
မြိတ် မတ် ၂၄
(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် တနင်္သာရီ-မောတောင် လမ်းပေါ်ရှိ အရှည်ပေ ၇၈၇ ပေရှိ ဗောဓိကမ်းတံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ တံတား၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီး၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့မှ ပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။
များစွာအကျိုးကျေးဇူးများရရှိ
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက တနင်္သာရီတိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့ကို ဆက်သွယ်ပေးလျက်ရှိသည့် ဘုရားကြီး-မော်လမြိုင်-မြိတ် - ဘုတ်ပြင်း - ကော့သောင်းလမ်း (အာဆီယံ လမ်းမကြီးအမှတ်-၁၁၂)ကို အာဆီယံလမ်းမကြီး များ၏ လမ်းအဆင့်အတန်း သတ်မှတ်ချက်များနှင့် အညီ ရာနှုန်းပြည့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြင့် မဟာမဲခေါင်ဒေသ စီးပွားရေး စင်္ကြံလမ်းမကြီးများနှင့် ချိတ်ဆက်ပြီး အာဆီယံဒေသတွင်း ကုန်စည်စီးဆင်းမှု လွယ်ကူ လျင်မြန်စေခြင်း၊ ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင်ခြင်း စသည့် ဒေသ ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း။
တနင်္သာရီတိုင်းဒေသကြီးတွင် အကောင်အထည် ဖော်မည့် ထားဝယ်စီးပွားရေး အထူးဇုန်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး အထူးစီးပွားရေးဇုန် တစ်ခု ဖြစ်ပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့နှင့် ပင်လယ်ရေကြောင်းလမ်း၊ ရထားလမ်း၊ ကားလမ်းတို့ ဖြင့် ချိတ်ဆက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အနာဂတ်ငြိမ်းချမ်းသာယာစေရန်၊ နိုင်ငံသူ နိုင်ငံသား များ၏ဘဝ ချမ်းမြေ့ပျော်ရွှင်စေရန် နိုင်ငံတော်အစိုးရ အနေဖြင့် ကောင်းမွန်သော ရည်မှန်းချက်၊ ဦးတည် ချက်များကို ကြိုးပမ်းပုံဖော်လျက်ရှိကြောင်း၊ တိုင်းရင်းသားညီအစ်ကိုများကလည်း နိုင်ငံတော် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး စသည့် လုပ်ငန်းစဉ်များအပေါ် ပိုမိုပူးပေါင်းဆောင်ရွက်ပေး ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး နှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တို့က တံတားတည်ဆောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်
ယင်းနောက် ဒေသခံပြည်သူတစ်ဦးက ဗောဓိ ကမ်းတံတား ဖွင့်လှစ်ပေးသည့်အတွက် နိုင်ငံတော် အစိုးရကို ကျေးဇူးတင်ရှိကြောင်းနှင့် တံတားကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗောဓိကမ်းတံတားကို ပြည်ထောင်စု ဝန်ကြီး ဦးရွှေလေး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ဗောဓိကမ်းတံတား ကမ္ပည်း မော်ကွန်းကျောက်စာတိုင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း က စက်ခလုတ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာရည် ပက်ဖျန်းပေးပြီး တံတားအား ဖြတ်သန်းကြည့်ရှုသည်။
ဗောဓိကမ်းတံတားသည် တနင်္သာရီတိုင်းဒေသ ကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် တနင်္သာရီ-မောတောင်လမ်းပေါ်ရှိ ငဝန်ချောင်းပေါ်တွင် တည် ဆောက်ထားပြီး တံတားအရှည်ပေ ၇၈၇ ပေ၊ R.C Concrete အမျိုးစားဖြစ်သည်။ တံတား၏ Foundation အပိုင်းကို Bored Pile Foundation ဖြင့် တည် ဆောက်ပြီး Super Structure အပိုင်းကို P.C Girder & R.C Slab တို့ဖြင့် တည်ဆောက်ထားကာ တံတား ၏ ခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် အဖွဲ့သည် ဘုတ်ပြင်းမြို့သို့ရောက်ရှိပြီး တောင်ဒဂုံ ဆီအုန်း စိုက်ပျိုးရေးစီမံကိန်းဆီကြမ်းစက်ရုံကို သွား ရောက်ကြည့်ရှုစစ်ဆေးရာ စီမံကိန်း ဒါရိုက်တာ ဦးမောင်မောင်လတ်က ဆီသီးခိုင်များ ကြိတ်ခွဲ၍ ဆီကြမ်းများ ထုတ်လုပ်နေမှုကို လိုက်လံရှင်းလင်း ပြသသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် အဖွဲ့အား ဘုတ်ပြင်းမြို့နယ် အတွင်းရှိ ဆီအုန်းစိုက်ပျိုး ထုတ်လုပ်မှု ကုမ္ပဏီများမှ သက်ဆိုင်ရာ တာဝန်ရှိသူ များက အဆိုပါ စက်ရုံရှိ ရိပ်သာ၌ ဆီအုန်းပင်များ စိုက်ပျိုးမှု အခြေအနေ၊ ဆီကြမ်းထုတ်လုပ်မှု အခြေ အနေနှင့် စက်ရုံလည်ပတ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
လိုက်လံကြည့်ရှုစစ်ဆေး
ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဆီအုန်းပင်များ စိုက်ပျိုးထားရှိမှု အခြေအနေကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်