်နှင့် လမ်းပြမြေပုံအရ မိမိနိုင်ငံ နှင့်    သင့်တော်လိုက်လျောညီထွေပြီး    အကောင် အထည်ဖော်   ဆောင်ရွက်နိုင်မည့်အခြေအနေများ ကို ဒေသဆိုင်ရာနှင့်  ပါဝင်ပေါင်းစည်းလျက်   နိုင်ငံ အကျိုးရှိရာရှိကြောင်း လုပ်ဆောင်ကြရမည် ဖြစ်ပါ သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်  နှစ်ခုအတွင်း ပထမ ဆယ်စုနှစ်ထက် ဒုတိယဆယ်စုနှစ်သည် ကမ္ဘာနှင့် ဒေသတွင်း    ပထဝီနိုင်ငံရေး၊    ပထဝီစီးပွားရေး ရိုက်ခတ်မှုများက လျင်မြန်စွာပြောင်းလဲလာသည် မှာ  ဂရုပြုစရာပင်ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ အမျိုး သားအကျိုးစီးပွား     ထိခိုက်မှုမရှိစေရေးအတွက် မျက်ခြည်မပြတ် ပါဝင်တက်ရောက်လျက် တစေ့ တစောင်း လေ့လာဆောင်ရွက်နေရန် လိုအပ်ပါသည်။ 
အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့်  သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်   အဖွဲ့ အစည်းများ၊ အာဆီယံမဏ္ဍိုင်အသီးသီးနှင့် လုပ်ငန်း အဖွဲ့များတွင်          လိုက်ပါဆောင်ရွက်နေသူများ၊   ပုဂ္ဂလိက စီးပွားရေးအဖွဲ့အစည်းများနှင့် ပြည်သူ များအနေဖြင့် မိမိတို့ကဏ္ဍအသီးသီးမှ အာဆီယံ၏ နှစ် ၂၀ အတွင်း  အကောင်အထည်ဖော်ဆောင်မည့် အလားအလာများကို     သိရှိနားလည်ခြင်းဖြင့် ကြိုတင်ပြင်ဆင်မှုများ        ဆောင်ရွက်နိုင်စေရန် မီးမောင်းထိုးသုံးသပ်တင်ပြလိုက်ရပါသည်။     ။
ကိုးကားစာရင်း
•    ASEAN Secretariat, August 8, 1967, “ASEAN Charter”
•    ASEAN Secretariat, 1976, “Treaty of Amity and Cooperations in Southeast Asia (TAC)” 
•    https://asean.org/June 26 ,1945, “UN Charter”
•    https://asean.org/ 1982, “United Nations Convention  on  the  Law   of   the  Sea (UNCLOS)”
•    https://asean.org/ the 34th ASEAN Summit, 2019, “ASEAN Outlook on the Indo-Pacific (AOIP)” 
•    May 23, 2022, “Indo-Pacific Economic Framework for Prosperity”
•    Endorsed by the 42nd ASEAN Summit in May 2023, “Core Elements”
•    ASEAN Secretariat, September 2023, “ASEAN Community Vision 2045”
•    https:// theaseanmagazine.  asean.org/article/achieving-the-asean-community-vision-2045/ 
•    https://  asean.org/   our-communities/asean-political-security-community/ 
•    https://  asean.org/  our-communities/asean-socio-cultural-community/ 
•    https://  www.asean.org/   wp-content/uploads/  2012/  05/  ASEAN-APSC-Blueprint-2025.pdf