
မိုးကေနိုင်
မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရခဲ့သည်မှာ (၇၆) နှစ်ရှိပါပြီ။ သို့သော် နိုင်ငံကား မငြိမ်းချမ်းနိုင်သေး၊ ဖွံ့ဖြိုးမှုကား နောက်ကျဆဲ၊ တိုးတက်မှုကား တုံ့ဆိုင်းဆဲ၊ တွန်းအားများနှင့် ရွေ့မည်ကြံတိုင်း ခရီးကား မရောက်၊ လှော်ရင်းနစ်နေသည်၊ မာယာများသည့်မြစ်ရေအယဉ်မှာ နစ်သထက်မနစ်အောင် လှေကိုကြိုးစား လှော်နေရသည်။
ခေါင်းဆောင်ကောင်း၊ ပညာနှင့်အမြော်အမြင်၊ မျိုးချစ်စိတ်နှင့်ညီညွတ်မှု
သမိုင်းအစဉ်အဆက် မြန်မာတို့ ညီညွတ်ချိန်၊ လက်နက်အင်အား လူအင်အားစုစည်းညီညွတ်ချိန် တွင် နိုင်ငံသည် အဘက်ဘက်မှ အင်အားကောင်းခဲ့ ပြီး နိုင်ငံသမိုင်း၊ လူမျိုးသမိုင်း၊ ယဉ်ကျေးမှုသမိုင်း ထည်ထည်ဝါဝါရှိခဲ့သည်ကို အားလုံးအသိ။ မညီ မညွတ်၊ အင်အားမကောင်းသည့်အခါ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည်။
ခေါင်းဆောင်မှုကောင်းခြင်း၊ တပ်မတော် အင်အားရှိခြင်း၊ မြန်မာတို့ စုစည်းညီညွတ်ခြင်းတို့ပြည့်စုံချိန်တွင် လွတ်လပ်ရေးပြန်လည်ရခဲ့သည့်သာဓကမှာ အထင်အရှားရှိပြီး ဖြစ်သည်။ ခေါင်းဆောင်မှုက အားနည်း၊ အချင်းချင်း မညီညွတ်၊ အဆိုးရွားဆုံးအခြေအနေတွင် နိုင်ငံ၏အချုပ်အခြာ နှင့် လွတ်လပ်ရေး အကြိမ်ကြိမ် ယိမ်းယိုင်ခဲ့ရသည် ကို ကြုံရသည်မှာ အခါခါ။ တိုင်းပြည်မပြိုကွဲ အောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်မှာလည်း အကြိမ်ကြိမ်။ ကမ္ဘာ့အလယ်မှာ မြန်မာဆိုတာ ထည်ဝါရှင်သန်ဖို့က ခေါင်းဆောင်ကောင်းတို့ရှိသည့် အချိန်၊ ထိုခေါင်းဆောင်တို့၏ ပညာဉာဏ်အမြော် အမြင်ကြီးမှု၊ ထက်သန်သောမျိုးချစ်စိတ်နှင့် ထာဝရ စည်းလုံးညီညွတ်မှုတို့ မျှတသဟဇာတဖြစ်နေမှသာ ရရှိနိုင်မည်ဆိုသည့် သင်ခန်းစာလည်း ရရှိပြီးဖြစ်သည်။
ယာလည်းညက်စေ ကြက်လည်းပန်းစေလိုသည့်လုပ်ရပ်သတိထား
ယခု (၇၆)နှစ်မြောက် အခါသမယလွတ်လပ်ရေး နေ့ထူးနေ့မြတ်နှင့်တိုက်တိုက်ဆိုင်ဆိုင် မင်္ဂလာယူ ဖွံ့ဖြိုးဖို့အားယူရမည့် အခြေအနေတွင် အားလုံး သိကြသည့်အတိုင်း နိုင်ငံ၏ အချုပ်အခြာကို တစ်စွန်းတစ်စမျှ ပဲ့ပါမသွားအောင် ကြိုးစားနေ ရသည်။ လွတ်လပ်ရေး ရပြီးကတည်းက တောက်လောင်နေခဲ့သည့် စစ်မီးကား ယခုကာလ လေးမှာ အရှိန်အဟုန်နှင့် ထတောက်နေသည်။ ကိုယ့်နိုင်ငံအတွက် ဝမ်းနည်းစရာကောင်းလှသည်က နိုင်ငံကို အစိတ်စိတ်အမြွှာမြွှာပြိုကွဲသည်အထိ ဖဲ့ယူ နေကြသည့်မြင်ကွင်းများကို ဒိဋ္ဌဓမ္မ တွေ့မြင်ရခြင်း ပင်ဖြစ်သည်။
အိမ်ကြက်ချင်းခွပ်ခိုင်းထားပြီး ယာလည်း ညက်စေ ၊ ကြက်လည်းပန်းစေ အချုပ်အခြာအာဏာ ထိပါးစော်ကားခံနေရသည့်အခြေအနေဖြစ်သည်။ တပ်မတော်ကို စစ်မျက်နှာပေါင်းစုံဖွင့်၍ အခက် အခဲ အကျပ်အတည်းပေါင်းစုံဖြစ်အောင် ထိုးနှက်နေ သည်။ ခေတ်အဆက်ဆက် ဘယ်လိုမှ ဦးနှိမ်၍ မရ သော တပ်မတော်၏ ရေကုန်ရေခန်းအသက်ပေး ကာကွယ်ရမည့် စိတ်ဓာတ်ကြောင့်သာ ခံသာတော့ သည်။ ပြိုကွဲမည်ကို မလိုလားသော ပြည်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားနယ်မြေများရှိ ငြိမ်းချမ်းရေးဗိသုကာများကြောင့်သာ အနာဂတ် နိုင်ငံအလင်းရောင် မပျောက်ပြယ်ခြင်းဖြစ်သည်။ အဆုံးအရှုံးများကိုကြည့်၍ ကိုယ့်ပြည်တွင်းရော ပြည်ပမှပါ လက်တွေ့ကျသော သင်ခန်းစာများကို ပညာဉာဏ်ဖြင့် ရယူကြရမည့်အချိန်တန်ပါပြီ။
ယနေ့ခေတ်ပုစ္ဆာတွေက အသစ်ဖြစ်ပြီး မေးခွန်း များက ဆန်းပြားသည်။ သို့သော် အနာသိက ဆေးရှိ သည်သာဖြစ်သည်။ အတ္တမာနကြီးလွန်းသည့် တချို့သော လက်နက်ကိုင်ခေါင်းဆောင်များ၏ အမြော်အမြင်နည်းပါးလွန်းမှုကြောင့် ညီညွတ်မှု ပြိုကွဲနေရခြင်းကို ထင်ထင်ရှားရှားမြင်နေရပြီပဲ။ အစိုးရနှင့်ပြည်သူ၊ တပ်မတော်နှင့် ပြည်သူကို ရန်တိုက်ပေးနေသည့် နိုင်ငံရေးအတ္တသမားများက တိုင်းပြည် စုတ်ပြတ်သတ်အောင် လုပ်သလို ဖြစ်နေ သည်ကို မျက်ခြည်မပြတ်ရန်လိုသည်။ ဒီလိုအခြေ အနေမျိုးတွေ မြန်မာ့မြေပေါ်မှ ပျောက်ကွယ်အောင် ဘယ်လိုလုပ်ကြမလဲ၊၊
ရုန်းကန်ခဲ့ရခြင်းအတူတူ နမူနာပြနိုင်ငံများ
ယနေ့ (၇၆) နှစ်မြောက် မြန်မာတို့၏လွတ်လပ် ရေးနှင့်အတူ နိုင်ငံ၏ မပြီးဆုံးနိုင်သော အဆိုး အကျော့သံသရာကို ဆန်းစစ်မိသည်။ အချို့နိုင်ငံများ နှင့် ချိန်ထိုးစဉ်းစားမိခြင်းဖြစ်သည်။ အနီးအနားက တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်၊ မနီး မဝေးက ဂျပန်၊ ကိုရီးယား၊ အဝေးက အာဖရိကနိုင်ငံ များ၊ ရုရှား စသည့် နိုင်ငံများ။ ရုန်းကန်ခဲ့ရခြင်းအတူတူ အများအပြားသော နိုင်ငံများ ဘာကြောင့် မြန်မြန် ဆန်ဆန် တိုးတက်သွားကြရသလဲ။ မြန်မာနိုင်ငံ ကဲ့သို့ ရောင်စုံသူပုန်ထူပြောပြီး ပြည်တွင်းစစ်မရှိလို့ လား၊ ကျင့်သုံးသည့် နိုင်ငံရေးစီးပွားရေးစနစ်တွေကြောင့်လား၊ ခေါင်းဆောင်က အာဏာရှင် မဟုတ် လို့လား၊ သယံဇာတအရင်းအမြစ်ကြောင့်လား စသည်ဖြင့်.. အနည်းနှင့်အများ တူညီတာတော့ရှိ သည်။
ထိုင်းမှလွဲ၍ ကျန်နိုင်ငံအားလုံး ပြည်တွင်းစစ်၊ ပြည်ပစစ်၊ ကိုလိုနီနယ်ချဲ့တွန်းလှန်စစ် စသည် တစ်ခုမဟုတ် တစ်ခု ကြုံခဲ့ကြရသည်ပင်။ မြန်မာက အင်္ဂလိပ်ကိုလိုနီကျွန်ပြုခံဘဝ၊ တရုတ်က အင်္ဂလိပ် နှင့် ဂျပန်လက်အောက်ရောက်ဖူးခဲ့၊ ကိုရီးယားက ဂျပန်လက်အောက်ခံဖြစ်ခဲ့ပြီး ကိုရီးယားတောင်- မြောက်စစ်မှာ နိုင်ငံနှစ်ခြမ်းကွဲခဲ့ရ၊ ကမ္ဘောဒီးယားက ပြင်သစ်ကိုလိုနီ၊ ဗီယက်နမ်က ပြင်သစ်ကိုလိုနီနှင့် အမေရိကန်လက်အောက်မှာ တောင်နှင့် မြောက် ဗီယက်နမ် စစ်ဒဏ်ခံခဲ့ရ၊ အာဖရိကနိုင်ငံအားလုံး ကတော့ ဥရောပကိုလိုနီမဖြစ်ဖူးခဲ့သည့်နိုင်ငံဟူ၍ မရှိခဲ့ပါ။ ရုရှားကတော့ ဒုတိယကမ္ဘာစစ်မှာ နာဇီ ဂျာမနီတို့၏ ကျူးကျော်တိုက်ခိုက်မှုခံခဲ့ရပြီး စစ်အေး ကာလမှာ ဆိုဗီယက်ပြည်ထောင်စုကြီး အစိတ်စိတ် အမြွှာမြွှာပြိုကွဲခဲ့ရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ တင်ပြပါနမူနာပုံစံအားလုံးက သူ့အကြောင်းတရား နှင့်သူ၊ သူ့အတွေ့အကြုံနှင့်သူ ရုန်းကန်ကြိုးစား ထူထောင်ခဲ့ရသည့် နိုင်ငံများဖြစ်ကြသည်။ ယခု မျက်မှောက်မှာတော့ မြန်မာနှင့် အာဖရိကနိုင်ငံ အများစုမှလွဲ၍ ကျန်နမူနာ နိုင်ငံအားလုံးက တိုးတက်ဖွံ့ဖြိုးနေသည်ကို တွေ့ရသည်။
ကိုယ်ပိုင်အမျိုးသားရေးစရိုက်နှင့်ညီညွတ်မှုကို မျှတအောင် ထိန်းညှိနိုင်လျှင်
အတိတ်အကြောင်းအရာများ ခပ်ဆင်ဆင်ဖြစ် သော်လည်း တိုးတက်မှု၊ မတိုးတက်မှု၊ ချမ်းသာမှု၊ ဆင်းရဲမှု ဘယ်နေရာတွေမှာ ဘာတွေကွာခြားသွား ခဲ့ကြပါသလဲ.. ။ အကြောင်းတရားကိုယ်စီရှိခဲ့ကြမည် ဖြစ်သော်လည်း အဓိကအရင်းခံအကြောင်းတရား ကတော့ တစ်ခုတည်းသာရှိ လိမ့်မည်ဟု ဆိုချင်သည်။ လွတ်လပ်ရေးရပြီးစ ပါလီမန်ခေတ်၊ ဆိုရှယ်လစ် ခေတ်မှစပြီး ဒီဘက်ဒီမိုကရေစီခေတ်အထိ ကိုလိုနီ နယ်ချဲ့စနစ်၏ဆိုးမွေကြောင့်ဟု တွင်တွင်သမုတ် ခဲ့ကြသည်မှာလည်း အားလုံးအသိ။ ထိုအထဲတွင် ကျွန်တော်တို့လည်း ပါခဲ့သည်။ ကိုလိုနီနယ်ချဲ့ ကြောင့် ဆိုသည်ကို အတိတ်မှာ ရေးရေးလေးထားခဲ့ ပြီး ယနေ့ဘဝမှာ လက်တွေ့ကျသော မဖြစ်မနေ လုပ်ကို လုပ်ရမည့်အလုပ်တစ်ခုကိုတော့ မျက်ခြည် မပြတ် စေချင်ပါ။
ထင်ထင်ရှားရှားပြနေသည့် အကြောင်းတရား တစ်ခုကို ဘယ်လိုရှာဖွေ၊ ဘယ်လိုလုပ်ကြမလဲဆို သည်ကသာ အဓိကဖြစ်မည်ထင်ပါသည်။ ဆိုလိုချင် သည်မှာ “အမျိုးသားရေး စရိုက်လက္ခဏာအပြည့်ရှိ သော ညီညွတ်ရေးမျိုး” ဖြစ်သည်။ ဘယ်လိုမှ မညီညွတ်နိုင်သော မြန်မာများအတွက် စည်းလုံး ညီညွတ်မှု မရှိကြခြင်းကိုသာ အကြောင်းတရား တစ်ခုအဖြစ် မြင်မိသည်။
ဖော်ပြခဲ့သည့် နှိုင်းယှဉ်နိုင်ငံများ၏ တိုးတက်မှု အကြောင်းတရားသည်လည်း သူတို့တစ်မျိုးသားလုံး ၏ ညီညွတ်မှုသည်သာ အဓိကဖြစ်မည်ဟု ဆိုချင်ပါ သည်။ နိုင်ငံရေးစနစ်နှင့် ဆိုင်နေသလား၊ ဒီမိုကရေစီ ကြောင့်လား၊ ကွန်မြူနစ်ဆိုရှယ်လစ်ကြောင့်လား၊ တစ်ပါတီကြောင့်လား၊ ပါတီစုံကြောင့်လား၊ နှိုင်းယှဉ် နိုင်သည်။ ပြောရလျှင် ဆိုရှယ်လစ်ကွန်မြူနစ် ကျင့်သုံးသော၊ ပါတီစုံဆိုသော်လည်း တစ်ပါတီ လွှမ်းမိုးသော နိုင်ငံများကတောင် ပိုပြီးဖွံ့ဖြိုး တိုးတက်နေသည်ကို တွေ့ရသည်။ မြင်တတ်လျှင် နိုင်ငံတစ်နိုင်ငံ၏ တပ်မတော်အင်အားရှိမှုနှင့်လည်း ဆိုင်သည်။ဆင်းရဲခြင်း၊ မဆင်းရဲခြင်းက နိုင်ငံရေးမှာ တပ်မတော်ပါဝင်ပတ်သက်မှုနှင့်လည်း ဆိုင်ချင်မှ ဆိုင်မည်။ ဘယ်လို အနေအထားမှာပဲဖြစ်ဖြစ် သေချာတာကတော့ သူတို့နိုင်ငံသားများ၏ ညီညွတ် မှုနှင့် ညီညွတ်အောင်လုပ်နိုင်စွမ်းသော ခေါင်းဆောင် တို့၏ အမြော်အမြင်ရှိမှုက အရေးပါသောအချက်ဖြစ် ပါမည်။
ဖော်ပြပါနမူနာပြနိုင်ငံများ၏ အတိတ်ကိုကြည့် လျှင် မညီညွတ်ကြခြင်းနှင့် မညီညွတ်ခြင်း၏ ခါးသီး သောအတွေ့အကြုံများ ကိုယ်စီရှိခဲ့ကြသည်ချည်း ဖြစ်ပါသည်။ မညီညွတ်သည်ကို ညီညွတ်အောင် သူတို့ ဘယ်လိုလုပ်ခဲ့ကြသလဲ၊ ဘယ်လိုနည်းလမ်း တွေ ကျင့်သုံးခဲ့သလဲ၊ ဘယ်လိုကြိုးစားတည်ဆောက် ခဲ့ကြသလဲ၊ ကျွန်တော်တို့မှာ အမှားထဲမှ သင်ခန်းစာ ယူစရာတွေ များစွာရှိပါလိမ့်မည်။
မမေ့သင့်သော အချက်တစ်ခုကား ရှိနှင့်ပြီး ဖြစ်ပါသည်။ သူတို့၏ ညီညွတ်မှုဆိုသည်ကို နိုင်ငံ၏ အမျိုးသားရေးစရိုက်လက္ခဏာများဖြင့် ထိန်းညှိနိုင် ခြင်းပင်ဖြစ်သည်။ ထိုအချက်ကို ဒီမိုကရေစီကျင့်သုံး သော ထိုင်းနိုင်ငံဥပမာတွင် တွေ့နိုင်သည်။ သူတို့၏ အမျိုးသားရေးလက္ခဏာက ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်ခြင်းနှင့် ဘုရင်စနစ်ကို ဦးထိပ်ထားခြင်း ဖြစ်သည်။ သူတို့နိုင်ငံသားများက ထိုလက္ခဏာနှစ်ခု ကို လုံးဝအထိမခံ၊ ထိုအချက်တွေ အောက်မှာ ခေါင်းဆောင်တို့၏ အမြော်အမြင်ရှိမှုပါ ပေါင်းစပ် လိုက်သည့်အခါ ရှေးအတိတ်ကာလမှာ အင်္ဂလိပ်နှင့် ပြင်သစ်တို့ကြား ကြားမညပ်ဘဲ ကျွန်ပြုခံရမည့် အရေးမှ လွတ်မြောက်ခဲ့ရသည့် နမူနာကောင်းရှိ ခဲ့ဖူးသည်၊၊ သူတို့၏ အမျိုးသားရေးစရိုက်အခြေခံ ညီညွတ်မှု၊ အမြော်အမြင်ရှိမှုတို့ကြောင့် မကြာခဏအာဏာသိမ်း အကြိမ်ကြိမ်ဆူပူဆန္ဒပြမှုများရှိခဲ့ သော်လည်း သူတို့နိုင်ငံသားတွေက သူတို့တိုင်းပြည် ကို ဘယ်တော့မှမဖျက်ဆီး၊ နိုင်ငံကလည်း ဘယ်တော့မှမပျက်စီး၊ တည်ငြိမ်ပြီး တိုးတက်နေ ခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။
မတူညီမှုများထဲမှ တူညီရာများ
နောက်ထပ်ဥပမာက ကမ္ဘောဒီးယား။ ပြင်သစ် ကိုလိုနီဖြစ်ခဲ့ဖူးပြီး အမေရိကန်တို့၏အပြင်းအထန် ဗုံးကြဲမှုကို နှစ်များစွာ ခံခဲ့ရဖူးသည်၊၊ ၁၉၇၅-၇၉ ခမာနီလူမျိုးတုံးသတ်ဖြတ်မှုက နာမည်ကြီးသည်။ ၁၉၉၇ ခုနှစ်မှ ယနေ့ထိတိုင် ကမ္ဘောဒီးယား ပြည်သူ့ ပါတီမှ တစ်ပါတီတည်း ကြီးစိုးအုပ်ချုပ်ပြီး နိုင်ငံမှာ တိုးတက်သော နိုင်ငံတစ်နိုင်ငံအဖြစ် ပုံဖော်ခြင်း ခံနေရသည်မှာ နိုင်ငံရေးအရ တည်ငြိမ်မှုနှင့် ပြည်တွင်းငြိမ်းချမ်းမှုကြောင့်ဟုပင် ဆိုနိုင်ပါသည်။
ဗီယက်နမ်နိုင်ငံ၏ ဖွံ့ဖြိုးမှုမှာမူ ပို၍သိသာ ပါသည်။ ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် နိုင်ငံရေးတည်ငြိမ်မှုနှင့်အတူ ဈေးကွက်စီးပွားရေး စနစ်က အားကောင်းလှသည်။ ပြင်သစ်ကိုလိုနီနှင့် အမေရိကန်နယ်ချဲ့မှုအောက်မှာ တောင်နှင့်မြောက် ခက်ခက်ခဲခဲပူးပေါင်းခဲ့ရသည့် ပြင်းထန်ဆိုးရွားလွန်း သော လွတ်လပ်ရေးကြိုးပမ်းမှုများက ဗီယက်နမ် တိုင်းရင်းသားလူမျိုးစုများအား စည်းလုံးညီညွတ်မှု ကို ခိုင်ခိုင်မာမာ ရရှိသွားစေသည်။ ကွန်မြူနစ်များဦးဆောင်မှုအောက်တွင် လယ်သမား၊ အလုပ်သမား၊ ဝန်ထမ်း၊ စီးပွားရေးလုပ်ငန်းရှင်၊ နိုင်ငံသားများ၏ ပညာဉာဏ်ပါသော ညီညွတ်မှုအင်အားက တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို မရပ်တန့် နိုင်လောက်အောင်ပင်ဖြစ်သည်မှာ အားကျစရာ ဖြစ်သည်။
ထို့အတူ အိမ်နီးချင်းအင်အားကြီးနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၊ သူတို့၏ အတိတ်သမိုင်းမှာ ခမ်းနား ကြီးကျယ်ခဲ့သလောက် နယ်ချဲ့များ လက်အောက်မှာ အရှက်ရစရာ၊ သိမ်ငယ်စရာအဖြစ်အပျက်များစွာရှိ ခဲ့ပြီး ကျူးကျော်သူဂျပန်ကို တိုက်ထုတ်ခဲ့ရသည့် ပြည်ပစစ်၊ ကူမင်တန်တို့နှင့်ဆင်နွှဲခဲ့ရသည့် ကာလ ရှည် ပြည်တွင်းစစ်ကြီးက သူတို့နိုင်ငံသားတွေကို ပို၍ညီညွတ်သွားစေသည်။
ထိုအချက်များကပင် တရုတ်မူပိုင်အမျိုးသားရေး လက္ခဏာများက ပို၍ပီပြင်သွားသည်။ တရုတ် နိုင်ငံသားတို့၏ မျိုးချစ်စိတ်နှင့် အမျိုးသားရေး စိတ်ဓာတ်သည် ပါတီ၏ ဦးဆောင်မှုကြောင့်အပြင် သူတို့နိုင်ငံသားတွေကိုယ်တိုင်၏ သွေးထဲမှာကို ပင်ကိုစိမ့်ဝင်နေသည့် စိတ်ဓာတ်မျိုးဖြစ်သည်၊ အလွန်အားကျအတုယူစရာဖြစ်ပါသည်။ ရုရှားနိုင်ငံ ၏ အမျိုးသားရေးစိတ်ဓာတ်ကိုရော သင်မည်သို့ ရှူမြင်မည်နည်း။ အားလုံးတွင် သိသာသော ကွဲပြား ခြားနားမှုများ မရှိလှပါ။ ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်နာဇီဂျာမနီအား အသက်ခန္ဓာ သန်းနှင့်ချီ ပေးဆပ်ပြီးမှ ရယူထားရသည့် လွတ်လပ်ရေး၊ အမေရိကန်နှင့်အပေါင်းပါတို့နှင့် ရင်ဆိုင်ခဲ့ရသည့် စစ်အေးတိုက်ပွဲ၊ အနောက်အုပ်စု၏ ဖြိုခွဲခံရပြီး အစိတ်စိတ် အမြွှာမြွှာပြိုကွဲအပြီး နိုင်ငံကို ကြီးပွား တိုးတက် အင်အားကြီးမားလာအောင် ကြိုးစားခဲ့ရ သည့် ရုရှားခေါင်းဆောင်များနှင့် ရုရှားလူမျိုးတို့၏ ယူရေးရှားစိတ်ဓာတ်ကိုအခြေခံသည့် အမျိုးသားရေး လက္ခဏာရပ်ကိုလည်း ညီညွတ်မှုနှင့် တွဲ၍မြင်လို့ရပါ သည်။
ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် ကျန်ရှိသည့် ရုရှားနယ်မြေများကို ထပ်မံပြိုကွဲရန်ကြိုးပမ်းလာ သည့် ချေချင်းညာကို ရုရှားတပ်မတော်က အပြီး အပိုင်ချေမှုန်းတိုက်ခိုက်ခဲ့အပြီး ရုရှားနိုင်ငံတော် ကြီး၏ တည်ငြိမ်တိုးတက်မှုမှာ အထင်အရှားဖြစ်လာ သည်ကို မြင်နိုင်ပါသည်။ အနာဂတ်တွင် ရုရှားနိုင်ငံ ၏ အန္တရာယ်မှန်သမျှ၌ အတူလက်တွဲပါဝင်မည့် ချေချင်းတို့ကို ယနေ့တွေ့မြင်ရသည်မှာ ရုရှား နိုင်ငံ၏ နမူနာယူစရာ ညီညွတ်မှုစွမ်းအားကြောင့် ဟု ဆိုနိုင်ပါသည်။
အားလုံးသည် နမူနာယူစရာများဖြစ်သည်ကို တွေ့ရပါမည်။ ထိုနိုင်ငံများသည် လွတ်လပ်ရေးနှင့် အချုပ်အခြာကို ဘယ်လိုကာကွယ်စောင့်ရှောက် ထိန်းသိမ်းနေကြပါသလဲ၊ သေချာတာတစ်ခုကို သတိထားမိသည်။ ယနေ့ ပစ္စုပ္ပန်အခြေအနေကို ထင်ဟပ်သည့် အတိတ်အကြောင်းတရားများအပေါ် အလွန်အမင်း လက်ညှိုးထိုး အပြစ်မပုံချကြခြင်း ပင်ဖြစ်သည်။ အတိတ်ကသင်ခန်းစာကို ယူရုံသာဖြစ် သည်။ ပစ္စုပ္ပန်မှာက မိမိချို့ယွင်းချက်များကို အမှန် မြင်ပြီး မိမိဘာသာ မှန်မှန်ကန်ကန် သုံးသပ်ပြင်ဆင် နိုင်ရန်ပင်ဖြစ်သည်။ ကိုယ်မတိုးတက်တာ၊ ကိုယ် ဆင်းရဲတာအားလုံး ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိသည်ဟုသာ ခံယူသည်။ အထက်ပါတင်ပြ ခဲ့သည့်နိုင်ငံများနှင့် အာဖရိကနိုင်ငံအများစု ဘယ်နေရာမှာ ဘယ်လိုကွာခြားသွားကြပါသလဲ။ အာဖရိကနိုင်ငံများက သူတို့ဆင်းရဲတာ၊ မတိုးတက် တာ၊ ပြည်တွင်းစစ်နှင့် နပန်းလုံးနေရတာကို ကိုလိုနီနယ်ချဲ့တွေကြောင့်ဆိုပြီး ယခုထိလက်ညှိုး ထိုးကောင်းတုန်း။ ထို့ကြောင့် ဒီနိုင်ငံတွေသည် အဆိုးသံသရာမှာကျန်ခဲ့သည်ဟု မြင်မိသည်၊၊ ယနေ့ အခြေအနေမှာ ထိုင်း ဘယ်လိုလုပ်နေသလဲ၊ အင်အားကြီး နိုင်ငံများအကြား တည်ငြိမ်စွာ ရပ်တည်နေသည့် ဗီယက်နမ်အခင်းအကျင်း၊ ဒုတိယ ကမ္ဘာစစ်မှာ အဏုမြူဗုံးဒဏ်ခံရပြီး စစ်ရှုံးပြာပုံ ဘဝရောက်ခဲ့ရသည့်ဂျပန် ယခုဘယ်လို အခြေအနေ ရောက်နေပြီလဲ၊ တိုင်းပြည်၏ ရန်ဆူးရန်ငြောင့် မှန်သမျှ အမြစ်ပြတ်ချေမှုန်းပြီးမှ တိုင်းရင်းသားများ ၏ညီညွတ်မှုကိုရယူခဲ့သည့် ရုရှားနိုင်ငံသည်လည်း နမူနာယူစရာ၊ လစ်ဘရယ်ဆန်သော အမျိုးသားရေး ဝါဒကျင့်သုံးသည့် တရုတ် စသည်ဖြင့်..မတူညီမှုတွေ အနည်းအများရှိနိုင်သော်လည်း အားလုံးမှာ တူညီမှု တစ်ခုသာရှိပါသည်။
ထိုအချက်ကား နိုင်ငံသားအားလုံး၏ ညီညွတ်မှု၊ အမျိုးသားရေးဇာတိမာန်နှင့် တိုးတက်လိုစိတ်များ ပင်ဖြစ်ပါသည်။ ထိုအချက်များကပင် နိုင်ငံ၏ အချုပ် အခြာ၊ နိုင်ငံ၏လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ် နိုင်မည့် ပြည်သူအများကောင်းစားရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို အာမခံမည့် အာမခံချက်များအဖြစ် အလေးအနက်ထား ယုံကြည်ကြရပါမည်။ ။
- Log in to post comments