
ရန်ကုန် ဇန်နဝါရီ ၁၈
မြန်မာ ယူ-၂၃ အသင်းသည် ယခု နှစ်ဝက်မတိုင်မီ ယှဉ်ပြိုင်ရမည့် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ နှင့် (၃၁) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာ ယူ-၂၃ အသင်းသည် ယင်းပြိုင်ပွဲ နှစ်ခုကို နှစ်လသာ ခြား၍ ယှဉ်ပြိုင်ရမည်ဖြစ်သော ကြောင့် တစ်ပေါင်းတည်းပြင်ဆင် နေခြင်းဖြစ်ပြီး အာဆီယံပြိုင်ပွဲ အပြီးတွင် ရက်ပိုင်းသာနား ကာ ဆီးဂိမ်းအတွက် ဆက်လက် ပြင်ဆင်ရမည်ဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းသည် ပဏာမ ကစားသမား ၃၀ ရွေးချယ်ထားပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလက ၂၀၂၂ အာရှ ဖလား ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်ခဲ့သည့် ကစားသမားများကို အခြေခံကာ ဖွဲ့စည်း ထားပြီး ယူ-၁၉ လက်ရွေးစင်အသင်းမှ ကစားသမားများ ပါဝင်သလို စပိန်ဒုတိယ တန်းကလပ် လီဟာနက်စ်လူငယ်အသင်း တွင် ကစားနေသည့် တောင်ပံတိုက်စစ် ကစားသမား အာသာဖလည်း ပါဝင်လျက် ရှိသည်။ မြန်မာ ယူ-၂၃ အသင်းသည် အာဆီယံပြိုင်ပွဲအပြီးတွင် ဆီးဂိမ်းပြိုင်ပွဲ အတွက် ထပ်မံပြင်ဆင်ရမည်ဖြစ်သော ကြောင့် ပြိုင်ပွဲနှစ်ခုစလုံးတွင် အသုံးပြုနိုင် မည့် ကစားသမားများကို ရွေးချယ်ထားခြင်း ဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ် အဖြစ် ဘူလ်ဂေးရီးယား နိုင်ငံသား ပိုပေါ့ဗ် က တာဝန်ယူကိုင်တွယ်နေပြီး ဇန်နဝါရီ ၁၀ ရက်တွင် စတင်လေ့ကျင့်ပြင်ဆင်နေခြင်း ဖြစ်သည်။ ပိုပေါ့ဗ်သည် အာဆီယံ ယူ-၂၃ ပြိုင်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာအသင်းကို နှစ်ကြိမ်ဆက် ကိုင်တွယ် ခွင့်ရခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်ကလည်း ယင်းပြိုင်ပွဲ နှစ်ခုစလုံး ယှဉ်ပြိုင်ခဲ့ရသည်။
အာဆီယံ ယူ-၂၃ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု(ခ) တွင် အင်ဒိုနီးရှား၊ မလေးရှား၊ လာအိုအသင်းတို့နှင့် ပါဝင်နေသည်။ (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဘောလုံးပြိုင်ပွဲကိုမူ ယင်းရက်ထက်စော၍ ပြုလုပ်မည်ဖြစ်သည်။ မြန်မာအသင်းသည် နောက်ဆုံးကျင်းပသည့် ၂၀၁၉ အာဆီယံ ယူ-၂၃ ပြိုင်ပွဲတွင် အုပ်စုမှထွက်ခဲ့ရသော် လည်း ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်း ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ရရှိခဲ့သည်။
ရဲရင့်လွင်