မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေများ အပိုင်း (၄) ဒုတိယမျိုးဆက်ဥပဒေ

ဆောင်းပါး
========
 
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေများ အပိုင်း (၄)
ဒုတိယမျိုးဆက်ဥပဒေ
================================================
 
အောင်နိုင်ဦး
========
 
အခင်းအကျင်း အပြောင်းအလဲ
စာရေးသူအနေနဲ့ ၂၀၁၂ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ဒုတိယမျိုးဆက် ရင်းနှီးမြှုပ်နှံမှုဥပဒေလို့ သတ်မှတ်လိုပါတယ်။ အကြောင်းကတော့ ယခင်အပိုင်း တွေမှာ စာရေးသူတင်ပြခဲ့သလို ၁၉၅၉ ခုနှစ် ငွေရင်းနှီးရေး အက်ဥပဒေနဲ့ ၁၉၈၈ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ တို့ဟာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေကို သတ်မှတ် တဲ့ကဏ္ဍအတွင်းက စီးပွားရေးလုပ်ငန်းတွေကိုသာ ခွင့်ပြု ပေးခဲ့တဲ့၊ တစ်နည်းအားဖြင့် ခွင့်ပြုစာရင်း(Positive List) အတွင်းက လုပ်ငန်းတွေကိုသာ ရင်းနှီးမြှုပ်နှံခွင့်ပေးခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။၂၀၁၂ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြန်လည်ရေးဆွဲတဲ့အခါမှာ ခွင့်မပြုစာရင်း (Negative List) အတွင်းက လုပ်ငန်းတွေကလွဲရင် ကျန်တဲ့လုပ်ငန်းတွေကို ခွင့်ပြုသွားနိုင်မယ့် ချဉ်းကပ်ပုံနဲ့ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဥပဒေပြန်လည်ပြင်ဆင်ချိန်မှာ အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုဟာ ခွင့်မပြု စာရင်း အခြေခံသဘောတရားနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေကို ခွင့်ပြုပေးနေပြီဖြစ်ပါတယ်။
တစ်ဖက်မှာလည်း နိုင်ငံတော်သမ္မတက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ခေါ်ဆောင်ရွက် နိုင်အောင် လိုအပ်သလို ပြင်ဆင်ဆောင်ရွက်သွားဖို့ လမ်းညွှန်ချက်လည်းရှိခဲ့ပါတယ်။ ဒါကြောင့် ဥပဒေ ပြန်လည် ရေးဆွဲတဲ့အခါ ပုဒ်မ ၄ မှာ ကန့်သတ်သည့် (သို့မဟုတ်) တားမြစ်သည့်လုပ်ငန်း သတ်မှတ်ခြင်းကို ထည့်သွင်းရေးဆွဲ ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်နဲ့ နိုင်ငံသား တွေ အကျိုးအတွက် ပုဒ်မ ၄ အရ ကန့်သတ်/ တားမြစ်တဲ့ လုပ်ငန်းကလွဲရင် ကျန်တဲ့လုပ်ငန်းတွေကို တံခါးဖွင့် ဖိတ်ခေါ်သွားဖို့ ဖြစ်ပါတယ်။ သို့သော်လည်း ဥပဒေကြမ်း ကို လွှတ်တော်မှာ တင်ပြတဲ့အခါ ပုဒ်မ ၄ ရဲ့ အောက်ထဲမှာ ကဏ္ဍတွေ အများကြီးထည့်လိုက်ကြတဲ့အတွက် မူလ အနှစ်သာရတော့ ပျက်ယွင်းသွားခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ် မှာ Organization for Economic Cooperation and Development-OECD နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုမူဝါဒ သုံးသပ်ခြင်း (Investment Policy Reviews of Myanmar) ဆောင်ရွက်တဲ့အခါ မြန်မာနိုင်ငံ ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်ရင် ကမ္ဘာ ပေါ်မှာ ကန့်သတ်မှုဒုတိယအများဆုံး နိုင်ငံဆိုပြီး သတ်မှတ်ဖော်ပြခံခဲ့ရပါတယ်။
ဥပဒေသစ်အပေါ်အမြင်
ဥပဒေသစ်နဲ့ပတ်သက်လို့ OECD က အောက်ပါ တိုးတက်မှုတွေ ဖြစ်ပေါ်လာခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်-
(၁) ယခင် ခွင့်ပြုစာရင်း (Positive List) ကိုသာ အခြေခံဆောင်ရွက်ခဲ့ရာမှ ယခုအခါ ခွင့်မပြု စာရင်း(Negative List)ကို ပြောင်းလဲကျင့်သုံး ၍ ကဏ္ဍပိုမိုကျယ်ပြန့်စွာ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်နိုင်ခြင်း၊
(၂) “ရင်းနှီးမြှုပ်နှံမှု” နဲ့ပတ်သက်ပြီး အဓိပ္ပာယ် ဖွင့်ဆိုရာမှာ နိုင်ငံတကာစံနှုန်းနဲ့အညီ ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း၊
(၃) မြေငှားရမ်းမှုနဲ့ပတ်သက်ပြီး နှစ် ၇၀ အထိ ငှားရမ်းပေးနိုင်တဲ့ ပြဋ္ဌာန်းချက် ပါဝင်လာ ခြင်း၊
(၄) ယခင်ဥပဒေဟောင်းမှာလို အနည်းဆုံးရင်းနှီး မြှုပ်နှံရမယ့် ပမာဏလိုအပ်ချက်ကို ဖြေလျှော့ ပေးလိုက်ခြင်း၊
(၅) ရှယ်ယာများလွှဲပြောင်းမှုကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုလိုက်ခြင်း၊
(၆) နိုင်ငံခြားငွေ လဲလှယ်နှုန်းကို တရားဝင်နှုန်း ကျင့်သုံးခြင်းအစား ဈေးကွက်နှုန်းထားဖြင့် လဲလှယ်ခွင့်ပြုလိုက်ခြင်း၊
(၇) ဖက်စပ်လုပ်ငန်း ထူထောင်ရာမှာ နိုင်ငံခြား သားက အနည်းဆုံးထည့်ဝင်ရမယ့် ပမာဏ သတ်မှတ်ချက်ကို ဖြေလျှော့ပေးလိုက်ခြင်း တို့ပဲ ဖြစ်ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်မှာ ရင်းနှီးမြှုပ်နှံ သူတွေအတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ယခင်ဥပဒေ ဟောင်းမှာ ၃ နှစ်သာ ခွင့်ပြုခဲ့ရာမှ ၅ နှစ်အထိ တိုးမြှင့် သတ်မှတ်ပေးခဲ့ပြီး အခြားကင်းလွတ်သက်သာခွင့်တွေကို လည်း ထည့်သွင်းပြဋ္ဌာန်းပေးခဲ့တဲ့အတွက် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများက ကြိုဆိုခဲ့ကြပါတယ်။ မြေအသုံးပြုခွင့်နဲ့ ပတ်သက်လို့လည်း ယခင်ဥပဒေဟောင်းမှာ တိကျတဲ့ ပြဋ္ဌာန်းချက် မပါရှိခဲ့တာကြောင့် လုပ်ရကိုင်ရခက်နေတဲ့ အခြေအနေကနေ နှစ် ၅၀ အထိ ကနဦး ခွင့်ပြုကြောင်း၊ တစ်ကြိမ်လျှင် ၁၀ နှစ်နှုန်းနဲ့ နှစ်ကြိမ်အထိ သက်တမ်း တိုးမြှင့်နိုင်ကြောင်း ထည့်သွင်းပြဋ္ဌာန်းနိုင်ခဲ့တဲ့အတွက် နိုင်ငံခြားသားများအနေနဲ့ ပြည်တွင်းစက်မှုဇုန်တွေမှာ မြေ ငှားရမ်းပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဆောင်ရွက်ခွင့်ရသွား ခဲ့ပါတယ်။ ဥပဒေ ပေါ်ထွက်လာပြီးနောက်ပိုင်းမှာ ဥပဒေ သစ်နဲ့ပတ်သက်လို့ ကြိုဆိုထောက်ခံမှုတွေ ရှိခဲ့သလို ဥပဒေ သစ်ဟာ ထင်သလောက် တံခါးဖွင့်မထားဘဲ မရှင်းလင်းတဲ့ ပြဋ္ဌာန်းချက်တွေလည်း ပါဝင်နေသေးကြောင်း ဝေဖန်မှုတွေ လည်း ရှိခဲ့ပါတယ်။ မည်သို့ပင်ဖြစ်စေ ဥပဒေသစ်ဟာ အစိုးရ ရဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖိတ်ခေါ်လိုတဲ့ ရည်မှန်းချက်ကို တော့ အတိုင်းအတာတစ်ခုအထိ ပြည့်မြောက်စေခဲ့ပါတယ်။ ဥပဒေသစ် ပြဋ္ဌာန်းပြီးနောက်ပိုင်းမှာ နှစ်အလိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးနိုင်တဲ့ ပမာဏတိုးတက်မှုကို အောက်ပါအတိုင်း တွေ့ရပါတယ် -
(၁) ၂၀၁၁-၂၀၁၂ ခုနှစ် အမေရိကန်ဒေါ်လာ သန်း ၃၀၀။
(၂) ၂၀၁၂-၂၀၁၃ ခုနှစ် အမေရိကန်ဒေါ်လာ သန်း ၁၄၁၉။
(၃) ၂၀၁၃-၂၀၁၄ ခုနှစ် အမေရိကန်ဒေါ်လာ သန်း ၄၁၀၇။
(၄) ၂၀၁၄-၂၀၁၅ ခုနှစ် အမေရိကန်ဒေါ်လာ သန်း ၈၂၉၀။
(၅) ၂၀၁၅-၂၀၁၆ ခုနှစ် အမေရိကန်ဒေါ်လာ သန်း ၉၉၁၀။
စာရင်းအရတော့ ၂၀၁၁-၂၀၁၂ ခုနှစ်မှာ သန်း ၄၆၀၀ ဖြစ်ပါတယ်။ ဒါပေမယ့် သန်း ၄၃၀၀ က တပ်မတော်အစိုးရ လက်ထက်က အဆိုပြုလွှာတင်ထားခဲ့တဲ့ ချီဗွေငယ် ရေအားလျှပ်စစ်စီမံကိန်းရဲ့ ရင်းနှီးမြှုပ်နှံမှုကို ဦးသိန်းစိန် အစိုးရလက်ထက်မှာ အတည်ပြုပေးလိုက်တဲ့ပမာဏ ဖြစ်ပါတယ်။
ကော်မရှင်ဖွဲ့စည်းမှု
ယခင်အစိုးရလက်ထက် ဥပဒေဟောင်း ကျင့်သုံး ဆောင်ရွက်ချိန်နဲ့ ဥပဒေသစ် ပြဋ္ဌာန်းပြီးနောက်ပိုင်းတွေမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင် သိန်းက ဥက္ကဋ္ဌ၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး သူရဦးသောင်းလွင်က ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာကံဇော်က အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုက တွဲဖက်အတွင်းရေးမှူး တာဝန်ယူပြီး ဒုတိယ ဝန်ကြီး ကိုးဦး၊ ညွှန်ကြားရေးမှူးချုပ် သုံးဦး စုစုပေါင်း ၁၆ ဦးပါတဲ့ ကော်မရှင်ကို ဖွဲ့စည်းပြီးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ပါတယ်။ ယခင်တပ်မတော်အစိုးရလက်ထက် မှာ ဝန်ကြီးအများစုနဲ့ ဖွဲ့စည်းခဲ့တဲ့ကော်မရှင်ကို လုပ်ငန်းများ ပိုမိုသွက်လက်စွာ ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီး ဒုတိယ ဝန်ကြီးနဲ့ ညွှန်ကြားရေးမှူးချုပ်အများစုပါဝင်တဲ့ ကော်မရှင် အဖြစ် ဖွဲ့စည်းခဲ့ဟန် တူပါတယ်။ ဦးတင်နိုင်သိန်း တာဝန်ယူ ခဲ့တဲ့ ကာလအတွင်းမှာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်း စဉ်တွေထက် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်း ပေါ်ပေါက်စေ ရေးအတွက် ဥပဒေမူဘောင်ပြင်ဆင်ရေးနဲ့ လုပ်ထုံးလုပ်နည်း ပြောင်းလဲရေးတို့ကို ဦးစားပေးပြီး ဆောင်ရွက်ခဲ့တာလည်း တွေ့ရှိရပါတယ်။
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာတော့ အမှတ် (၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးအောင်မင်း၊ ဦးလှထွန်း၊ ဦးဇော်မင်းနဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်တို့က အဖွဲ့ဝင် များအဖြစ်လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း က အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဒုတိယဝန်ကြီး သူရဦးသောင်းလွင်က တွဲဖက်အတွင်းရေးမှူးအဖြစ်လည်း ကောင်း ပါဝင်ပြီး စုစုပေါင်းအင်အား ခုနစ်ဦးနဲ့ ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ပြန်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို လွှတ်တော်သို့ တင်ပြပြီးနောက်ပိုင်းမှာ ဥပဒေသစ်ပေါ်ပေါက် လာတဲ့အခါ အသွင်သစ်နဲ့ လုပ်ငန်းတွေ ဆက်လက်ဆောင် ရွက်နိုင်ဖို့ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက် နေ့မှာ ကော်မရှင်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ဒီလိုဖွဲ့စည်းရာမှာ အမှတ် (၂) စက်မှုဝန်ကြီးဌာနကနေ သမ္မတရုံးဝန်ကြီးဌာနကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ယူပြီး သမ္မတရုံးက အခြားပြည်ထောင်စုဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးအောင်မင်းနဲ့ ဦးလှထွန်းတို့က အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ဦးတင်နိုင်သိန်းက အတွင်းရေးမှူးအဖြစ် လည်းကောင်းပါဝင်ပြီး ဒေါက်တာထွန်းရှင်ကလည်း အဖွဲ့ ဝင်အဖြစ် ဆက်လက်တာဝန်ယူခဲ့ပါတယ်။ ထူးခြားချက် ကတော့ ပြင်ပပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ အငြိမ်းစားသံအမတ် ကြီး ဦးညွန့်တင်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးဝင်းခိုင် (ယခု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး)၊ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြသူဇာ၊ ကုန်သည်/စက်မှု အသင်းချုပ်က တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့ကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်းဖွဲ့စည်း လိုက်ခြင်းပဲဖြစ်ပါတယ်။ ကော်မရှင်မှာ စုစုပေါင်းအင်အား ၁၁ ဦးရှိခဲ့ပြီး ဒုတိယဝန်ကြီး သူရဦးသောင်းလွင်က တွဲဖက် အတွင်းရေးမှူးအဖြစ် ဆက်လက် တာဝန်ယူပါတယ်။
၂၀၁၃ ခုနှစ် မေလ ၃ ရက်နေ့မှာတော့ ကော်မရှင်ဥက္ကဋ္ဌ အဖြစ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ပြောင်းလဲတာဝန်ယူခဲ့ပြီး အတွင်းရေး မှူးအဖြစ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောင်းလဲတာဝန်ယူခဲ့ပါတယ်။ ကျန်အဖွဲ့ဝင်များ အပြောင်း အလဲမရှိဘဲ ကော်မရှင်ကို အင်အား ၁၁ ဦးနဲ့ ဆက်လက် ဖွဲ့စည်းထားရှိခဲ့ပါတယ်။ ထပ်မံပြီး ၂၀၁၄ ခုနှစ် မေလ ၂၈ ရက်နေ့မှာ ကော်မရှင်ဥက္ကဋ္ဌတာဝန်များကို စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောင်းလဲ တာဝန်ယူခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ကို အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ အငြိမ်းစား ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါ်မြသူဇာကို တွဲဖက်အတွင်းရေးမှူးအဖြစ် လည်းကောင်း တာဝန်ပေးကာ အင်အား ၁၃ ဦးဖြင့် ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။
နိုင်ငံသားတွေအတွက် ဥပဒေသစ်
အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင် ရေးဆွဲပြဋ္ဌာန်းပြီးနောက်ပိုင်းမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်သိမ်းရဲ့ ဦးဆောင်စီမံမှုအရ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကိုလည်း ပြည်ထောင်စုလွှတ်တော်က ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၈ နဲ့ ပြဋ္ဌာန်းပေးလိုက်ပါတယ်။ မြန်မာနိုင်ငံသားများ ရင်းနှီး မြှုပ်နှံမှုဥပဒေသစ်ဟာ ၁၉၉၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မြန်မာ နိုင်ငံသားများရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ၂၀၁၂ ခုနှစ်မှာ ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတို့ကို အခြေခံပြီး ပြင်ဆင်ရေးဆွဲခဲ့တာဖြစ်ပါတယ်။ အဓိကအား ဖြင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများနည်းတူ အခွန်အကောက်ဆိုင်ရာ ကင်းလွတ်ခွင့်တွေ ခံစားနိုင်ဖို့၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်တွေ ပိုမိုရရှိနိုင်ဖို့ ရေးဆွဲပြဋ္ဌာန်းခဲ့တာဖြစ် ကြောင်း တွေ့ရှိရပါတယ်။ အဆိုပါ ဥပဒေရဲ့ရလဒ်အဖြစ် နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုတွေလည်း တစ်နှစ်ထက် တစ်နှစ် ကျယ်ပြန့်စွာ တိုးတက်များပြားလာကြောင်း အောက်ပါအတိုင်း တွေ့ရှိရပါတယ်-
(၁) ၂၀၁၁-၂၀၁၂ ခုနှစ် ကျပ်ဘီလီယံ ၂၄၁.၅၇၅။
(၂) ၂၀၁၂-၂၀၁၃ ခုနှစ် ကျပ်ဘီလီယံ ၁၁၇၄.၆၂၅။ (၃) ၂၀၁၃-၂၀၁၄ ခုနှစ် ကျပ်ဘီလီယံ ၁၇၁၅.၇၅၂။
(၄) ၂၀၁၄-၂၀၁၅ ခုနှစ် ကျပ်ဘီလီယံ ၁၂၀၆.၉၂၁။
(၅) ၂၀၁၅-၂၀၁၆ ခုနှစ် ကျပ်ဘီလီယံ ၅၉၃၃.၂၄၅။
ဖက်ဒရယ်နဲ့ ဥပဒေ
ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်နှစ်ခု ပေါ်ပေါက်လာပြီး နောက်ပိုင်းမှာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ် အချို့က အနာဂတ်ဖက်ဒရယ်နိုင်ငံတော် ထူထောင်ဖို့ အတွက် စဉ်းစားဆောင်ရွက်ရာမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်အချို့ကိုလည်း တိုင်းဒေသကြီး/ပြည်နယ်တွေကို ခွဲဝေပေးသင့်တယ်လို့ တင်ပြတောင်းဆိုမှု တွေ ရှိခဲ့ပါတယ်။ ဥပဒေသစ်နှစ်ရပ်လုံးမှာ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့် ခွဲဝေပေးနိုင်တဲ့ပြဋ္ဌာန်းချက် မပါရှိတာကြောင့် ဥပဒေနှစ်ရပ်လုံးကို လိုအပ်သလို ပြင်ဆင်ဖြည့်စွက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့် ခွဲဝေပေးနိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။
ဒီလို ဆောင်ရွက်ရာမှာ ဥပဒေမူကြမ်းနှစ်ရပ်ကို ပြည်ထောင်စုအစိုးရက လွှတ်တော်သို့ ပေးပို့တင်သွင်းခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၆၇ နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေကိုလည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၆၈ နဲ့ မြန်မာနိုင်ငံ သားများရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေကို လည်းကောင်း ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ဥပဒေအမှတ် ၆၇ မှာ မူရင်းဥပဒေရဲ့ ပုဒ်မ ၁၂ ၊ ပုဒ်မခွဲ (ဆ) ကို “တိုင်းဒေသကြီး နှင့် ပြည်နယ်များ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအမျိုးအစားအရလည်းကောင်း၊ သဘာဝအရင်း အမြစ်အနေအထားအရလည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက်လည်းကောင်း ပြည်ထောင်စု အစိုးရအဖွဲ့က ခွင့်ပြုပေးနိုင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များသို့ လုပ်ပိုင်ခွင့် ခွဲဝေသတ်မှတ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်း” လို့ အစားထိုးပြင်ဆင်ပေးခဲ့ပါ တယ်။ ပုဒ်မ ၁၃ မှာ ပုဒ်မခွဲ (က) အဖြစ် “ကော်မရှင်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက် နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ မိမိ၏ လုပ်ပိုင်ခွင့်များကို ခွဲဝေသတ်မှတ်ပေးနိုင်သည်” ဟူ၍ ဖြည့်စွက်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံသားများ ရင်းနှီး မြှုပ်နှံမှုဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (ဇ) နဲ့ ပုဒ်မ ၁၂ တို့မှာလည်း အလားတူ ပြင်ဆင်ဖြည့်စွက်ပေးခဲ့ပါတယ်။ ဒါပေမယ့် ယခင် အစိုးရအနေနဲ့ ပြင်ဆင်တဲ့ဥပဒေကို ဆက်လက်အကောင် အထည်ဖော်နိုင်ခြင်းမရှိခဲ့ဘဲ အစိုးရသက်တမ်းကုန်သွား ခဲ့ပါတယ်။