ယဉ်ကျေးမှု ထုံးဓလေ့ဟောင်း တို့နိုင်ငံသားတို့မမေ့ကောင်း

 
နန္ဒဝန်ရေးသည်
 
တို့ချစ်သည့် အမိမြန်မာနိုင်ငံတော်သည် အရှေ့တောင်အာရှဒေသ၌ နိုင်ငံကြီးနှစ်နိုင်ငံကြားမှ နိုင်ငံငယ်လေးမျှသာ ဖြစ်သော်လည်း နှစ်ပရိစ္ဆေဒနှင့်ချီ၍ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းနှင့် နေထိုင်လာခဲ့သော နိုင်ငံတော်ဖြစ်၏။
 
တို့နိုင်ငံသမိုင်းကို ပြန်ပြောင်းကြည့်သော် ပြဒါးလင်းဂူ စသော သမိုင်း မတင်မီ ကျောက်ခေတ်ကပင် စတင်ခဲ့စေကာမူ သမိုင်းကြောင်းအရ ပျူခေတ်ကို သမိုင်းဦးအဖြစ် ညွှန်းဆိုနိုင်၏။
 
ပျူခေတ်၊ ပုဂံခေတ်၊ ရှမ်းခေတ်၊ မွန်ခေတ် စသည်ဖြင့် မင်းဆက်များ ပြောင်းလဲခဲ့ပြီး ယဉ်ကျေးမှုပုံရိပ်များ သမိုင်းစဉ်တွင် ပီပြင်စွာ ထင်ကျန်ရစ်၏။
 
တို့နိုင်ငံသမိုင်းကိုကြည့်လျှင် နိုင်ငံတော်ကြီးကို တစည်းတလုံးတည်းဖြစ်အောင် ကြိုးပမ်းစွမ်းဆောင်ခဲ့ကြသော ဘုန်းတော်ခံ့ထည်၍   အမြော်အမြင်ကြီးမားသည့် မင်းဧကရာဇ်များအဖြစ် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား စသည့်ပုဂ္ဂိုလ်ကြီးများကို တွေ့ရ၏။
 
သမိုင်းကြောင်း တစ်ချိုးတစ်ကွေ့တွင်မူ တို့နိုင်ငံတော်မှာ အင်္ဂလိပ်လက်အောက်သို့  ကျရောက်ခဲ့ရပြီး သူ့ကျွန်အဖြစ် နွံနစ်ခဲ့ရပြန်သည်။ ဤတွင် တို့နိုင်ငံသားတို့က ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် သတ္တိပြောင်မြောက်မှုတို့ဖြင့် ကျွန်အဖြစ်မှ လွတ်မြောက်ရေးအတွက် လက်ရုံးရည်၊ နှလုံးရည်တို့ကိုသုံးစွဲ၍ ကြိုးပမ်းခဲ့ကြရသည်။
 
တို့နိုင်ငံသားတို့၏ သွေးနှင့်ချွေးကို  အရင်းတည်ကာ နယ်ချဲ့ကို တော်လှန်မှုကြောင့် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သည်။
 
သက္ကရာဇ် ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး အထက်မြန်မာနိုင်ငံနှင့်တကွ  မြန်မာနိုင်ငံတော်တစ်ဝန်းလုံး သိမ်းသွင်းကျွန်ပြုခြင်းခံခဲ့ရချိန်တွင် တို့နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပြယုဂ်ဖြစ်သော သီဟာသနပလ္လင်ပါ သိမ်းယူခြင်းခံခဲ့ရ၏။
 
၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘဝသို့ စုံးစုံးမြုပ်သက်ဆင်းခဲ့ရပြီးနောက် ၁၉၄၈ ခုနှစ်တွင် သူ့ကျွန်ဘဝမှ ပြန်လည်လွတ်မြောက်သည့် ကာလသို့ရောက် ချိန်ယင်းနှစ် မတ် ၁၂ ရက်တွင်မှ သီဟာသနပလ္လင်ကို တို့နိုင်ငံသားတို့ ပြန်လည်ရရှိခဲ့သည်။ 
 
သီဟာသနပလ္လင်ကို  ပြန်လည်ရရှိခဲ့ပြီးနောက် အများပြည်သူတို့လေ့လာနိုင်ရန် ၁၉၅၉ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် သမ္မတအိမ်တော်မှ အမျိုးသားပြတိုက်သို့ ပို့ဆောင်ခဲ့၏။
 
ပလ္လင်ဟူသည်
 
''ပလ္လင်''ဟူသော မြန်မာဝေါဟာရသည် ''ပလ္လင်္က''ဟူသော ပါဠိစကားမှ ဆင်းသက်လာပြီး မြင့်မြတ်သော ပုဂ္ဂိုလ်တို့ထိုင်ရန် ပြုလုပ်ထားသည့် ခုံမြင့်ဟူ၍ မြန်မာ အဘိဓာန်ကျမ်း၌ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဇေယ သင်္ခယာပြုစုသော ရွှေဘုံနိဒါန်းအလိုအရ ပလ္လင်အရွယ် သုံးမျိုးရှိသည်။ ယင်းတို့မှာ (၁)မဟာပလ္လင် (၁၆ တောင် မြင့်သည်)၊ (၂) မဇ္စျိမပလ္လင် (ရှစ်တောင်မြင့်သည်)၊ (၃) စူဠပလ္လင် (လေးတောင်မြင့်သည်) တို့ဖြစ်သည်။ မြန်မာ မင်းတို့ သုံးတော်မူခဲ့သော ပလ္လင် ရှစ်ခန်းနှင့်ပတ်သက်၍ ဦးတင်၏ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းနှင့် ဘိုးတော် ဘုရား၏ ရာဇသတ်ခေါ်သော အမိန့်တော်တမ်းကြီး၌ ဤသို့ဖော်ပြထားသည်။
 
(၁) သီဟာသနပလ္လင် - ခြင်္သေ့ရုပ်ခံပလ္လင် (ယမ နေသားဖြင့်ပြုလုပ်သည်။  နန်းဦးပြာသာဒ် ဆောင်တွင် မင်းတို့အပူဇော်ခံရန်အတွက် ထားသည်။)
(၂) ဟံသာသနပလ္လင်  -   ဟင်္သာရုပ်ခံပလ္လင် (သင်္ကန်းသားဖြင့် ပြုလုပ်သည်။ ဇေတဝန် ဆောင်တွင်ထား၍ ရတနာသုံးပါး ပူဇော်ရန် အသုံးပြုသည်။)
(၃) သင်္ခါသနပလ္လင် - ခရုသင်းရုပ်ခံပလ္လင် (သရက်သားဖြင့် ပြုလုပ်သည်။ ဗောင်းတော်ဆောင်တွင်ထား၍ တရားစကားနာခံရန် အသုံးပြုသည်။)
(၄) ဘမရာသနပလ္လင် - ပိတုန်းရုပ်ခံပလ္လင် (ကရဝေးသားဖြင့် ပြုလုပ်သည်။ မှန်နန်းဆောင်တွင်ထား၍ စက်တော်ခေါ်ရန် အသုံးပြုသည်။)
(၅) ဂဇာသနပလ္လင် - ဆင်ရုပ်ခံပလ္လင် (စံကား သားဖြင့် ပြုလုပ်သည်။ ဗြဲတိုက်ဆောင်တွင် ထား၍ မင်းတို့က ချီးမြှင့်ရန်၊ နှိမ့်ချရန်အတွက် အသုံးပြုသည်။)
(၆) မယုရာသနပလ္လင် - ဥဒေါင်းရုပ်ခံပလ္လင် (ပေါက်သားဖြင့် ပြုလုပ်သည်။ မြောက်စမုခ် ဆောင်တွင်ထား၍ ဆင်၊ မြင်း သိမ်းရန် အသုံးပြုသည်။)
(၇) မိဂါသနပလ္လင် - သမင်ရုပ်ခံပလ္လင် (ရေသဖန်း သားဖြင့် ပြုလုပ်သည်။ တောင်စမုခ်ဆောင်တွင် ထား၍ မင်းတို့ တိုင်ပင်ဆွေးနွေးရန် အသုံးပြုသည်။)
(၈) ပဒုမာသနပလ္လင် - ကြာပွင့်ခံပလ္လင် (ပိန္နဲသား ဖြင့် ပြုလုပ်သည်။ အနောက်ပွဲတက်ဆောင် တွင်ထား၍ မင်းမိန်းမတို့ ပူဇော်ခံရန် အသုံးပြုသည်။)
 
သို့သော် သီဟာသနပလ္လင်ကို မြေနန်းပြာသာဒ်ဆောင် (နန်းဦးပြာသာဒ်ဆောင်)၌သာ ထားသည်မဟုတ်ဘဲ ဘုရင်မင်းမြတ်ကိုယ်တော်တိုင် လွှတ်တက်သည့်အခါ၌လည်း စံမြန်းရန်အတွက် လွှတ်တော်တွင်လည်း ထားရသောကြောင့် ''ပလ္လင်ရှစ်ခန်း ရွှေနန်းကိုးဆောင်''ဟူ၍ ဝေါဟာရ ပေါ်ထွက်လာသည်။ ပလ္လင်ရှစ်ခန်းကို မြဝတီမင်းကြီးဦးစ က သီချင်းဖြင့် ဖွဲ့ဆိုသီကုံးထားခဲ့သည်။
 
သီဟာသနရွှေပလ္လင်
 
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်လမ်းပေါ်ရှိ အမှတ်-၆၆/၇၄ ၌ တည်ဆောက်ထားသော အမျိုးသား ပြတိုက်တွင် ပြသထားသည့် ရွှေပလ္လင်သည် ရွှေခြင်္သေ့ရုပ်ခံ သော ''သီဟာသနရွှေပလ္လင်''ဖြစ်သည်။ မြန်မာ့ရွှေနန်းနှင့် တကွ နိုင်ငံအဝန်းကို နယ်ချဲ့တို့ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင်  လက်နက်အားကိုးဖြင့်  တိုက်ခိုက်သိမ်း ပိုက်ပြီးနောက် ၁၈၉၂ ခုနှစ်တွင် သီဟာသနရွှေပလ္လင်ကို အိန္ဒိယသို့သယ်ယူကာ  ကိုးလ်ကတ္တားရှိ အိန္ဒိယပြတိုက်တွင် ခင်းကျင်းပြသခဲ့သည်။
 
မြန်မာတို့ လွတ်လပ်ရေးရပြီးနောက် ရှစ်လအကြာ ၁၉၄၈ ခုနှစ် စက်တင်ဘာလတွင် မြန်မာအကျိုးကို လိုလားသော အဂ္ဂမဟာ သီရိသုဓမ္မလော့ဒ်မောင့်ဘက်တန် က မြန်မာပြည်သူများအတွက် သီဟာသနပလ္လင်ကို မြန်မာနိုင်ငံသို့ ပြန်ပို့ပေးခဲ့သည်။ သီဟာသနပလ္လင်သည် မြန်မာ့လွတ်လပ်ရေးအထိမ်းအမှတ်လည်း ဖြစ်သည်။မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသောအခါ သီဟာ သနရွှေပလ္လင်ကို ဦးစွာ အလုံလမ်းရှိ သမ္မတအိမ်တော်တွင် ထားရှိခဲ့သည်။
 
၁၉၅၅ ခုနှစ် စက်တင်ဘာလတွင် ဂျူဗလီဟော၌ ဖွင့်လှစ်ထားသော အမျိုးသားပြတိုက်သို့ ပြောင်းရွှေ့ကာ ပြည်သူလူထုအား ဆင်ယင်ပြသခဲ့သည်။ အမျိုးသားပြတိုက်ကို ဂျူဗလီဟောမှ ပန်းဆိုးတန်းရှိ ယခင် ဂရင်းလေးဘဏ်ဟောင်း အဆောက်အအုံ (နောင်စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးဘဏ်)သို့ ပြောင်းရွှေ့သောအခါ သီဟာသန ပလ္လင်ကို ၁၉၆၈ ခုနှစ်တွင် ပန်းဆိုးတန်းရှိ  အမျိုးသား ပြတိုက်သို့သယ်ယူ၍ ဆင်ယင်ခဲ့ပြီး ၁၉၇ဝ ပြည့်နှစ် ဖေဖော်ဝါရီလမှစ၍ ဖွင့်လှစ်ပြသခဲ့ရာ ၁၉၉၄ ခုနှစ်ကုန်ပိုင်း အထိ ဖြစ်သည်။ ထို့နောက် အမျိုးသားပြတိုက်ကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်လမ်းမပေါ်ရှိ အမှတ်- ၆၆/၇၄ နေရာ၌ နဝတ လက်ထက် ၁၉၉ဝ ပြည့်နှစ်တွင် စတင် အုတ်မြစ်ချတည်ဆောက်ခဲ့ရာ ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၁ဝ ရက်နေ့တွင် အခမ်းအနားဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။ ယင်းအသစ် တည်ဆောက်ထားသော အမျိုးသားပြတိုက် အဆောက်အအုံကြီး၌ ပြခန်းပေါင်း ၁၃ ခန်းကို ပြသထားရာ သီဟာသနရွှေပလ္လင်ကြီးကို ပြခန်းအမှတ်(၁)မြေညီထပ်၌ ခမ်းနားထည်ဝါစွာ ခင်းကျင်း ပြသထားသည်မှာ ယနေ့တိုင်အောင် ဖြစ်သည်။
 
အမျိုးသားပြတိုက် မြေညီထပ်ရှိ သီဟာသနပလ္လင် ပြခန်းရှိ ရွှေပလ္လင်သည် မြန်မာတို့၏ နောက်ဆုံးမင်းဆက် ဖြစ်သည့် ကုန်းဘောင်မင်းဆက်နှောင်းပိုင်း၌ ဘုရင်မင်း မြတ်တို့ စံမြန်းခဲ့သည့် ရွှေပလ္လင်ဖြစ်သည်။ ရတနာပုံ (မန္တလေး)နန်းမြို့တွင်း၌ ထားရှိခဲ့သော ပလ္လင်လည်းဖြစ်သည်။ ဤသီဟာသနရွှေပလ္လင်နှင့်အတူ ပလ္လင်နှစ်ခုကို မြန်မာတို့၏ နောက်ဆုံးဧကရာဇ် သီပေါမင်းတရား ပိုင်ဆိုင်ခဲ့သည်။
 
စလွယ်ဟူသည်
 
'ပလ္လင်'သည် မြန်မာတို့၏ အချုပ်အခြာအာဏာ ပိုင်စိုးမှုကို       လေးလေးနက်နက်ဖော်ကျူးနေသကဲ့သို့ 'စလွယ်'သည် ထီးသုံးနန်းသုံး ရာထူးဌာနန္တရ အမှတ်သင်္ကေတဖြစ်သည်။
 
လူတို့၏ အဓိပတိဖြစ်သော ရေမြေ့သခင် ဘဝရှင်မင်းတရား ဧကရာဇ်မှစ၍ မင်းညီမင်းသား မှူးတော်မတ်တော် တို့ ဆင်ယင်ဆောင်ရွက်သည့် မင်းခမ်းမင်းနားများတွင် စလွယ်ကို ဆင်မြန်းကြသည်။ ဂုဏ်ထူးဆောင်သော အထိမ်းအမှတ်ဖြင့် လက်ဝဲပခုံးစွန်းမှ လက်ယာနံပါးသို့ သွယ်ချဆင်မြန်းရသော ကြိုးကိုစလွယ်ဟုခေါ်သည်။စလွယ်တွင် ဆင်မြန်းထားသော ကြိုးကိုချည်မျှင်ဖြင့် ဖြစ်စေ၊ ငွေဖြင့်ဖြစ်စေ၊ ရွှေဖြင့်ဖြစ်စေ ပြုလုပ်ကြသည်။မြန်မာမင်းတို့လက်ထက်တွင်   စလွယ်ကို    ဗောင်း၊ နားတောင်း စသည်တို့ကဲ့သို့ မင်းညီမင်းသား၊ မှူးမတ်၊ ပုဏ္ဏားတို့သည် ရာထူးဌာနန္တရအလိုက် ဆင်မြန်းကြသည်။မြန်မာမင်းတို့ကား   စလွယ်ကို   လက်ဝဲပခုံးမှသာမက လက်ယာပခုံးမှလည်း သွယ်ချ၍ ဆင်မြန်းကြသည်။
 
စလွယ်နှင့်ပတ်သက်၍ ပဒုမုတ္တရဘုရားရှင်လက်ထက် ဝက္ကလိမထေရ်အလောင်း လုလင်သည် စလွယ်တင်လျက် အလှူပေးကြောင်းကို အပဒါန်တွင် ဟောကြားတော်မူ သည်ကို  ကြည့်ခြင်းအားဖြင့်  ရှေးနှစ်ပေါင်းများစွာ ကတည်းကပင် ဆင်ယင်သုံးစွဲပြီဟု သိနိုင်ပေသည်။
 
တစ်ဖန် သီရိဓမ္မာသောကမင်းတရားကြီး(၂၈၉-၃၂၆ဘီစီ)သည် သီဟိုဠ်ကျွန်း၌ ဒေဝါနံ ပိယတိဿမင်းသို့ သားမြီးယပ်၊ သင်းကျစ်၊ ထီး၊ သန်လျက်၊ ခြေနင်း၊ ဦးပေါင်း၊ မြတ်သောရတနာဖြင့် ပြီးသော စလွယ်၊ ကရား၊ ရွှေဖြင့် ပြီးသော ကျီးခြေသဏ္ဌာန်စသည့် မင်းခမ်းမင်းနားများကို ပေးသနားတော်မူရာတွင်   ယင်း၌  စလွယ်ဟူသော စကားရပ်ပါသည်ကို ကြည့်ခြင်းအားဖြင့် (၂၈၉-၃၂၆ဘီစီ)ကတည်းကပင် စတင်ဆင်မြန်းနေပြီဖြစ်ကြောင်း သိရှိနိုင်ပေသည်။
 
မြန်မာနိုင်ငံတွင် ပြည်မြို့ မှော်ဇာမြို့ဟောင်းမှ အလေးချိန် ၂၅ ကျပ်သားရှိ ရွှေစလွယ်အား တူးဖော်တွေ့ရှိရခြင်းကို ကြည့်ခြင်းအားဖြင့် ပျူခေတ်(၂ရာစု-၉ရာစု)၌ ပျူမင်းတို့ စလွယ်ဆင်မြန်းသည့်  အလေ့ရှိခဲ့ပြီ ဖြစ်ကြောင်း ခိုင်မာစွာပြောနိုင်ပေသည်။ စလွယ်ကို ပျူခေတ်မင်းများမှ အစပြု၍ ယနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အထိတိုင် စလွယ်ကို ဆင်မြန်းလာကြသည်။ မြန်မာအကြီးအကဲတို့ စလွယ်ကို ဆင်မြန်းခြင်းသည် အတင့်အတယ်ပြုခြင်းမျှသာ မဟုတ်ပေ။ လေးနက်သော သဘောပါရှိလေသည်။
 
အမျိုးအကျင့်ကို ဆောက်တည်လို၍ စလွယ်တင်သည်ကို အဘိဓာန်ဋီကာလာသည့် နည်းနှင့်အညီ အကျင့်ကို အဓိဋ္ဌာန်ဆောက်တည်လိုသောကြောင့် မင်းဧကရာဇ်မှစ၍   မင်းညီမင်းသား   မှူးတော်မတ်တော်တို့သည် စလွယ်ကို ဆင်ယင်ထုံးစံ ရှိခဲ့ကြသည်။
 
သက္ကဋကျမ်းများ အလိုအရ စလွယ်ကို ဆင်မြန်းကြရသည့် မင်းဧကရာဇ်မှစ၍ စလွယ်တင် မှူးမတ် ပုဏ္ဏား တို့သည် -
 
(က) ကိုယ်နှုတ်ငြိမ်သက်ခြင်း၊
(ခ) ကိုယ်နှုတ်ဆုံးမခြင်း၊
(ဂ) ကိလေသာကို ခေါင်းပါးအောင် ခြိုးခြံခြင်း၊
(ဃ) စင်ကြယ်ခြင်း၊
(င) ရောင့်ရဲခြင်း၊
(စ) သည်းခံခြင်း၊
(ဆ) သဘောဖြောင့်မတ်ခြင်း၊
(ဇ) ရတနာသုံးပါး၌ဆည်းကပ်ခြင်း၊
(ဈ) သူတစ်ပါးကို သနားလေ့ရှိခြင်း၊
(ည) အမှန်အကန်ကို ပြောဆိုလေ့ရှိခြင်းစသည့် ကျင့်ဝတ်(၁ဝ)ပါးကို လိုက်နာကြရသည်။
 
ညောင်ရမ်းခေတ်(ခရစ်နှစ် ၁၆ဝဝ-၁၇၅၂)တွင် ထီးသုံးနန်းသုံးစလွယ်ကို သာမန်ပုဂ္ဂိုလ်တို့၏ ရှင်ပြုပွဲများ တွင် ရှင်လောင်းများအား ဝတ်ဆင်စေခြင်း အလေ့ရှိနေပြီဟု ''အင်ရုံစာတမ်း'' (လောကဗျူဟာကျမ်း)တွင် တွေ့ရလေသည်။ ယင်းသို့ ညောင်ရမ်းခေတ် ဟံသာဝတီရောက် မင်းတရားလက်ထက်(ခရစ်နှစ် ၁၇၃၃-၁၇၅၂)ရှင်လောင်းများကို စလွယ်သင်းကျစ်ဆင်၍ သာကီဝင်မင်းမျိုးသို့ သွတ်သွင်းတော်မူခြင်းမှအစပြုကာ ယနေ့တိုင် ကျင့်သုံးလျက် ရှိနေသည်ကို တွေ့ရပေသည်။
 
ပဒေသရာဇ်ခေတ်တွင် စလွယ်ဆင်မြန်းခဲ့ကြသော်လည်း ကိုလိုနီခေတ်တွင် စလွယ်ဆင်မြန်းခြင်းမျိုး ပြုလုပ်ကြသည်ကို မတွေ့ရပေ။ သို့သော် ဂျပန်ခေတ် (၁၉၄၂-၁၉၄၅) တွင် အဓိပတိ ဒေါက်တာဘမော်အား ဘိသိက်သွန်းအခမ်းအနားပြုလုပ်ရာတွင် စလွယ်ဆင်မြန်းသည်ကို တွေ့ရသည်။ လွတ်လပ်ရေးရပြီးနောက် သမ္မတစဝ်ရွှေသိုက်၊ သမ္မတမန်းဝင်းမောင်မှ အစပြု၍ ဘိသိက်သွန်းအခမ်း အနားများဖြင့် စလွယ်ဆင်မြန်းလာကြသည်မှာ ယနေ့တိုင် အထိပင်ဖြစ်သည်။
 
ကျက်သရေပြည့်ဝလှ
 
ပလ္လင်နှင့်ပတ်သက်၍  မဃဒေဝလင်္ကာ ဘုန်းတော် ဘွဲ့ခဏ်း၌  ဖွင့်ဆိုထားသည်။
 
ပလ္လင်သည် မြတ်စွာဘုရားသခင်၊ ဓမ္မကထိက၊ ဗြဟ္မာမင်း၊ နတ်မင်း၊ လူမင်းတို့ထိုင်သည့် နေရာဖြစ်ပေရာ ဘုန်းကျက်သရေအပေါင်းနှင့် ပြည့်ဝလှသည်။ 
 
ရာဇပလ္လင်(ခေါ်)လူမင်းတို့ ထိုင်ရာနေရာဟူသည် မြင့်မြတ်သည့်နေရာ တစ်နေရာအဖြစ်  ပြည်သူတို့က ရှုမြင်ကြသည်။
 
နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းသည့် အခမ်းအနားကို နိုင်ငံတော်သမ္မတအိမ်တော်တွင် ကျင်းပနိုင်ရေးအတွက် လျာထားချက်ကို နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီက အဆိုပြုခဲ့သည်ဟု တို့နိုင်ငံသားများ ကြားသိခဲ့ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ရှိခဲ့ကြရသည်။
 
သမ္မတတာဝန်လွှဲပြောင်းရာတွင် အစိုးရအဖွဲ့က  သမ္မတအိမ်တော်တွင်   'ပလ္လင်' နှင့် 'စလွယ်' အဆောင်အယောင်များနှင့်တကွ အခမ်းအနားပြုလုပ်ရန် ကောင်းမွန်စွာ တလေးတစား စီမံထားရှိခြင်းမှာ လက်ရှိအစိုးရအဖွဲ့၏ စိတ် စေတနာအမှန်အဖြစ် တို့နိုင်ငံသားတို့က ရှုမြင်ကြသည်။
 
ပလ္လင်နှင့် စလွယ်တို့သည်  ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်း၏ အတိတ် နိမိတ်၊ နိုင်ငံတောႀ္ကီး အေးချမ်းသာယာကာ  ကမ္ဘာ့အလယ်  တင့်တယ်ဝင့် ထည်မည့် အတိတ်နိမိတ်အဖြစ် ရိုးရာယဉ်ကျေးမှုအရ အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဘဝေါတို့ကို လက်ခံကြသော တို့နိုင်ငံသားတို့က အလေးအနက်မှတ်ယူကြ၏။
 
တို့နိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဓိကကျသည့် အဆင့်တစ်ခုဖြစ်သော ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးကို တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ခဲ့ခြင်းအတွက် တို့နိုင်ငံသားများအားလုံး ဝှဲချီးထိုက်စွာ မုဒိတာပွားခဲ့ကြရပြီး ဖြစ်သည်။
 
''ဇမ္ဗူဒိပ်နိမိတ်ထွန်း''စကားနှင့်အညီ ပလ္လင်နှင့် စလွယ်တို့သည် ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံလှသည့် အမှတ်သင်္ကေတများ ဖြစ်ကြသည်။ ဧကန်မူကား ပလ္လင်နှင့်စလွယ်တို့သည် ရွှေနန်းတော်ကို ရည်ညွှန်းခြင်း မဟုတ်မူ၍ လွတ်လပ်ခြင်း၊ အချုပ်အခြာအာဏာ  ပိုင်စိုးခြင်း၊  မြင့်မြတ်ခြင်း၊  ခံ့ညားခြင်း၊ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံခြင်းတို့၏ သင်္ကေတများဖြစ်ကြသည်။
 
တို့နိုင်ငံတော် လွတ်လပ်ရေးရပြီးနောက် ပထမဦးဆုံးသော နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်လက်ထက်မှစ၍ အစဉ်အဆက် နိုင်ငံတော်သမ္မတများက သီဟာသနပလ္လင်ကို နောက်ခံထားပြီး တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြသည်။
 
အချုပ်အခြာအာဏာပိုင်စိုးမှု၊  ကိုယ့်ထီးကိုယ်နန်း ကိုယ့်ကြငှန်းကို ကိုယ်စားပြုမှု စသည့်အမှတ်သင်္ကေတများနှင့် ပြည့်စုံပြီး အနက်အဓိပ္ပာယ် နက်ရှိုင်းလှသည့် ပလ္လင်နှင့် စလွယ်တို့ကို တို့နိုင်ငံသားများ တစ်ရပ်လုံးက ရှေးပဝေသဏီကာလမှစ၍ ကျင့်သုံးလာခဲ့သော ဓလေ့ထုံးစံများအဖြစ် အမွန်အမြတ်ထား ထိန်းသိမ်းစောင့်ရှောက်ကြရပါမည်။
 
ပလ္လင်နှင့်စလွယ်တို့သည် တို့နိုင်ငံတော်၏ အမြင့်မြတ်ဆုံး အမှတ်သင်္ကေတ များဖြစ်ပေရာ မည်သူပင် သမ္မတဖြစ်လာစေကာမူ အမြဲထာဝရ ကျင့်သုံးအပ်သော သမိုင်းအစဉ်အလာအဖြစ် ရှိနေသင့်ပေသည်။
 
ထို့အတူပင် လွှတ်တော်အဆောင်အယောင်များ ဆောင်ရွက်ရာတွင်လည်း အတိတ်သမိုင်း ထုံးဓလေ့များကို မမေ့မပျောက်ကြဘဲ ဆက်လက်၍ ဂရုဓမ္မ တရားဖြင့် တန်ဖိုးထားရပေလိမ့်မည်။
 
တို့နိုင်ငံတော် လွတ်လပ်ရေးရပြီးချိန်မှစ၍ ရှေးလူကြီးသူမတို့က ဘိုးစဉ်ဘောင်ဆက် အမွန်အမြတ် သတ်မှတ်ထားသော ယဉ်ကျေးမှုထုံးဓလေ့များကို ခေတ်လူတို့မှသည် မျိုးဆက်သစ်တို့အထိတိုင်အောင် သင့်တင့်လျော်ကန်စွာ တန်ဖိုးထားကြဖို့ ဂါရဝတရားဖြင့် လေးစားစွာတင်ပြအပ်ပါသည်။     ။
 
ကျမ်းကိုး
 
၁။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၃၊ (၁၉၅၆) 
၂။ အမရပူရ ပဋ္ဌမ   မြို့တည် နန်းတည် ဘိုးတော်ဗဒုံမင်းတရား မေးလျှောက်၍ ပဋ္ဌမမောင်းထောင်သာသနာပိုင် ဆရာတော်ဘုရားကြီး ဖြေဆိုတော်မူအပ်သော အမေးတော်ဖြေ၊ ရန်ကုန်၊ ပဒေသာ ပိဋကတ်ပုံနှိပ်တိုက်၊ ၁၉၆၁။
၃။ ဇေယသင်္ခယာ၊ ရွှေဘုံနိဒါန်း၊ ရန်ကုန်ဟံသာဝတီပုံနှိပ်တိုက်၊ ဒုကြိမ် ၁၉၆ဝ။
၄။ ဦးမင်းနိုင်၊ သီဟာသနပလ္လင်နှင့် သိမှတ်ဖွယ်ရာများ၊ ဒေါင်းမြန်မာ ဂျာနယ်၊ (၁၂-၈၈)၊ စာ ၁၅၊ ၁၇။
၅။ ခင်မောင်ဖြူ(ယဉ်ကျေးမှု)၊ သီဟာသနရွှေပလ္လင်၊ ငွေတာရီမဂ္ဂဇင်း (၁၉၈၂၊ နိုဝင်ဘာ)၊ စာ ၅၅၊ ၅၉။
၆။ Yi Yi' The  Thrones  of  the  Burmese Kings', JBRS, XLIII, II Dec 1960, PP.97-123.
၇။ မြန်မာ့ပလ္လင်၊ သန်းဝင်းလှိုင်၊ ၂ဝ-၇-၂ဝ၁၃ (blog.moemaka.com )
၈။ ဆရာတိုက်စိုး၊  ဝသုန္ဓရီနှင့်  ရိုးရာအထိမ်းအမှတ်များစာအုပ်မှ ကောက်နုတ်ချက်။