အာဆီယံ-တရုတ် သက်မွေးပညာဆိုင်ရာပြပွဲနှင့် ဆွေးနွေးပွဲဖွင့်ပွဲ ကျင်းပ

စက်မှုသင်တန်းကျောင်း ရှစ်ကျောင်း တည်ထောင်ပြီး နှစ်စဉ် သင်တန်းသားတစ်ထောင်ကျော် လေ့ကျင့် မွေးထုတ်ပေးလျက်ရှိ

============================================================================

နေပြည်တော်  စက်တင်ဘာ  ၂၇


တရုတ်ပြည်သူ့သမ္မတနိုင်ငံ   ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  နန်နင်းမြို့၌ စက်တင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ   ကျင်းပမည့် ၂၀၂၁ ခုနှစ် အာဆီယံ- တရုတ် သက်မွေးပညာဆိုင်ရာပြပွဲနှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည်အွန်လိုင်းမှ တက်ရောက် ၍ မိန့်ခွန်းပြောကြားသည်။ 


တက်ရောက်


ဖွင့်ပွဲအခမ်းအနားတွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ အကြီးအကဲ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  ပညာရေးဝန်ကြီးဌာနမှ  အကြီးအကဲ၊ အာဆီယံနိုင်ငံများမှ    ကိုယ်စားလှယ်တော်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ တက်ရောက်၍ အမှာစကားများ ပြောကြားခဲ့ကြ သည်။ 
ပြည်ထောင်စုဝန်ကြီးက   ပြောကြားရာတွင် စက်မှုဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် နှစ်ဦးနှစ်ဖက်   အပြန်အလှန်  စီးပွားရေးနှင့် လူမှုရေးအကျိုးစီးပွားများအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ခဲ့သည့်  ဝန်ကြီးဌာနတစ်ခုဖြစ် ကြောင်း၊ နည်းပညာနှင့် သက်မွေးပညာ လေ့ကျင့်ရေး (TVET) ကဏ္ဍတွင်   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီ  အထောက်အပံ့ဖြင့်  အမှတ်(၂)စက်မှု သင်တန်းကျောင်း(မန္တလေး)ကို ၂၀၀၅ ခုနှစ်တွင် တည်ထောင်နိုင်ခဲ့သဖြင့်      ကျွမ်းကျင်လုပ်သား ၁၆၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်  ဒီဇင်ဘာ ၃၀ ရက်တွင် မြန်မာနိုင်ငံ အစိုးရနှင့်   တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့ လက်မှတ်ရေးထိုးခဲ့သည့် Agreement on Economic and Technical Cooperation အရ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက်   ပေးအပ်မည့် ရန်ပုံငွေမှ အမှတ်(၂) စက်မှုသင်တန်းကျောင်း(မန္တလေး)အား အဆင့်မြှင့်တင်ရန်   တရုတ်ယွမ်ငွေ   ၈၅ သန်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊   နည်းပညာနှင့် သက်မွေးပညာလေ့ကျင့်ရေး TVET သည် မြန်မာနိုင်ငံ ၏ ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာ သုံးသပ်ရေးလုပ်ငန်း (CESR) ၏ ဦးစားပေး နယ်ပယ် ခြောက်ခုအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း။


 မြန်မာနိုင်ငံ၌  အရည်အသွေးပြည့်ဝသော ကျွမ်းကျင်လုပ်သားများကို  မွေးထုတ်ပေးခြင်းဖြင့် တိုင်းပြည်၏ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ  အဆင့်အတန်း မြင့်မားတိုးတက်လာမည် ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအား အရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်း ချက်၊ မျှော်မှန်းချက်နှင့် ဦးတည်ချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ “ယှဉ်ပြိုင်မှု    စွမ်းရည်မြင့်မားသော    လုပ်သား
အင်အားစုနှင့်  အဆင့်မြင့်နည်းပညာများ ဆက်လက် သင်ယူလေ့လာနိုင်သော     ကျွမ်းကျင်ပညာရှင်များ နိုင်ငံအနှံ့   ပိုမိုမွေးထုတ်ပေးရန်”  မျှော်မှန်းထားပါ ကြောင်း၊ တိုင်းပြည်၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အဓိကမောင်းနှင်အားဖြစ်သည့် အရည် အသွေးပြည့်ဝသော    ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရေးနှင့် ကဏ္ဍအလိုက်သင့်တော်သည့် လုပ်ငန်းခွင်များတွင်  တာဝန်ယူ ထမ်းဆောင်နိုင်စေ ရေးနှင့်  ပြည်တွင်းကျွမ်းကျင်လုပ်သားလိုအပ်ချက် မညီမျှမှုအား တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးရန် ရည်မှန်းချက်ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ “ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် စက်မှုနိုင်ငံတော်သစ် တည်ထောင်နိုင်ရန်” မျှော်မှန်း၍ စက်မှုကျွမ်းကျင် လုပ်သားများအား လေ့ကျင့်ပျိုးထောင်ပေးနိုင်သည့် စက်မှုသင်တန်းကျောင်း ရှစ်ကျောင်းကို နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများ၏ အထောက်အပံ့များဖြင့် တည်ထောင်ထားရှိပြီး    နှစ်စဉ်   သင်တန်းသား တစ်ထောင်ကျော်ကို လေ့ကျင့်ပျိုးထောင် မွေးထုတ် ပေးလျက်ရှိကြောင်း၊  တီထွင်ဆန်းသစ်လာသည့် TVET ပညာရေးများသည်  ဒေသတွင်း  သာယာဝ ပြောမှုနှင့်  စဉ်ဆက်မပြတ်  တိုးတက်လာမှုများကို ဖြေရှင်းပေးနိုင်မည်ဖြစ်၍  နည်းပညာနှင့် သက်မွေး ပညာ လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး အားလုံးပါဝင်ပြီး  ပူးပေါင်းဆောင်ရွက်ပေးကြရန် ဖိတ်ခေါ်လိုပါကြောင်း ထည့်သွင်းပြောကြားသည်။  


ရည်ရွယ်ကျင်းပ


အဆိုပါ ပြပွဲနှင့် ဆွေးနွေးပွဲများကို တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား သက်မွေးပညာကဏ္ဍ များတွင်  ပူးပေါင်းဆောင်ရွက်မှု  မြှင့်တင်နိုင်ရန်၊ အပြန်အလှန် လေ့လာသင်ယူမှုများနှင့် အသိအမြင် ဖလှယ်မှုများ   ဆောင်ရွက်နိုင်မည့်   အခွင့်အလမ်း သစ်များ  ရရှိစေရန်နှင့်  အဖွဲ့ဝင်နိုင်ငံများအကြား ခင်မင်ရင်းနှီးမှုနှင့်     မိတ်ဖက်ဆောင်ရွက်မှုများ မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။                                  

 

    သတင်းစဉ်