
၂၀၂၂ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံ - ဩစတြေးလျ - နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ(AANZFTA) ၏ နိုင်ငံဆိုင်ရာညှိနှိုင်းရေးမှူး တာဝန်ယူထား သည့် ဘရူနိုင်းနိုင်ငံ၊ ဩစတြေးလျနှင့် နယူး ဇီလန်နိုင်ငံများမှ ခေါင်းဆောင်များသည် AANZFTA စာချုပ် အဆင့်မြှင့်တင်ခြင်းအတွက် ဆွေးနွေးမှုအပြီးသတ်ပြီဖြစ်ကြောင်း အကြိမ် (၄၀)နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် ကြေညာခဲ့သည်။
အဆိုပါ ဆွေးနွေးမှုသည် အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် ကမ္ဘော ဒီးယားနိုင်ငံက ၎င်းတာဝန်ယူစဉ်အတွင်း ပြီးမြောက်အောင်ဆောင်ရွက်သွားမည့် စီးပွား ရေးရာ ဦးတည်ချက်တစ်ခုလည်းဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ဒေသတွင်း ပထဝီ နိုင်ငံရေးအရ တင်းမာမှုများရှိခဲ့သော်လည်း အာဆီယံ၊ ဩစတြေးလျနှင့် နယူးဇီလန်တို့ အကြား ကုန်သွယ်မှုမှာ တိုးတက်လျက်ရှိသည်။ ၂၀၂၁ ခုနှစ်အတွင်း အာဆီယံနိုင်ငံများနှင့် ဩစတြေးလျနိုင်ငံတို့အကြား စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၆ ဘီလီယံ ရှိခဲ့ပြီး နှစ်အလိုက် တိုးတက်မှုမှာ ၄၉ ရာခိုင်နှုန်းအထိရှိခဲ့သဖြင့် ကိုဗစ်-၁၉ မတိုင်မီကာလထက် ပိုများခဲ့သည်။
အာဆီယံနိုင်ငံများနှင့် နယူးဇီလန်နိုင်ငံတို့ အကြား ကုန်သွယ်မှုမှာ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံရှိခဲ့ပြီး နှစ်အလိုက်တိုးတက်မှု ၂၂ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ကာ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံများမှ အာဆီယံနိုင်ငံများသို့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု(FDI)စီးဝင်မှုမှာ အမေရိကန် ဒေါ်လာ ၅၈၉ မီလီယံ ရှိခဲ့သည်။
ကပ်ရောဂါပြီးနောက်ပိုင်း စီးပွားရေး
ပြန်လည်ထူတောင်နိုင်ရေး ရည်ရွယ်
အာဆီယံ - ဩစတြေးလျ - နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူ စာချုပ်ကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် တွင် ထိုင်းနိုင်ငံ၌ လက်မှတ်ရေးထိုးခဲ့ကြပြီး ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများ၊ စာချုပ်၏ ရည်ရွယ်ချက်များနှင့်ကိုက်ညီစေရန် စာချုပ် အဆင့်မြှင့်တင်နိုင်ရေး ဆွေးနွေးလျက်ရှိရာ စာချုပ်အဆင့်မြှင့်တင်မှု ဆွေးနွေးချက်များသည် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းစိန်ခေါ်မှုများကို တုံ့ပြန်နိုင်ရေးနှင့် ကပ်ရောဂါပြီးနောက်ပိုင်း စီးပွားရေး ပြန်လည်ထူတောင်နိုင်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်လျက် စီးပွားရေးလုပ်ငန်းများအတွက်လည်း လိုက် လျောညီထွေရှိပြီး စာချုပ်၏ အဆင့်အတန်း မြင့်မားမှုကို ထိန်းသိမ်းရန် ရည်ရွယ်ခြင်း ဖြစ်သည်။
AANZFTA စာချုပ်၏ အဆင့်မြှင့်တင်သည့် နယ်ပယ်များဖြစ်သော ပွင့်လင်းမြင်သာမှုရှိသော အစီအမံများ၊ ပို့ကုန်သွင်းကုန်များအတွက် အချိန်နှင့် စရိတ်လျှော့ချခြင်း၊ ကုန်သွယ်မှု အတွက် နည်းပညာများအသုံးပြုခြင်း၊ ပညာရေး ဝန်ဆောင်မှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်ခြင်း၊ အစိုးရဝယ်ယူရေး လုပ်ငန်းစဉ် များအပါအဝင် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် ပါဝင်မှု မြှင့်တင်ခြင်းနှင့် အကျပ်အတည်း ကာလအတွင်း အဓိကကုန်စည်များ ပို၍ လွယ်ကူမြန်ဆန်စွာ စီးဆင်းစေခြင်း စသည့် နယ်ပယ်တို့မှတစ်ဆင့် စီးပွားရေးလုပ်ငန်းများ အတွက် အကျိုးရှိစေမည်ဖြစ်သည်။
အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Datto Lim Jock Hoi ကလည်း AANZFTA ၏ အဓိက အရေးကြီးသောအချက်တစ်ခုဖြစ် သည့် AANZFTA စာချုပ် အဆင့်မြှင့်တင်ခြင်း အတွက် ဆွေးနွေးမှု အဆုံးသတ်နိုင်ခြင်းကို ကြိုဆိုကြောင်း၊ AANZFTA သည် အာဆီယံ-ဩစတြေးလျ မဟာဗျူဟာကျသော ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုနှင့် အာဆီယံ-နယူးဇီလန် မဟာဗျူဟာကျသော ဘက်စုံပူးပေါင်းဆောင် ရွက်မှုတို့အတွက်သာမက ဒေသတွင်း စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက် ရန်ဖြစ်ပါကြောင်း အလေးထားပြောကြားခဲ့ပြီး ဤဆွေးနွေးမှုသည် ဒေသတွင်း စီးပွားရေးတွင် အာဆီယံဦးဆောင်မှုဖြင့် ခိုင်မာသောပူးပေါင်း ဆောင်ရွက်မှုကြာရှည်ပြီး တိုးတက်မှုရှိသော ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်ကြောင်း ထပ်လောင်းပြောကြားထားသည်။