
နေပြည်တော် ဩဂုတ် ၄
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ အပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက် ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်း ကို ဩဂုတ် ၂ ရက်မှ ၄ ရက်အထိ နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့သည်။
လေ့ကျင့်ခန်း ဒုတိယနေ့ ဩဂုတ် ၃ ရက့်တွင် လေ့ကျင့်ခန်းအစီအစဉ်အလိုက် ဆောင်ရွက်မည့် လေ့ကျင့်ခန်းပါ စစ်ဆင်ရေးစီမံချက်အား မြန်မာ-ရုရှားကိုယ်စားလှယ်အရာရှိကြီးများက ဦးဆောင် ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် နိုင်ငံတကာ တပ်မတော်အရာရှိကြီးများက နိုင်ငံအလိုက် အလှည့်ကျ တက်ကြွစွာ ပါဝင်ဆွေးနွေးကြသည်။
အဆိုပါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်းသို့ ပူးတွဲဥက္ကဋ္ဌနိုင်ငံ များဖြစ်သည့် မြန်မာ၊ ရုရှားနိုင်ငံတို့နှင့်အတူ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်ကြ သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။
လေ့ကျင့်ခန်း တတိယနေ့နံနက်ပိုင်းတွင် နယ်မြေခံသင်တန်းကျောင်း၌ မြန်မာ့တပ်မတော် အထူးတာဝန်တပ်ဖွဲ့ဝင်များက စွမ်းရည်သရုပ်ပြခြင်းသို့ သွားရောက်ကြည့်ရှုလေ့လာပြီး နေ့လယ်ပိုင်းတွင် စားပွဲတင်လေ့ကျင့်ခန်းကို ဆက်လက်ဆောင်ရွက်ကာ အခမ်းအနားပိတ်သိမ်းပြီး ညပိုင်းတွင် ညစာစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံခဲ့သည်။
လေ့ကျင့်ခန်းကာလတွင် စားပွဲတင်လေ့ကျင့် ခန်းသို့ တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များသည် လေ့လာရေးခရီးစဉ်အဖြစ် တပ်မတော်စစ်သမိုင်းပြတိုက်၊ အမျိုးသားပြတိုက်နှင့် ကျောက်မျက်ရတနာပြတိုက်များသို့ သွားရောက် လေ့လာခဲ့ကြပြီး ဥပ္ပါတသန္တိစေတီတော်နှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ခဲ့ကြသည်။
ယခုပြုလုပ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆိုင်ရာ ပူးပေါင်းစားပွဲတင် လေ့ကျင့်ခန်းသည် အာဆီယံ နိုင်ငံများနှင့်ဆွေးနွေးဖက်နိုင်ငံများအကြား ကာကွယ် ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ် ခုနစ်ခုအနက် အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေး (Counter Terrorism) နယ်ပယ် အတွက် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌ များအဖြစ် တာဝန်ယူပြီးဆောင်ရွက်ခဲ့သည့် လေ့ကျင့် ခန်းတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်