လှိုက်လှဲစွာကြိုဆိုရမည့် မြန်မာနိုင်ငံ၏ အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်း

ဆောင်းပါး
=========
 
 
 
မြင့်မြတ်ရန်ပိုင်
 
နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် လူဦးရေမှတ်ပုံတင်စနစ်
ယနေ့မျက်မှောက်ကာလတွင် မှန်ကန်သည့် အချက် အလက်များ အချိန်နှင့်တစ်ပြေးညီရရှိရေးသည် ဌာနတိုင်း၊ နိုင်ငံတိုင်းအတွက် တစ်နေ့တခြား အရေးပါလျက်ရှိ သည်။ အချက်အလက်များများ ပိုင်ဆိုင်သည့်နိုင်ငံသည် အင်အားရှိသည့်နိုင်ငံဟူ၍ပင် ဆိုစမှတ်ပြုလာကြသည်။ ထို့အတူ ကမ္ဘာ့နိုင်ငံအသီးသီး၌ မှီတင်းနေထိုင်ကြသူများ အတွက် မှတ်ပုံတင်စာရင်းထားရှိခြင်းကို ကွန်ပျူတာ အချက်အလက်၊ နည်းပညာတိုးတက်ဖြစ်ပေါ်မှုနှင့်အတူ အီလက်ထရောနစ်ကတ်ပြားများကို အသုံးပြုလာခဲ့ကြပါ သည်။ ယခင်က မိမိတို့သက်ဆိုင်ရာဌာနအလိုက် Database အချက်အလက်များ တည်ဆောက်၍ ဗီဇာ စနစ်၊ အမျိုးသားမှတ်ပုံတင်စနစ်၊ မွေးစာရင်းမှတ်ပုံတင် စနစ် စသည်ဖြင့် သီးခြားလုပ်ဆောင်ခဲ့ကြပါသည်။ ၎င်းစနစ် အမျိုးမျိုးချိတ်ဆက်ရန် လိုအပ်လာသောအခါ ကြားခံစနစ်များဖြင့် တူညီသော မှတ်ပုံတင်အမျိုးမျိုးကို ချိတ်ဆက်ရန် ကြိုးစားလာခဲ့ကြသည်။
 
ယနေ့အခြေအနေတွင် နည်းပညာတိုးတက်မှုနှင့် ယခင်အတွေ့အကြုံများကိုအခြေခံ၍ Digital Unique ID number သို့မဟုတ် လူတစ်ဦးတစ်ယောက်အတွက် သီးခြားသတ်မှတ်ပေးသော မှတ်ပုံတင်အမှတ်ကို ဗဟို ပြု၍ အခြားသော မှတ်ပုံတင်အချက်အလက်မှတ်တမ်းများ နှင့် ချိတ်ဆက်နိုင်သည့် (Digital) နည်းပညာသုံး ID မှတ်ပုံ တင်ကို အသုံးပြုလာကြပါသည်။ Digital Unique ID ၏ အဓိက အားသာမှုမှာ ဌာနတစ်ခု အသုံးချရန်အတွက်သာ သီးသန့်ပြုလုပ်သော ID တစ်ခုမဟုတ်ဘဲ လက်ရှိ သို့မဟုတ် နောက်နောင် အသုံးပြုမည့် Use Cases နှင့် Application ခေါ် အသုံးချဝန်ဆောင်မှုအားလုံး အကျုံးဝင် အသုံးပြုနိုင်ခြင်းဖြစ်သည်။ လူတစ်ဦးချင်းအား Unique ID တစ်ခု သတ်မှတ်ပေးခြင်းဖြင့် ဌာနအသီးသီးတွင်ရှိသော စနစ်များနှင့်ချိတ်ဆက်မှုများ မြန်ဆန်လွယ်ကူစေပြီး အားလုံးခြုံငုံ၍ ရွေးချယ်စိစစ်နိုင်သော မှတ်ပုံတင်စနစ် တစ်ခု တည်ဆောက်နိုင်ပါသည်။
 
မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင်ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ကို အထောက်အကူပြုရန် အတွက် တိကျမှန်ကန်သော လူဦးရေနှင့် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များသည် မရှိမဖြစ်လိုအပ်လာပါ သည်။ နိုင်ငံတော်အစိုးရ၏ စီးပွားရေးမူဝါဒ ၁၂ ရပ်တွင် Data ID Card System, Digital Government Strategy e-Government System ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဆိုသည့် အချက်တစ်ချက်ကို မူဝါဒ တစ်ရပ်အဖြစ် သတ်မှတ်ထားပါသည်။
 
ထို့ကြောင့် မြန်မာ နိုင်ငံအတွင်းရှိ မှီတင်းနေထိုင်ကြသူများအားလုံးကို Unique ID တစ်ခုစီ သတ်မှတ်ပေးရန် လက်ရှိအသုံးပြုနေ သော စက္ကူသုံးမှတ်ပုံတင်စနစ်အား Digital အဖြစ် ပြောင်းလဲရန်နှင့် e-Government စနစ်ကို အကောင် အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းများမှာ တိုင်းပြည်၏ ဦးစားပေးလုပ်ငန်းများ ဖြစ်ပါသည်။ ၎င်းဦးစားပေးအချက် များမှာ UN မှ ထုတ်ပြန်ထားသော Sustainable Develo- pment Goal များထဲမှတစ်ခုဖြစ်သည့် ၂၀၃၀ ပြည့်နှစ်တွင် လူတိုင်းမွေးစာရင်းအပါအဝင် တရားဝင်အထောက်အထား လက်မှတ်ပံ့ပိုးပေးရန် (provide legal identity for all by 2030) ရည်မှန်းချက်နှင့်လည်း ကိုက်ညီနေပါသည်။ တရားဝင်မှတ်ပုံတင်စနစ်သည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါသည်။
 
ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရှိသော အစိုးရများ ID စနစ် ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရ သည့် စိန်ခေါ်မှုများမှာ တူညီနေသည်ကို လေ့လာတွေ့ရှိ ရပါသည်။ အဆိုပါ စိန်ခေါ်မှုများမှာ အတုအပကင်းသောနံပါတ်ဖြစ်အောင်ဆောင်ရွက်ခြင်း၊ ကျယ်ပြန့်ကြီးမားသောစနစ်ကြီးတစ်ခုဖြစ်အောင် တည်ဆောက်ရခြင်း၊ ကုမ္ပဏီတစ်ခု၊ ရောင်းချသည့်ဌာနတစ်ခု၏ တစ်ဦးတည်း အပေါ် အရာရာမှီခိုနေရမှုမရှိအောင် စနစ်ကိုတည်ဆောက် ရန်လိုအပ်ခြင်း၊ အကုန်အကျသက်သာခြင်းရှိသော စနစ် တစ်ခု တည်ဆောက်ထိန်းသိမ်းခြင်းတို့ဖြစ်ပါသည်။
 
Digital ID ဆိုင်ရာ အခြေခံသဘောတရားများ
 
Digital ID ကိုမွေးဖွားချိန်မှ သေဆုံးချိန်အထိ နိုင်ငံ အတွင်းရှိ ပါဝင်သင့်သူများအားလုံးကို ခွဲခြားဆက်ခံမှု ကင်းစွာဖြင့် စာရင်းသွင်းနိုင်ရမည် ဖြစ်ပါသည်။ သတင်း အချက်အလက်များနှင့် နည်းပညာများရယူခြင်း၊ သုံးစွဲ ခြင်းနှင့် ကွဲလွဲမှုများတွင် တွေ့ရှိနိုင်သည့် အခက်အခဲများ အား ဖယ်ရှားနိုင်ပြီး အတုအပကင်းသော၊ လုံခြုံမှုရှိသော တိကျခိုင်မာသည့် ID စနစ်တစ်ခု တည်ဆောက်နိုင်ရမည် ဖြစ်ပါသည်။ ထို့ပြင် အသုံးပြုလိုသည့် ဌာနအသီးသီးသည် လိုအပ်ချက်များကို ချက်ချင်းဆောင်ရွက်နိုင်ပြီး အခြားစနစ် များနှင့်ပါ တွဲဖက်အသုံးပြုရန် လွယ်ကူစွာချိတ်ဆက်နိုင်သည့် စနစ်တစ်ခုလည်း ဖြစ်ရပါမည်။ Open Standards များ အသုံးပြုခြင်းနှင့် Vendor နှင့် နည်းပညာတစ်ခုတည်းအပေါ် တွင် မှီခိုမှုမရှိသည့် စနစ်တစ်ခုတည်ဆောက်ရန်လည်း လိုအပ်ပါသည်။ စနစ်၏ဒီဇိုင်းဖြင့် အသုံးပြုသူ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်နှင့် ထိန်းချုပ်နိုင်မှုအား ကာကွယ်နိုင်ရမည် ဖြစ်ပါသည်။ အလားတူ ဒေတာလျှို့ဝှက်မှု၊ လုံခြုံမှုနှင့် အသုံး ပြုသူ၏ အခွင့်အရေးများကို ပြည့်စုံသော ဥပဒေမူဘောင်များ ပြဋ္ဌာန်းပြီး ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်သကဲ့သို့ အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းမူများနှင့် တာဝန်ယူ မှုများအား ရှင်းရှင်းလင်းလင်းပြဋ္ဌာန်းသတ်မှတ်ပေးရန် လည်း လိုအပ်ပါသည်။
 
ဝန်ကြီးဌာန၏ လူဦးရေမှတ်ပုံတင်စနစ်
တည်ဆောက်ရန် ဆောင်ရွက်မှု
 
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ လူဦးရေမှတ်ပုံတင်ရေးလုပ်ငန်းအား e-ID စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် လေ့လာဆန်းစစ် မှုများကိုပြုလုပ်ခဲ့ရာ ၂၀၁၆ ခုနှစ် မေလမှ ၂၀၁၉ ခုနှစ် ဧပြီလအထိ လာရောက်ဆွေးနွေးရှင်းလင်းတင်ပြခဲ့သည့် ကမ္ဘာ့ဘဏ်အပါအဝင် ကုမ္ပဏီအဖွဲ့အစည်းပေါင်း ၅၈ ခုရှိပြီး ရှင်းလင်းဆွေးနွေးခဲ့သည့် အကြိမ်အရေအတွက် ၈၁ ကြိမ် ရှိခဲ့ပါသည်။ ထို့ပြင် Digital စနစ် ကူးပြောင်းရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို အသေးစိတ်သိရှိ နိုင်ရန်အတွက် HD Center၊ ကမ္ဘာ့ဘဏ်နှင့် Omidyar Network၊ NEC Corporation၊ Thales ကုမ္ပဏီ အိန္ဒိယ သံရုံးတို့၏ အကူအညီဖြင့် အလုပ်ရုံဆွေးနွေးပွဲ (၇) ကြိမ် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် လက်ရှိအခြေ အနေနှင့်ကိုက်ညီမည့် Digital စနစ်တစ်ခု အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အကြံပြုစာတမ်းတစ်ခုကိုလည်း ပြုစုပေးခဲ့ပါသည်။ လေ့လာတွေ့ရှိချက်များအရ ကမ္ဘာ့နိုင်ငံ များတွင် အဓိကအားဖြင့် ကျင့်သုံးနေသည့် စနစ် နှစ်မျိုးရှိပြီး လူဦးရေမှတ်ပုံတင်ခြင်း (Population Registration) နှင့် နိုင်ငံသားမှတ်ပုံတင်ခြင်း (Citizen Registration) တို့ဖြစ်ပါ သည်။ အချို့သောနိုင်ငံများမှာ နိုင်ငံသားများကိုသာ မှတ်ပုံ တင်ကတ် ထုတ်ပေးသော်လည်း အများစုသည် ပြည်တွင်း နေထိုင်သူအားလုံးကို အသိအမှတ်ပြုမှတ်ပုံတင်ကတ် တစ်မျိုးမျိုး ထုတ်ပေးလျက်ရှိသည်ကို တွေ့ရပါသည်။ နိုင်ငံသားဖြစ်မှုသည် အချို့သောနိုင်ငံများတွင် ရှုပ်ထွေး အငြင်းပွားဖွယ်ဖြစ်သည့်အတွက် နိုင်ငံသားမှတ်ပုံတင်များ ကို အလွယ်တကူထုတ်ပေးနိုင်ခြင်း မရှိသည်ကိုတွေ့ရပါသည်။
 
လူဦးရေမှတ်ပုံတင်ခြင်း (Population Registration)
 
လူဦးရေမှတ်ပုံတင်ခြင်းဆိုသည်မှာ နိုင်ငံအတွင်း နေထိုင်သူအားလုံးကို မှတ်တမ်းတင်စာရင်းပြုစုခြင်း ဖြစ်ပါသည်။ အိမ်ထောင်စုလူဦးရေစာရင်းဖြင့် နေထိုင်သူ (နိုင်ငံသား/ ပြည်တွင်းနေ နိုင်ငံခြားသား/ အမြဲတမ်းနေထိုင် ခွင့်ရရှိသူ)၊ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူဟူ၍ နှစ်မျိုး နှစ်စား ပါဝင်နိုင်ပါသည်။ လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အိမ်ထောင်စုစာရင်းကို အခြေခံစရာ မလိုဘဲ မွေးစာရင်း (သို့မဟုတ်) မြန်မာနိုင်ငံအတွင်း နေထိုင် ကြောင်း ခိုင်မာသောအထောက်အထားကိုသာ အခြေခံ၍ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသူ တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ကိုကောက်ယူ၍ တစ်ဦးချင်းစီကို Unique Identity (UID) Number တစ်ခုစီပေးပြီး အီလက်ထရောနစ်စနစ်ဖြင့် Main Database တွင် မှတ်တမ်းတင်သိမ်းဆည်းထားခြင်း ဖြစ်ပါ သည်။ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် မသက်ဆိုင်ဘဲ နိုင်ငံအတွင်းနေထိုင်သူ အားလုံးကို မှတ်တမ်းတင်စာရင်း ပြုစုခြင်းဖြစ်ပါသည်။
 
ကမ္ဘာ့နိုင်ငံအချို့တွင် ကျင့်သုံးနေသည့် အီလက်ထရောနစ်မှတ်ပုံတင်စနစ်
 
အိန္ဒိယနိုင်ငံ- A adhaar ဟုအမည်ဖြင့် နိုင်ငံသားများ အပါအဝင် ပြည်တွင်းနေထိုင်သူ အားလုံးကို Biometric အချက်အလက်နှင့် ဂဏန်း ၁၂ လုံးကို ကျပန်းစနစ်ဖြင့် သတ်မှတ်ထားသည့် မှတ်ပုံတင်ကတ်ထုတ်ပေးပါသည်။ ယင်းကတ်သည် နိုင်ငံသားဖြစ်မှုနှင့် မသက်ဆိုင်သည်ကို တွေ့ရှိရပါသည်။
 
အမေရိကန်- ပြည်တွင်းနေထိုင်သူအားလုံးကို Social Security နံပါတ်တစ်ခုစီ ထုတ်ပေးထားပါသည်။ လူတစ်ဦး စီ၏ ဆက်သွယ်ဆောင်ရွက်မှုအားလုံး၊ အလုပ်အကိုင်အခွင့် အလမ်း၊ အခွန်ပေးဆောင်ခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း စသည့် ကိစ္စရပ်အားလုံးကို အဆိုပါနံပါတ်ဖြင့် ဆောင်ရွက် ရပါသည်။
 
ဂျပန်နိုင်ငံ- နိုင်ငံခြားသားမဟုတ်သူများကို My Number ဟုခေါ်သည့် Unique ID တစ်ခု ထုတ်ပေးပါသည်။ ဂျပန်နိုင်ငံတွင် နိုင်ငံသားနှင့် နိုင်ငံခြားသားနှစ်မျိုးသာ ရှိပါသည်။
 
ထိုင်းနိုင်ငံ- မှတ်ပုံတင်ကတ်ပြား (ID) များကို ပိုမို လုံခြုံမှုရှိသည့် Smart Card ဒစ်ဂျစ်တယ် လက်ဗွေစနစ်ဖြင့် ပြုပြင်ပြောင်းလဲခဲ့ပါသည်။ ထိုင်း ID ကတ်၏ အားသာချက် မှာ လက်ဗွေစိစစ်ရာတွင် လက်ဗွေဖတ်ကိရိယာအတွင်း၌ Data ပြောင်းလဲထည့်သွင်းစိစစ်ခြင်းမျိုးမဟုတ်ဘဲ ကတ် အတွင်း၌ စိစစ်နိုင်ခြင်းဖြစ်သည်။ Precise Match-on Card နည်းပညာအသုံးပြုထားသည်။ ဤနည်းဖြင့် လက်ဗွေစိစစ်မှု အချက်အလက်ပြောင်းလဲခြင်းမပြုလုပ်နိုင်တော့ပေ။ ၂၀၀၅ ခုနှစ်မှ စတင်ခဲ့သော Biometric သုံး Smart ID သည် ကတ် ၁၀ သန်းကျော်ထုတ်ပေးပြီးဖြစ်ပြီး ထိုင်းနိုင်ငံသား ၆၄ သန်းကို ထုတ်ပေးသွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း ရေရှည်နေထိုင်သူ နိုင်ငံခြားသားများအတွက် ပန်းရောင် ID ကတ်ကို သတ်မှတ်ထားရှိသည်။
 
မလေးရှား- နိုင်ငံတွင် My Kad အမည်ဖြင့် National ID ကတ်ကို အစိုးရဆိုင်ရာသာမက ပုဂ္ဂလိက ဆိုင်ရာလုပ်ငန်းသုံး Application များပါ ပူးပေါင်း အသုံးပြုနိုင်သည့် Smart Card ကို အသုံးပြုသည်။ ၁၂ နှစ်အထက် နိုင်ငံသားအားလုံး ID ကတ်ကိုင်ဆောင်ရပြီး ယခင်က National ID ကတ်အပြင် ယာဉ်မောင်းလိုင်စင် ကတ်၊ အစိုးရခံစားခွင့်ကတ် စသည်ဖြင့် ကတ်အမျိုးမျိုး သယ်ဆောင်နေခဲ့ရသည်ကို My Kad က တစ်ခုတည်းဖြင့် အားလုံးပူးပေါင်း ပါဝင်သည့်ကတ်အဖြစ် ပြောင်းလဲပေးခဲ့ သည်။
 
စင်ကာပူ- အီလက်ထရွန်နစ်စနစ် ID စနစ်များကို လူဝင်မှုကြီးကြပ်ရေး (Population Registration) အတွက် သာမကဘဲ အခြားစနစ်အမျိုးမျိုးနှင့်ချိတ်ဆက်၍ အသုံးပြု လျက်ရှိသည်။ မကြာသေးခင်က ၎င်း၏ Singpass စနစ်ကို ဒစ်ဂျစ်တယ် ID စနစ်သစ်ထပ်မံ အဆင့်မြှင့်ပြောင်းလဲရန် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံသားများနှင့် အမြဲနေထိုင် ခွင့်ရရှိသူများကို မှတ်ပုံတင်ကတ်ထုတ်ပေးသည်ကို တွေ့ရှိရပါသည်။
ကမ္ဘောဒီယား- Khamar Identification Code (KIDC) ဟုခေါ်သည့် ဂဏန်းကိုးလုံး ကျပန်းစနစ်ဖြင့် သတ်မှတ်ထားသည့် နံပါတ်တစ်ခုကို နေထိုင်သူအားလုံးကို ထုတ်ပေးပါသည်။ ယင်းသည် နိုင်ငံသားဖြစ်ခြင်း/မဖြစ် ခြင်းနှင့် မသက်ဆိုင်ဘဲ လူတစ်ဦးချင်းအတွက် သတ်မှတ် ထားသော ဂဏန်းတစ်ခုပေးခြင်းသာဖြစ်ပါသည်။
 
အင်ဒိုနီးရှား- နိုင်ငံသားများကိုသာမက အမြဲနေထိုင် သူများကိုပါ မှတ်ပုံတင်ကတ် ထုတ်ပေးသည်ကိုတွေ့ရှိရ ပါသည်။
 
e- Government ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှု
 
မြန်မာနိုင်ငံတွင် နည်းပညာအသုံးပြု၍ နိုင်ငံအတွင်း နေထိုင်ကြောင်း အသိအမှတ်ပြုကတ် ထုတ်ပေးသည့်စနစ် တွင် နိုင်ငံအတွင်းနေထိုင်သူတစ်ဦးချင်းစီ၏ ကိုယ်ရေး အချက်အလက် (Biographic Data)နှင့် လက်ဗွေ၊ မျက်လုံးသူငယ်အိမ်၊ မျက်နှာဓာတ်ပုံ (Biographic Data) များကိုသိမ်းဆည်း၍ လူတစ်ဦးချင်းစီအတွက် သီးခြား နံပါတ်တစ်ခု (Unique ID Number) ထုတ်ပေးပြီး Database တွင် မှတ်တမ်းတင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ပထမအဆင့်အနေဖြင့်ဆောင်ရွက်ပြီး မှတ်တမ်းတင် ပြီးသည့်သူများကို နိုင်ငံသားစိစစ်ပြီး နိုင်ငံသားကတ်ကို Smart Card ဖြင့် ထုတ်ပေးသည့်လုပ်ငန်းကို ဒုတိယ အဆင့်အနေဖြင့် ဆောင်ရွက်သွားရန် စဉ်းစားဆောင်ရွက် သင့်ကြောင်း ဝန်ကြီးဌာနက e - Government ဗဟို ကော်မတီသို့ တင်ပြခဲ့ပါသည်။ အဆိုပါတင်ပြချက်အပေါ် ၂၇-၆-၂၀၁၈ ရက်နေ့တွင်ကျင်းပသော e-Government ဦးဆောင်ကော်မတီ၌ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ လူဦးရေနှင့်မှတ်ပုံတင် ခြင်းနှင့် နိုင်ငံသားမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် နှစ်ခုအနက် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဦးစားပေးအစီအစဉ် ဖြင့် ဆောင်ရွက်ပြီး နိုင်ငံသားမှတ်ပုံတင်ခြင်းလုပ်ငန်းကို Digital စနစ်ဖြင့် ပြောင်းလဲခြင်းအား ဒုတိယအနေဖြင့် ဆောင်ရွက်ရန်၊ e-ID အတွက် ကတ်တစ်ကတ် ထုတ်ပေး ရန်ဆုံးဖြတ်လမ်းညွှန်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် e-ID စနစ် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ခြောက်ခု ကိုလည်း ဖွဲ့စည်းပေးခဲ့ကြောင်း တွေ့ရှိရပါသည်။ အလား တူပင် အဆိုပါလုပ်ငန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာ နှင့် ဆောင်ရွက်ရမည်ဖြစ်သဖြင့် ထိရောက်အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်အတွက် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးဆောင်ကြီးကြပ်မှုအဖွဲ့၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအထိ လုပ်ငန်းအဖွဲ့ အဆင့်ဆင့်ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။
 
သြစတြီးယား၏ အတိုးမဲ့ချေးငွေဖြင့် ဆောင်ရွက်မည့် အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်း လုပ်ငန်း၂၀၁၉ ခုနှစ် ဧပြီလ နောက်ဆုံးပတ်အတွင်း တရုတ် နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် BRI Forum တွင် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သြစတြီးယားနိုင်ငံဝန်ကြီးချုပ် တို့ ဆွေးနွေးပွဲမှ e- ID စနစ်ကို အစိုးရချင်း ပူးပေါင်း ဆောင်ရွက်ရေး ညှိနှိုင်းခဲ့ကြပြီး သြစတြီးယားနိုင်ငံ OeSD မှ e- ID စနစ် တည်ဆောက်ရန်အတွက် ယူရို ၃၃ သန်း အတိုးမဲ့ချေးငွေ ပေးအပ်သွားမှာဖြစ်ပြီး လုပ်ငန်းကို အဆင့် (၃) ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆင့် (၁) သည် ၁၀ လကြာမည်ဖြစ်ပြီး အသေးစိတ်အစီအစဉ် ရေးဆွဲခြင်း၊ ပင်မအခြေခံစနစ် တည်ဆောက်ခြင်း၊ Database နှင့် ကွန်ရက်တည်ဆောက် ခြင်း၊ Hard Ware မှာယူခြင်းနှင့် တင်သွင်းခြင်း၊ စမ်းသပ် ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းများတပ်ဆင်ခြင်းနှင့် ဖြန့်ဝေ ခြင်း၊ သင်တန်းများပေးခြင်း၊ အချက်အလက်များ ကောက်ယူခြင်း၊ ဗဟိုရုံးရှိ Database သို့ အချက်အလက် များ ပေးပို့ခြင်း၊ UID နံပါတ်တစ်ခုစီ သတ်မှတ်ပေး၍ မှတ်ပုံတင်သိမ်းဆည်းခြင်း၊ ထပ်တူဖြစ်ခြင်းမှ ကာကွယ် မည့် Deduplication ကို အသုံးပြုခြင်းတို့ ပါဝင်မည် ဖြစ်ပါသည်။ အဆင့် (၂) တွင် ၇ လကြာမြင့်မည်ဖြစ်ပြီး စာရင်းကောက်ခြင်း၊ မှတ်ပုံတင်ခြင်းစနစ် အဆင့်မြှင့်တင် ခြင်း၊ ဗဟိုမှတ်ပုံတင်စနစ် အဆင့်မြှင့်တင်ခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ပါသည်။ အဆင့် (၃)၌ စာရင်းကောက် ခြင်း၊ မှတ်ပုံတင်ခြင်းနှင့် လိုအပ်သည့်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
 
လူဦးရေမှတ်ပုံတင်ခြင်း၏ အကျိုးကျေးဇူးများ
 
Unique ID ကိုအသုံးပြုမည့် အီလက်ထရောနစ် စနစ်ဖြင့် လူဦးရေမှတ်ပုံတင်စနစ်သည် နိုင်ငံသားများနှင့် စီမံအုပ်ချုပ်သည့် အစိုးရ၏စွမ်းဆောင်ရည်ကို အလွန် တိုးမြင့်စွာ အသုံးပြုလာနိုင်မှာ ဖြစ်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ လျင်မြန်သော ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်အတွက် ခိုင်မာသည့် Digital စီးပွားရေးအသွင်သို့ ပြောင်းလဲနိုင်ရန်လိုအပ်သော အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်ပါသည်။ ဤစနစ်ကြောင့် ဝေးလံခေါင်ဖျားသောဒေသ များမှ နေထိုင်သူများနှင့် ဆက်သွယ်ရသော ကုန်ကျစရိတ် ကို လျှော့ချပေးနိုင်ပါသည်။ အစိုးရအတွက်ပိုမိုသက်သာခြင်း၊ မြန်ဆန်ခြင်း၊ ပိုမိုထိရောက်ခြင်းနှင့် နေထိုင်သူအားလုံးကို ထိထိရောက်ရောက် ဆက်သွယ်နိုင်မည်ဖြစ်ပါသည်။ ဥပမာ အားဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ မဲပေးခြင်း နှင့် ငွေကြေးဝန်ဆောင်မှုများကို အကျိုးရှိစွာဖြင့် လွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
 
ထို့ပြင် အကျင့်ပျက်ခြစားမှုများနှင့် ဘေးသို့ယိုထွက် ခြင်းတို့ကိုလည်း လျော့ကျပေးနိုင်မည်ဖြစ်ပါသည်။ Digital နည်းပညာဖြင့် မည်သူမည်ဝါဟုတ်မှန်ကြောင်း စစ်ဆေးနိုင် ခြင်း၏ အကျိုးကျေးဇူးကြောင့် ဤစနစ်သည် အစိုးရဌာန များမှ ထောက်ပံ့ငွေ၊ ဝန်ဆောင်မှုများအား ရည်ရွယ်သူများ ထံသို့သာ ပေးဆောင်နိုင်ခြင်းတို့ကို စနစ်တကျဆောင်ရွက် နိုင်ပါသည်။ ၎င်းစနစ်သည် ကြားခံလူ ပါဝင်ဆောင်ရွက် ရခြင်းကို လျှော့ချပေးပြီး မမြင်ရသောအကျိုးတရားများကို လည်းရရှိအောင် အကူအညီပေးမည်ဖြစ်ပါသည်။ ဥပမာ အိန္ဒိယအစိုးရသည် ဤစနစ်ကို အသုံးပြုခြင်းဖြင့် ဘေးသို့ ယိုထွက်မည့်စရိတ် တစ်နှစ်လျှင် ဒေါ်လာ ၁၁ ဘီလီယံ သက်သာမည်ဟု ခန့်မှန်းထားပါသည်။ ဤစနစ်သည် နိုင်ငံ သားများကို ခေတ်မီ Digital စီးပွားရေးဝန်ဆောင်မှုများတွင် လိုအပ်သော မည်သူမည်ဝါ မှန်ကန်ကြောင်းကို Online နှင့်ပြင်ပ နှစ်မျိုးစလုံးဖြင့် စစ်ဆေးနိုင်ပါသည်။ ၎င်းသည် လုပ်ငန်းကုန်ကျစရိတ် နည်းပါးစေနိုင်သဖြင့် ကုန်သွယ်မှုနှင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများ တိုးပွားလာနိုင်ပါ သည်။
 
ယခုလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြင့် အစိုးရအဖွဲ့အစည်းများ၏ တာဝန်ယူမှု၊ တာဝန်ခံ မှုကို မြှင့်တင်နိုင်ခြင်း၊ ပြည်သူ့ဝန်ထမ်းကဏ္ဍကို ပြုပြင် ပြောင်းလဲနိုင်ခြင်း၊ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းနှင့် လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းအတွက် များစွာ အထောက်အကူပြုခြင်း၊ နေရာအတည်တကျမရှိသည့် ရွှေ့ပြောင်းသွားလာသူများအတွက် လူမှုရေးအခက်အခဲများ ကို ဖြေရှင်းပေးနိုင်ခြင်း၊ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် သက်ဆိုင်မှုမရှိသည့်အတွက် အငြင်းပွားဖွယ်ရာကိစ္စများကို လျှော့ချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်ပါသည်။
 
ပြည်သူကိုဗဟိုပြုသည့်စနစ်
 
လူဦးရေမှတ်ပုံတင်စနစ် e- ID လုပ်ငန်းသည် e- Government စနစ် အောင်မြင်ရန် အခြေခံကျသည့် လုပ်ငန်းဖြစ်သည့်အတွက် နိုင်ငံတော်အတွက် အလွန်အရေး ကြီးသည့်လုပ်ငန်းဖြစ်ပါသည်။ ဒီစနစ်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်နိုင်မှသာ ပြည်သူကို မှန်ကန် မြန်ဆန်ထိရောက်စွာနှင့် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ် သကဲ့သို့ အဂတိလိုက်စားမှုလည်း လျော့နည်းသွားအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းအောင်မြင် စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းထားသည့်ကော်မတီဝင်များသာမက အစိုးရအဖွဲ့ အစည်းအားလုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အားလုံး၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံး၊ လူမှု အဖွဲ့အစည်းအားလုံး၊ ပြည်သူအားလုံး၏ တက်ညီလက်ညီ ပူးပေါင်းပါဝင်လုပ်ဆောင်မှုသည် အထူးလိုအပ်ပါသည်။ ထို့ပြင် နိုင်ငံတစ်ဝန်းနေထိုင်ကြသည့် ပြည်သူအားလုံး အသိတရားနှင့် ပူးပေါင်းပါဝင်လာရေး လုပ်ဆောင်သည့် လုပ်ငန်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို သိရှိရေးအတွက် အသိပညာပေးမှုများ၊ သတင်းထုတ်ပြန် အသိပေးမှုများကို မီဒီယာများဖြင့် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ ယခုဆောင်ရွက်မည့် အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေ မှတ်ပုံတင်ခြင်းလုပ်ငန်းသည် နိုင်ငံတော်အတွက် မှတ်တမ်းတင်နိုင်မည့် လုပ်ငန်းတစ်ခုဖြစ်ပြီး အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေ အလွန်လုပ်သင့်သည့် လုပ်ငန်းတစ်ခုလည်းဖြစ်ပါသည်။ ထိုလုပ်ငန်း အောင်မြင်ရေးအတွက် ပြည်သူကိုဗဟိုပြုသည့်စနစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်လှပ်မထားရမည့် လုပ်ငန်းဖြစ်လေရာ လုပ်ငန်းများ ချောမောအောင်မြင်ရေးအတွက် ပြည်သူအားလုံးက ကျရာအခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်လုပ်ဆောင်သင့် ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ထို့အပြင် အဆိုပါ အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင် သည့်လုပ်ငန်းသည် ခေတ်ကာလအချိန်အခါနှင့်အညီ နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်နေသည့် ဦးစားပေးလုပ်ငန်းဖြစ်ပေရာ နိုင်ငံတော်အစိုးရက စတင်ဆောင်ရွက်တော့မည့် အဆိုပါလုပ်ငန်းအား လှိုက်လှဲစွာကြိုဆိုပါကြောင်း ရေးသားလိုက်ပါသည်။
 
ရည်ညွှန်းကိုးကား။ - World Bank – Identity Management System Analysis, Country Report of Myanmar
- ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးတင်ပြချက်များ
- သတင်းစာဆောင်းပါးများ