တစ်နှစ်လျှင် ခရီးသည် သန်း ၂ဝ ဝန်ဆောင်မှုပေးနိုင်မည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်မှုစီမံကိန်း အဆင့်သုံးဆင့်အနက် ပထမအဆင့် ပြည်ပခရီးသည် လေဆိပ်အဆောက်အအုံသစ် ဖွင့်လှစ်

 
လက်ရှိတွင် မြန်မာနိုင်ငံ၏ အဓိက အချက်အချာ ဝင်/ထွက် ပေါက်တစ်ခုဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်မှုစီမံကိန်းအား တစ်နှစ်လျှင် ခရီးသည် သန်း ၂ဝ မျှ ဝန်ဆောင်မှုပေးနိုင်ရန်ဆောင်ရွက် လျက်ရှိရာ စီမံကိန်းအဆင့် သုံးဆင့်အနက် ပထမအဆင့်၏ စီမံကိန်းတစ်ခုဖြစ်သော ပြည်ပခရီးသည် အဆောက်အအုံသစ်ကို မတ် ၁၂ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
 
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးအား တစ်နှစ် လျှင် ခရီးသည် သန်း ၂ဝ မျှ ဝန်ဆောင်မှုပေးနိုင်ရန် အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်လျက်ရှိရာတွင် ပထမ အဆင့် စီမံကိန်းပြီးစီးပါက ခရီးသည် ၁၂ သန်းခန့် ဝန်ဆောင်မှုပေးနိုင်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ပထမအဆင့်စီမံကိန်း၏ ပြည်ပအဆောက် အအုံသစ် တိုးချဲ့တည်ဆောက်မှုပြီးစီးသွားပြီဖြစ်ပြီး ဖွင့်လှစ် လိုက်ခြင်းဖြစ်သည်။
 
ဖွင့်လှစ်လိုက်သော လေဆိပ်ပြည်ပခရီးသည် အဆောက် အအုံသစ်သည် အလျား မီတာ ၂၄ဝ၊ အကျယ် ၉၇ ဒသမ ၇ မီတာရှိRC & Steel Building ဖြစ်ပြီး Basement အပါအဝင် ငါးထပ်အဆောက်အအုံဖြစ်ကာ ကားရပ်နားရာ နေရာမှ ဝင်ရောက်/ ထွက်ခွာနေရာနှင့် အလျား ၁ဝ၁ မီတာ၊ အမြင့် ၂၄ ဒသမ ၄၈ မီတာရှိ ွုSky Link နှင့် ဆက်သွယ်ထားကြောင်း သိရသည်။ လေဆိပ်အဆောက် အအုံသစ်၏ Basement တွင်Arrival and Departure Baggage Handling ဧရိယာ၊ Check-in Hall & Counter ဧရိယာ၊ Arrival immigration ၊ Custom နှင့်Duty Free Shop ဧရိယာများ ပါဝင်ပြီး ပထမထပ် တွင် Passport Control Area၊ Security Check ၊Departure Gate Lounge နှင့် Duty Free Shop ဧရိယာများ၊ ဒုတိယထပ်တွင် Retail Area၊ တတိယထပ် တွင် Recreational Area များ ပါဝင်တည်ဆောက်ထား ကြောင်း သိရသည်။
 
ဖွင့်လှစ်လိုက်သော လေဆိပ်အဆောက်အအုံသစ်ကို ပြည်ပခရီးသည် ဝင်/ထွက်အဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ဆက်လက်၍ ပြည်တွင်း ခရီးသည် ဝင်/ထွက် ဂိတ်အဖြစ် ပြည်တွင်းခရီးသည် တိုးချဲ့အဆောက်အအုံသစ်ကိုလည်း လက်ရှိလေဆိပ် VIP ဆောင်ရှေ့တွင် တိုးချဲ့တည်ဆောက် လျက်ရှိကြောင်း သိရသည်။ ဆက်လက်၍ လက်ရှိ ပြည်တွင်းခရီးသည် ဝင်/ထွက်အဖြစ် ဆောင်ရွက်နေ သည့် အဆောက်အအုံ(ဂုဏ်ပြုခံအဆောက်အအုံ)ကိုလည်း ဖျက်သိမ်းကာ နိုင်ငံတကာခရီးသည် အဆောက်အအုံနှင့် ပြည်တွင်းခရီးသည် အဆောက်အအုံတို့အား ချိတ်ဆက် ဆောင်ရွက်သွားမည်ဟု သိရသည်။
 
''ခရီးသည် အဝင်/အထွက်က တစ်နှစ်ထက် တစ်နှစ်ကို ပိုမိုများပြားလာပါတယ်။ အရင်က ရန်ကုန်လေဆိပ်က တစ်နှစ်ကို ခရီးသည် ၂ ဒသမ ၇ သန်း ဝင်/ထွက်လို့ရအောင် တည်ဆောက်ခဲ့ပေမယ့် ခရီးသည်တိုးတက်များပြားလာတဲ့ အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို နိုင်ငံတော် က တိုးချဲ့ဆောင်ရွက်ခဲ့တာပါ။ အဆင့်မြှင့်တင်တိုးချဲ့ ဆောင်ရွက်ရာမှာ ပထမအဆင့်စီမံကိန်း ပြီးစီးမယ်ဆိုရင် ခရီးသည် ၁၂ သန်း၊ ဒုတိယအဆင့်စီမံကိန်းပြီးရင် ခရီးသည် ၁၅ သန်း၊ တတိယအဆင့် စီမံကိန်းပြီးသွားရင် ခရီးသည် သန်း ၂ဝ စီမံ ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်မှန်းဆောင်ရွက် ခဲ့တာဖြစ်ပါတယ်''ဟု ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်း ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အထွေထွေမန်နေဂျာ ဦးညီညီမောင်က ရှင်းပြသည်။
 
ရန်ကုန်လေဆိပ်အဆင့်မြှင့်တင်မှုစီမံကိန်းကို အကောင် အထည်ဖော်ရန် မူလက တစ်နှစ်လျှင် ခရီးသည် ခြောက်သန်း ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်သော်လည်း နိုင်ငံတော်မှ တစ်နှစ်လျှင် ခရီးသည် သန်း ၂ဝ မျှ ဝန်ဆောင် မှုပေးနိုင်ရန် ဆောင်ရွက်စေခဲ့ရာ ပြန်လည်ပြင်ဆင် ဖြည့်စွက်၍ သဘောတူစာချုပ် ချုပ်ဆိုမှုကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် လေကြောင်းညွှန်ကြားမှု ဦးစီးဌာန နှင့် တင်ဒါအောင်ကုမ္ပဏီဖြစ်သောPioneer Aerodrome Services Co.,Ltd ၊ China Harbour Engineering Co.,Ltd ၊ CPG Consultancy Pte.,Ltd ၊ Malaysia Airport Consultancy Services Co.,Ltd တို့ ပါဝင် သောYangon Aerodrome Co.,Ltd တို့ သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
 
စီမံကိန်း အဆင့်သုံးဆင့်အနက် စီမံကိန်းပထမအဆင့် တစ်ခုလုံး၏ ပြီးစီးမှုရာခိုင်နှုန်းမှာ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်း အထိ ၆၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သည်။ စီမံကိန်း ကာလအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် သဘောတူညီစာချုပ် ချုပ်ဆိုပြီးနောက် ခြောက်လ အတွင်း ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်ရန်၊ နောက် ၁၈ လအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အပြီးဆောင်ရွက်ရန် စုစုပေါင်း နှစ်နှစ်အတွင်း အပြီးဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည်။ စီမံကိန်း ခန့်မှန်းကုန်ကျငွေမှာ စီမံကိန်းပထမ အဆင့်အတွက် အမေရိကန်ဒေါ်လာ ၃၇၂ ဒသမ ၆၁၈ သန်း၊ ဒုတိယအဆင့်အတွက် အမေရိကန် ဒေါ်လာ ၁၁၄ ဒသမ ၂၅ဝ သန်း၊ တတိယအဆင့်အတွက်အမေရိကန် ဒေါ်လာ ၁ဝ၆ ဒသမ ၅၇၇သန်း၊ စီမံကိန်းကာလ ချေးငွေ အတိုး ဒေါ်လာ ၇၃ ဒသမ ၂၁၆ သန်း စုစုပေါင်း ခန့်မှန်း ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၆၃၃ ဒသမ ၂၁၁ သန်းဖြစ်ကြောင်းသိရသည်။
 
လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်း ပြည်ပခရီးသည် ဝင်/ထွက်မှုမှာ ငါးသန်းကျော် ရှိလာပြီး မကြာမီ ခြောက်သန်းကျော် ရောက်ရှိလာမည်ဖြစ် သည့်အတွက် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး အကောင်အထည် မပေါ်မီတွင် တစ်နှစ်လျှင် ခရီးသည် သန်း ၂ဝ မျှ ဝန်ဆောင်မှုပေးနိုင်မည့် လေဆိပ်အဖြစ် ရန်ကုန် လေဆိပ်အား အဆင့်မြှင့်တင်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်တွင်းလေကြောင်းလိုင်း ၁၁ လိုင်း၊ ပြည်ပလေကြောင်း လိုင်း ၂၈ လိုင်းအထိ တိုးချဲ့ပြေးဆွဲလာသည့်အတွက် မဖြစ် မနေတိုးချဲ့ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။ ယင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး စသည့် ကဏ္ဍအသီးသီးတွင် ပြုပြင်ပြောင်းလဲမှုများဆောင် ရွက်နိုင် ခဲ့ခြင်းနှင့် နိုင်ငံတကာ ခရီးသွားများအား ဆွဲဆောင်နိုင် ခဲ့ခြင်းတို့ကြောင့် လေကြောင်းပို့ဆောင်ရေးကဏ္ဍ သိသိ သာသာ တိုးတက်မြင့်မားလာခြင်းဖြစ်ကြောင်း သိရသည်။
 
 သတင်း-ဆုနှင်းလဲ့
ဓာတ်ပုံ- ဌေးအောင်(ကြေးမုံ)