(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် စတင်ကျင်းပ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် မိဘပြည်သူများ စိတ်ပါဝင်စားစွာ တစ်ခဲနက်ပါဝင်ဆင်နွှဲ

 

နေပြည်တော်   ဒီဇင်ဘာ   ၂၀
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော် ရှိ ဝဏ္ဏသိဒ္ဒိအားကစားရုံ (B)၌ စည်ကား သိုက်မြိုက်စွာ  စတင်ကျင်းပရာ  ဝန်ကြီး ဌာနအသီးသီးမှ  ဌာနဆိုင်ရာဝန်ထမ်း များ၊   အခြေခံပညာကျောင်းများမှ   ဆရာ ဆရာမများနှင့် ပညာရေးဒီဂရီကောလိပ် မှ  ဆရာ  ဆရာမများ၊   ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူ များ တစ်ခဲနက်ပါဝင်ဆင်နွှဲကြသည်။ 
ပြခန်းများ ခင်းကျင်းပြသ
အဆိုပါပွဲတော်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊  ပြည်ထဲရေး ဝန်ကြီးဌာန၊  စီမံကိန်းနှင့်  ဘဏ္ဍာရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန၊       ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နှင့်  တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာကဏ္ဍများ အလိုက်ပြခန်းများဖြစ်သည့် ရေကြောင်း၊ လေကြောင်း၊ မြန်မာ့မီးရထားနှင့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ    အသိပညာပေးပြခန်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိ ပညာပေးပြခန်း၊   လူကုန်ကူးမှုတိုက်ဖျက် ရေး အသိပညာပေးပြခန်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း  အသိပညာပေးပြခန်း၊ လွတ်လပ်သော မြန်မာနိုင်ငံ၏ နိုင်ငံတော် အလံလွှင့်တင်ခြင်းအခမ်းအနား မှတ်တမ်း မှတ်ရာ၊ လွတ်လပ်ရေးကြေညာစာတမ်း နှင့် လွတ်လပ်ရေးအသိအမှတ်ပြုစာတမ်း၊ မြန်မာနိုင်ငံတော်အလံများနှင့်    ၁၉၄၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ချီးမြှင့်အပ်နှင်းခဲ့ သည့်    ဂုဏ်ထူးဆောင်ဘွဲ့ပြခန်းများ၊ ကချင်ပြည်နယ် ပူတာအိုခရိုင် မဂွေဇ -  ခေါင်လန်ဖူးလမ်း    ဖောက်လုပ်မှုဆိုင်ရာ မှတ်တမ်းဓာတ်ပုံပြခန်းများ၊ စာအုပ်စာပေ အရောင်းဆိုင်နှင့်  စာပေဗိမာန်ဆိုင်ရာ မှတ်တမ်း ဓာတ်ပုံပြခန်းများကို ခင်းကျင်း ပြသထားသည်။
ထို့ပြင် ပြည်သူများ သိသင့်သိထိုက် သည့်   သမိုင်းဝင်စာချုပ်၊   စာတမ်းများ နှင့်   ကျောက်စာများပြခန်း၊   အမျိုးသား စာကြည့်တိုက်ပြခန်း၊    ဇီဝမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်းနှင့် မြန်မာနိုင်ငံ ၏    အဓိကဂေဟစနစ်ကြီးများပြခန်း၊ သစ်တောသစ်ပင်ဆိုင်ရာ အသိပညာပေး ပြခန်း၊ နိုင်ငံအတွင်းနေထိုင်သူ အသက် ၁၀   နှစ်အထက်ရှိ   နိုင်ငံသားများအား ကိုယ်ရေးအချက်အလက် စိစစ်ကောက်ယူ မှုပြုလုပ်ပေးသည့်ပြခန်း၊ အခြေခံပညာ နှင့် အဆင့်မြင့်ပညာကဏ္ဍပြခန်း၊ လျှပ်စစ် ကားနည်းပညာဆိုင်ရာပြခန်း၊ ရွေ့လျား သိပ္ပံနှင့်   နည်းပညာပြခန်း၊   နည်းပညာ တက္ကသိုလ်များ၏ ကဏ္ဍအလိုက် ဆန်းသစ် တီထွင်မှုပြခန်း၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန   တက္ကသိုလ်နှင့် သင်တန်းကျောင်းများမှ   လူငယ်ဆိုင်ရာ လှုပ်ရှားမှုပုံရိပ်ပြခန်း၊ လူငယ်များ သိသင့် သိထိုက်သည့် အားကစားနှင့် လူငယ်ရေးရာ ပြခန်းနှင့်  E-Sports  ပြခန်း၊  ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ တိုးတက် ကျယ်ပြန့်စေရန်    ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံများပြခန်းနှင့် တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုပြခန်းတို့ကို ခင်းကျင်းပြသထားသည်။ 
စာအုပ်များခင်းကျင်းပြသရောင်းချ
အလားတူစာအုပ်စာပေများ ဖတ်ရှု၍ အသိပညာ၊ အတတ်ပညာဗဟုသုတများ  ရယူရန်    စိတ်အားထက်သန်ကြသည့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များအတွက်လည်း ပြန်ကြား ရေးဝန်ကြီးဌာနနှင့်    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ     စာအုပ် အရောင်းဆိုင်များ ဖွင့်လှစ်ထားပြီး စာပေ ဆုရစာအုပ်များ၊ ရသစာအုပ်များ၊ ဘဝ အောင်မြင်ရေးစာအုပ်များ၊ ကျန်းမာရေး ကဏ္ဍစာအုပ်များ၊ ပညာရပ်ဆိုင်ရာစာအုပ် များ၊ ဘာသာပြန်စာအုပ်များ၊ အနုပညာ စာအုပ်များ၊ ဆောင်းပါးများ၊ ရုပ်ပြစာအုပ် များ၊ စီးပွားရေးစီမံခန့်ခွဲမှု စာအုပ်များနှင့် သမိုင်းစာအုပ်များခင်းကျင်းပြသရောင်းချလျက်ရှိရာ     စာပေဗဟုသုတများနှင့် စာပေအသိဉာဏ်များစွာ    ရရှိစေသည့် အတွက်  စာပေချစ်သူများဖြင့်   စည်ကား လျက်ရှိသည်။
ပွဲတော်အတွင်း၌လည်း  (၇၆)  နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ”ရောင်စုံဓာတ်ပုံ ပြပွဲနှင့် ၂၀  ရာစု   မြန်မာစာရေးဆရာ ဆရာမကြီးတို့၏ ဓာတ်ပုံများ၊ တိုင်းဒေသ ကြီး/ပြည်နယ်များအတွင်းရှိ တန်ခိုးကြီး ဘုရားစေတီများ၊ သဘာဝအလှရှုခင်းများ၊ ရိုးရာဓလေ့ပွဲတော်များနှင့်    အထင်ကရ နေရာများ၏     မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားရှိရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြသူများကို တွေ့ရသည်။
ဖျော်ဖြေရေး   အစီအစဉ်များအဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး   ညွှန်ကြားရေးမှူးရုံးနှင့် အနုပညာဦးစီး ဌာနမှ   ဝန်ထမ်းများနှင့်   နိုင်ငံကျော် အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများ ကြောင့်လည်း ပြပွဲကြီးကိုပိုမိုအသက်ဝင်  စေခဲ့ကာ    ပြပွဲလာရောက်ကြသူများက လည်း  စိတ်အားထက်သန်စွာ   ကြည့်ရှု အားပေးကြသည်။ 
အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်
ထို့ပြင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မှ စိတ်ဝင်စားဖွယ်အစီအစဉ်တစ်ခုအဖြစ် ပြည်သူများ    တီဗွီဖန်သားပြင်မှသာ တွေ့မြင်နိုင်သည့် သတင်းစတူဒီယိုအတွင်း သတင်းကြေညာသည့်ပုံစံများကို ပြပွဲသို့ လာရောက်လေ့လာကြသူများ ကိုယ်တိုင် ဝင်ရောက်သတင်းကြေညာဟန် သရုပ် ဆောင်နိုင်ပြီး     အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထား သည့်အတွက် လူကြိုက်များသည့် ပြခန်း တစ်ခုလည်းဖြစ်ခဲ့သည်။ 
အလားတူ  ပွဲတော်သို့   လာရောက် လေ့လာကြသူများ လျှပ်စစ်သုံးယာဉ်(EV) ဆိုင်ရာ  အသိပညာ၊  အတတ်ပညာများ သိရှိနိုင်စေရန်၊ လျှပ်စစ်သုံးယာဉ်များ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ အလုပ်လုပ်ပုံနှင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်း များ  နိုင်ငံအတွင်း  ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက်နေမှု များကို   ဗဟုသုတအဖြစ်   သိရှိနိုင်စေရန် အတွက် လျှပ်စစ်သုံးယာဉ်(EV) ဆိုင်ရာ  ပြခန်းကိုလည်း     ပါဝင်ပြသထားရာ စိတ်ပါဝင်စားစွာ  လေ့လာကြသူများဖြင့် လည်း စည်ကားလျက်ရှိသည်။  
ထို့ပြင် နေပြည်တော်ရဲတပ်ဖွဲ့မှ မှုခင်း ပညာပေးပြခန်းယာဉ်ကို  အသိပညာပေး ပြသထားပြီး  လုံခြုံရေး၊  တရားဥပဒေ စိုးမိုးရေးနှင့်   မှုခင်းဖော်ထုတ်နိုင်မှုများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းနှင့်  စွမ်းရည် တိုးတက်မြင့်မားရေးဆောင်ရွက်မှုများ၊ ယာဉ်ထိန်းလုပ်ငန်း  ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ၊   ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ကာတွန်း ပုံများ၊ လောင်းကစားပြစ်မှုပြစ်ဒဏ်များ၊ သိသင့်သိထိုက်သောဥပဒေနှင့် ပြစ်မှုပြစ် ဒဏ်များကို  ပြသထားရာ ကျောင်းသား ကျောင်းသူများနှင့် လူငယ်များ စိတ်ပါဝင် စားစွာဖြင့် လေ့လာကြသည်။ 
ကစားနည်းများပါဝင်ဆင်နွှဲ
အဆိုပါပွဲတော်ကြီးသို့   လာရောက် လေ့လာဆင်နွှဲကြသည့်  လူငယ်များနှင့် ကလေးငယ်များ ပျော်ရွှင်စေရန်အတွက် လည်း    ဝန်ကြီးဌာနအသီးသီးအလိုက် စိတ်ဝင်စားဖွယ်ရာ    ကစားနည်းများ၊ စကားပုံဆက်၊  အရုပ်ဆက်၊  ဆေးရောင် ခြယ်၊ အိမ်ဆောက်ကစားနည်း  စသည့် စိတ်ဝင်စားဖွယ်ရာ   ကစားနည်းများနှင့် ဉာဏ်စမ်းပဟေဠိ    ကစားနည်းများကို အသိပညာပေးနည်းလမ်းများ တွဲဖက်၍ ကစားစေသည့်   အစီအစဉ်များကိုလည်း ထည့်သွင်းထားရာ  စိတ်ဝင်တစား  ပါဝင် ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက် ရှိသည်။ 
ပွဲတော်သို့    လာရောက်ကြသည့် ကျောင်းသား  ကျောင်းသူများ၊   ဆရာ ဆရာမများနှင့် မိဘပြည်သူများအနေဖြင့် တိုင်းရင်းသားများ၏     ရိုးရာအစား အသောက်များကို ချစ်ခင်နှစ်သက်မြတ်နိုး စွာဖြင့်     အလွယ်တကူစားသုံးနိုင်ရန် အတွက်လည်း    တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်များကို  ဈေးနှုန်းချိုသာ စွာဖြင့်    ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ အစားအသောက်များ    ပြတ်လပ်သည် အထိ  လာရောက်စားသုံးဝယ်ယူသူများ ဖြင့်  ကြိတ်ကြိတ်တိုး  စည်ကားလျက်ရှိ သည်။ 
ထို့ပြင် ပွဲတော်သို့ လာရောက်ကြသူ များ တစ်စုံတစ်ရာကျန်းမာရေး ချို့ယွင်းမှု ဖြစ်ပေါ်ပါကလည်း  အရေးပေါ်ကျန်းမာ ရေးစောင့်ရှောက်မှု   အစီအစဉ်များကို ထည့်သွင်းထားပြီး  တာဝန်ရှိသူများက လည်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက်လည်း  လုံခြုံရေး အစီအမံများ စနစ်တကျဆောင်ရွက်ထား သည်ကိုလည်း တွေ့မြင်ရသည်။ 
အဆိုပါပွဲတော်အား     လူငယ်များ ဉာဏ်ရည်ဉာဏ်သွေးနှင့်  အယူအဆများ ထက်မြက်လာစေရေးအတွက်    စာအုပ် စာစောင်များကို တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် လူငယ်များ စာပေ နှင့် ရင်းနှီးပြီး စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင်စေရန်၊      စာပေနှင့်အနုပညာ မှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေပြီး    လွတ်လပ်ရေး ကြိုးပမ်းမှု  သမိုင်းကြောင်းများ၊  ကိုလိုနီ လက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှု များကို   သိမြင်စေကာ  မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို  လေးစားတန်ဖိုးထား တတ်စေရန်၊    ဓာတ်ပုံအနုပညာပြပွဲမှ တစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ် မှု၊ သာယာလှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ် ကျေးလက်ဒေသအလှအပများ ကို သိရှိခံစားပြီး မိမိတို့၏ တိုင်းဒေသကြီး/ပြည်နယ်များအပေါ် မြတ်နိုးတန်ဖိုးထား စိတ်များ ဖြစ်ပေါ်လာစေရန်နှင့် ပြခန်းများ ခင်းကျင်းပြသမှုများမှတစ်ဆင့် ဝန်ကြီး ဌာနအသီးသီးက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အလွယ်တကူ သိမြင်နိုင် စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်သည်။ 
မျိုးချစ်စိတ်ဓာတ်များမြင့်မားလာရန်
ထို့ကြောင့် ကျောင်းသားလူငယ်များ သိသင့်သိထိုက်သည့် လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်း များကို သိမြင်စေပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်ဓာတ်များ မြင့်မားလာစေရန်၊ စာပေ နှင့် အနုပညာရပ်များ၏   အကျိုးကျေးဇူး ကို သိရှိစေရန်နှင့်  မိမိတို့၏ အတွေးအမြင် များဖြင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်း များတွင် ပါဝင်ကူညီဆောင်ရွက်လာနိုင် စေရန် ပြခန်း၊ ပြကွက်များနှင့်  အခြား ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စာပေ နှင့်  အနုပညာဆိုင်ရာအကြောင်းအရာ များကို ဦးစားပေးကဏ္ဍတစ်ရပ်အဖြစ် ပြသမည့်     လူငယ်နှင့်စာပေအနုပညာ ပွဲတော်ကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်သည့်အတွက်      မည်သူမဆို လွတ်လပ်စွာ     အခမဲ့ပါဝင်ဆင်နွှဲနိုင် ကြောင်း သိရှိရသည်။ 
မျိုးဆက်သစ်
ဓာတ်ပုံ - ရွှေကိုလေး