(၇၆)နှစ်မြောက် အာဇာနည်နေ့ အကြိုဆောင်းပါး

Type
5

 

(၇၆)နှစ်မြောက် အာဇာနည်နေ့ အကြိုဆောင်းပါး

ဇာနည်ဘွား

ဇူလိုင်လရဲ့ မိုးစက်မိုးပွင့်တို့နဲ့အတူ (၇၆)နှစ်မြောက် အာဇာနည်နေ့တောင် ရောက်ခဲ့ပြီကော။ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ မျက်မှောက်ခေတ်အခြေအနေအရ အလေးအနက်ဆင်ခြင်စရာ၊ သမိုင်းသင်ခန်းစာယူစရာတွေက အများသားလား။

 

နိုင်ငံရေးအခက်အခဲပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့စေ့စပ်ဆွေးနွေး      အဖြေရှာကြရမယ့် အစား အကြမ်းဖက်ဝါဒ၊ လူသတ်ဝါဒကို ကိုင်စွဲပြီး လက်နက်အားကိုးနဲ့ဖြေရှင်းခဲ့ကြတဲ့    ဦးစောနဲ့ လက်ပါးစေအပေါင်းအဖော်တို့ရဲ့       လုပ်ရပ်ကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ဝန်ကြီးများဟာ ကြေကွဲဖွယ်ရာအဖြစ်ဆိုးနဲ့ ကြုံခဲ့ ကြရရှာတယ်။
ဦးစောရဲ့ခိုင်းစေမှုကြောင့် ဝန်ကြီးများ အစည်း အဝေးကျင်းပရာ     ရန်ကုန်မြို့အတွင်းဝန်ရုံးကို ကာယကံမြောက်  လာရောက်ပစ်ခတ်လုပ်ကြံခဲ့တဲ့မောင်စိုး၊ သက်နှင်း၊ မောင်စိန်(ခ)စိန်ကြီး၊ ရန်ကြီး အောင်တို့လက်ချက်ကြောင့် အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ဦးနှောက်၊ အသည်း၊ လက်မောင်း၊ ကျောနဲ့ခါးအထက်ပိုင်းအနှံ့ ပစ်ခတ် ခံရတဲ့ဒဏ်ရာ ၁၃ ချက်နဲ့ကျဆုံးခဲ့ရရှာပါတယ်။
ထိခိုက်ဒဏ်ရာများကြောင့် သေဆုံးရခြင်းဖြစ်
ဆေးစစ်ဆေးချက်   မှတ်တမ်းများအရတော့ နှလုံးအိမ်က နှစ်လက်မကွဲပြဲနေပြီး ရင်ခေါင်းအတွင်း မှာ သွေးတစ်ပိုင့်စာမျှတွေ့ရတယ်။ ကျောရိုးလည်း  ကျိုးသွားတယ်။    အစာအိမ်နဲ့  အသည်းလည်း တောက်လျှောက်ပေါက်သွားတယ်။ ဗိုလ်ချုပ်သေဆုံး ရခြင်းဟာ နှလုံး၊ အသည်း၊ အဆုတ်နဲ့ အစာအိမ်များ ကို ထိခိုက်တဲ့ဒဏ်ရာများကြောင့်  သွေးလွန်ပြီး သေဆုံးရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ လကျ်ာဘက် ကျောနောက်က ဒဏ်ရာအမှတ် ၁၃ တစ်ခုတည်းနဲ့သေလောက်တယ်လို့ဆိုပါတယ်၊ နှလုံးက စုတ်ပြတ် နေပါပြီ။  ဗိုလ်ချုပ်ဟာ  ချက်ချင်းပဲ သေဆုံးခြင်း ဖြစ်ပါလိမ့်မယ်လို့    ဆေးမှတ်တမ်းမှာ ဖော်ပြခဲ့ပါ တယ်။
ဝန်ကြီးများဖြစ်ကြတဲ့  သခင်မြက   အဆုတ် နှစ်ဖက်စလုံးကြေမွသွားတဲ့       ဒဏ်ရာနှစ်ချက်၊ ဗိုလ်ချုပ်အစ်ကို  ဦးဘဝင်းက   ဒဏ်ရာရှစ်ချက်၊ မန်းဘခိုင်က ဒဏ်ရာ ၁၅ ချက်၊ မစ္စတာ ရာဇတ်က ဒဏ်ရာ ခြောက်ချက်၊ ဒီးဒုတ်ဦးဘချိုက  ဒဏ်ရာ ငါးချက်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းက ဒဏ်ရာ နှစ်ချက် (ညာဘက်မေးရိုးမှာ   ဒဏ်ရာတစ်ချက်နဲ့ ဘယ်ဘက်လည်ပင်းအထက်ပိုင်းမှာ      ဒဏ်ရာ တစ်ချက်)၊ အတွင်းဝန်  ဦးအုံးမောင်က  ဒဏ်ရာ ငါးချက်၊ ရဲဘော်ကိုထွေးက  ဒဏ်ရာ လေးချက် အသီးသီးရရှိခဲ့ကြတယ်။  
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးဘဝင်း၊ မန်းဘခိုင်၊  မစ္စတာရာဇတ်နဲ့ အတွင်းဝန် ဦးအုံးမောင်တို့ကတော့ အခင်းဖြစ်ပွား ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြရရှာပြီး ဒီးဒုတ်ဦးဘချိုက မွန်းလွဲ ၁ နာရီ မိနစ် ၄၀၊ ရဲဘော် မောင်ထွေးက မွန်းလွဲ ၂ နာရီ ၁၅ မိနစ်၊ စော်ဘွားကြီး ကတော့ နောက်တစ်နေ့  ၁၂ နာရီမှ    ဆေးရုံမှာ သေဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။
လူသတ်ဝါဒကို ရှုတ်ချ
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ      အာဇာနည် ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး ပါကစ္စတန်ခေါင်းဆောင်ကြီး ဂျင်နားက “နိုင်ငံရေး ရာဇဝတ်မှုကျူးလွန်ရေးဝါဒကို မည်သူမျှထောက်ခံ အားပေးလိမ့်မည်မဟုတ်ကြောင်း၊    တိုင်းပြည် အတွက် ကြိုးပမ်းဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထား သော လူမျိုးတစ်မျိုးအဖို့ မည်သည့်အရာမဆို ရရှိ အောင် စွမ်းဆောင်နိုင်ကြောင်း” လူသတ်ဝါဒကို ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 
အိန္ဒိယခေါင်းဆောင်ကြီး     နေရူးကလည်း  “ကျွန်ုပ်မှာ မိတ်ဆွေကောင်းကြီးနှင့် အပေါင်းအသင်း များ ဆုံးပါးရလေပြီ။ မြန်မာပြည်နှင့် အာရှတိုက်ကြီး တို့မှာလည်း လူအများ အားထားမြှော်လင့်လောက် သည့် ရှေးအစဉ်အလာများနှင့် ပြည့်စုံသော ပုဂ္ဂိုလ် ကြီးတစ်ယောက်ဆုံးပါးရလေပြီ” စသဖြင့် ဗိုလ်ချုပ် ကတော် ဒေါ်ခင်ကြည်ထံ ပေးပို့တဲ့ သဝဏ်လွှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
အိန္ဒိယကွန်ဂရက်ကလည်း        “ဗိုလ်ချုပ် အောင်ဆန်း      ကွယ်လွန်အနိစ္စရောက်ခြင်းသည် မြန်မာနိုင်ငံအဖို့ ဆိုးဝါးသော နစ်နာချက်ကြီးဖြစ်ရုံ မက အာရှတိုက်အဖို့လည်း ကြီးလေးသော ဆုံးရှုံးမှု ကြီးတစ်ရပ်ဖြစ်သည်။ ဤလုပ်ကြံမှုကြီးသည် ရိုးရိုး လူသတ်မှုမဟုတ်ဘဲ နိုင်ငံရေးအကြံအစည်ရှိသော လူသတ်မှုကြီးဖြစ်လေသည်။  ဤအမှုမျိုးတို့သည် ကမ္ဘာနှင့်အဝှမ်း နိုင်ငံရေးကြိုးပမ်းမှုများ၌ တွေ့ကြုံ နေကြရလေရာ ဤအချင်းအရာသည်  လူအပေါင်း တို့၏ နောင်ရေးအတွက် နိမိတ်မင်္ဂလာမကောင်းပေ” ဆိုပြီး ဝမ်းနည်းကြောင်း   အဆိုပြုဆုံးဖြတ်ခဲ့ပါ တယ်။
လန်ဒန်မြို့တော်ထုတ် အော့ဗ်ဇားဗား (Obser-ver) သတင်းစာကြီးက “ဗိုလ်ချုပ်ဟာ မိမိကိုယ်ကို မိမိယုံကြည်သူဖြစ်ပြီး ၎င်းလုပ်ကိုင်သမျှဟာလည်း မြန်မာပြည်အတွက်သာဖြစ်သည်”လို့  ချီးကျူးခဲ့ တယ်။  ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်သွားခြင်း ကြောင့်     မြန်မာ့နိုင်ငံရေးလောကကြီးတစ်ခုလုံး ရှုပ်ထွေးသွားနိုင်စရာအကြောင်းရှိပြီး    ဘာဆက် ဖြစ်လာမလဲဆိုတာ မသိနိုင်ဘူး”လို့  ရေးသားခဲ့ပါ တယ်။
ထိတ်လန့်ဝမ်းနည်းကြောင်း ပြောကြား
မြန်မာပြည်ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်ကလည်း ၁၉၄၇ ခုနှစ်  ဇူလိုင် ၁၉ ရက် ညမှာပဲ မြန်မာ့အသံ ကနေ ဝမ်းနည်းကြောင်းအသံလွှင့်ပြောကြားရင်း “သူရဲဘောနည်းသူတို့၏အပြုအမူ”လို့  ရှုတ်ချခဲ့ သလို  အင်္ဂလန်ပါလီမန်က   ကွန်ဆာဗေးတစ်နဲ့ လေဘာပါတီအမတ်အသီးသီးကလည်း ထိတ်လန့် အံ့ဩဝမ်းနည်းကြောင်း ပြောကြားခဲ့ကြပါတယ်။
သို့ဆိုလင့်ကစား တကယ်တမ်းအားဖြင့်တော့ မြန်မာတစ်မျိုးသားလုံး ထိခိုက်ဆုံးရှုံးနစ်နာစေမယ့် နိုင်ငံတော်လုပ်ကြံမှုကြီး ပေါ်ပေါက်လာသည်အထိ နောက်ကွယ်က အမျိုးမျိုး  သွေးခွဲသပ်လျှိုပေးနေ တာကတော့   ဗြိတိသျှအစိုးရကိုယ်တိုင်ပဲ     ဖြစ်ပါ တယ်။ 
မြန်မာပြည်လွတ်လပ်ရေးရဖို့   သေချာနေပြီ ဆိုတော့ နယ်ခြားဒေသများမှာ  အင်္ဂလိပ်အရာရှိ အချို့က တိုင်းရင်းသားတွေကို  ပြည်ထောင်စုမှာ မပါဝင်ဘဲ သီးခြားပြည်နယ်ထူထောင်ပြီး ဗြိတိသျှ ဓနသဟာရထဲမှာ နေရစ်ကြဖို့ စည်းရုံးဝါဒဖြန့်ခဲ့ကြ တယ်။ တောင်တန်းဒေသများကို ချန်လှပ်ထားနိုင် ရန် အမျိုးမျိုးကြိုးစားခဲ့ကြတယ်။ စတီဗင်ဆင်ဆိုသူ ကို နယ်ခြားဒေသဆိုင်ရာ ညွှန်ကြားရေးဝန်ခန့်ပြီး မြန်မာများနဲ့ ရှမ်း၊ ကချင်၊ ချင်း စတဲ့တိုင်းရင်းသား လူမျိုးစုများ သွေးကွဲအောင်ခြေထိုးစေခဲ့တယ်။
အင်္ဂလိပ်ကုန်သည်ကြီးများကလည်း ဗိုလ်ချုပ် အောင်ဆန်းက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် မှာကျင်းပတဲ့ အင်္ဂလိပ်ကုန်သည်များ နှစ်ပတ်လည် အစည်းအဝေးမှာ “ပြည်သူများရဲ့  အကျိုးစီးပွား အတွက် ဗမာ့စီးပွားရေးဖွံ့ဖြိုးမှုကို ဗမာအစိုးရက တာဝန်ယူဆောင်ရွက်မယ်”လို့ ထုတ်ဖော်ပြောကြား မှုကြောင့် သူတို့နှစ်ပေါင်းများစွာ အပိုင်စားရထားတဲ့ စားကျက်ပျောက်မှာ စိုးကြောက်လာကြတယ်။ 
ကြံစည်လုပ်ဆောင်
နယ်ချဲ့ဗြိတိသျှဟာ     တိုးတက်တဲ့နိုင်ငံရေး အယူအဆရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မလိုလားတဲ့ အပြင် ဗိုလ်ချုပ်သာဆက်ရှိနေမယ်ဆိုရင် လွတ်လပ် ခါစ   မြန်မာနိုင်ငံအပေါ် ဆက်လက်ကုပ်သွေးစုပ် နိုင်တော့မှာ မဟုတ်တော့တဲ့အတွက်   ဗိုလ်ချုပ်ကို ဖယ်ရှားဖို့  ကြံစည်လုပ်ဆောင်လာကြတယ်။
ကနဦးမှာ ဘုရင်ခံ ဆာဒေါ်မန်စမစ်ဟာ ဂျပန် ပြည်  ဆူဂါမိုအကျဉ်းထောင်မှာ   အမေရိကန်တို့ ဖမ်းဆီးချုပ်နှောင်ထားတဲ့      နန်းရင်းဝန်ဟောင်း ဒေါက်တာဘမော်ကို ပြန်လွှတ်စေတယ်။ နန်းရင်း ဝန်ဟောင်း ဦးစောကိုလည်း ယူဂန်ဒါမှထုတ်လာပြီး မြန်မာ့နိုင်ငံရေးနယ်တွင်းကို လွှတ်ပေးခဲ့ပြန်တယ်။ 
ဗြိတိသျှပါလီမန်မှာ မြန်မာပြည်ကို ရောက်ဖူးရုံ မက ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွေ့ဆုံဖူးပြီး လေးစား မှုရှိတဲ့ လေဘာပါတီအမတ်  မစ္စတာဒရိုင်းဘာ့က “ဗိုလ်ချုပ်အောင်ဆန်းကို ယှဉ်ပြိုင်လို့ရမယ်မှတ်လို့ ဦးစောတို့နဲ့တိုက်ပေးတာလား။ နောက်ပွဲထုတ်စရာ ဦးစောတို့လို လူများရှိသေးသလား”လို့ အစိုးရလုပ်ပုံ ကို ခနဲ့တဲ့တဲ့ မေးခွန်းထုတ်ခဲ့တဲ့အထိပါ။ အစိုးရက တော့ “ဦးစောဟာ လွတ်လပ်သော လူ့အခွင့်အရေး အရ  နိုင်ငံရေးလုပ်တယ်၊   တားမြစ်လို့မရပါ”လို့ ဖြေကြားသွားခဲ့ပါတယ်။
ဆာဒေါ်မန်စမစ်အစား    အသစ်ရောက်လာတဲ့ ဆာဟူးဘတ်ရန့်စ်ကလည်း  ဘုရင်ခံရဲ့ အမှုဆောင် ကောင်စီ အစိုးရအဖွဲ့သစ်အတွင်းမှာ   ဗိုလ်ချုပ်ကို တန်းညှိနိုင်ဖို့အတွက် ဦးစော၊ သခင်ဗစိန်နဲ့ စောဘ ဦးကြီးတို့ကို ထည့်သွင်းဖွဲ့စည်းပေးခဲ့ပါတယ်။ 
နိုင်ငံရေးအရ တန်းညှိထိန်းချုပ်လို့မရတဲ့အခါမှာတော့  ပရိယာယ်အရာမှာ အလွန်ပါးနပ်လိမ္မာတဲ့ ဗြိတိသျှနယ်ချဲ့သမားဟာ ဗိုလ်ချုပ်အောင်ဆန်းကို မိမိတို့ကိုယ်တိုင်  သုတ်သင်ရှင်းလင်းခြင်းမပြုဘဲ သုတ်သင်ရှင်းလင်းပေးမယ့်  တိုင်းရင်းသားသစ္စာ ဖောက် လက်ပါးစေများကို ရှာဖွေခဲ့ပါတယ်။ အဲဒီမှာ နန်းရင်းဝန်ဟောင်း ဦးစောကို တွေ့သွားပါတယ်။
ဦးစောဟာ   ခေါင်းဆောင်ကြီးလုပ်လိုတယ်။ ခေါင်းဆောင်ကြီးဖြစ်ဖို့လည်း  အမျိုးမျိုးကြိုးစားခဲ့ တယ်။ အာဏာကိုငမ်းငမ်းတက်လိုချင်နေတဲ့ ဦးစော ဟာ ဗိုလ်ချုပ်အောင်ဆန်းကို မနာလိုမရှုဆိတ်နိုင်ဘူး ဖြစ်နေခဲ့တယ်။ ထိုအတောအတွင်းမှာ  ဗိုလ်ချုပ် အပေါ် အထင်လွဲစရာ အကြောင်းတစ်ရပ်ကလည်း ဖြစ်ပေါ်ခဲ့ပါတယ်။  ဦးစော  သေနတ်အပစ်ခံရပြီး မျက်စိတစ်ဖက် ဒဏ်ရာရသွားခဲ့တဲ့ကိစ္စဖြစ်ပါတယ်။
ဒီလိုနဲ့ မြန်မာပြည်ကို မည်ကာမတ္တ လွတ်လပ်ရေး လောက်သာပေးပြီး ဆက်လက် သွေးစုပ်ခြယ်လှယ် လိုတဲ့ နယ်ချဲ့သမားများနဲ့    ဗိုလ်ချုပ်အောင်ဆန်း အပေါ် မနာလိုဖြစ်ကာ အထင်လွဲနေတဲ့ ဦးစောတို့ပူးပေါင်းမိသွားခဲ့ပါတယ်။
လွတ်လပ်ရေးရဖို့ နီးကပ်လာလေလေ အင်္ဂလိပ် အရာရှိကြီးများနဲ့ အပေါင်းပါများဟာ ဦးစောအိမ်ကို အဝင်အထွက်များလာလေ       ဖြစ်လာကြတယ်။ 


အင်္ဂလိပ်စစ်ဗိုလ် အသိမိတ်ဆွေများထဲက မေဂျာယမ်း နဲ့ ကပ္ပတိန်ဗီဗြင်တို့နဲ့ ဦးစော အဆက်အသွယ်ရ သွားတယ်။ ဦးစောက မေဂျာယမ်းကို  လက်နက် တွေရလိုကြောင်းပြောတော့ မေဂျာယမ်းက ကပ္ပတိန် ဗီဗြင်ကို ဦးစောနေအိမ်ကိုခေါ်သွားပြီး  ဆက်သွယ် ပေးခဲ့ပါတယ်။
ကပ္ပတိန်ဗီဗြင်က ဘရင်းဂန်းသေနတ်အလက် ၂၀၀ ကို   လက်မှတ်အတုနဲ့  ထုတ်ယူနိုင်ကြောင်း ပြောတော့ ဦးစောက “များလွန်းပါတယ်”လို့ ဆိုပါ တယ်။ ဗီဗြင်က “ယူရင်တော့ ၂၀၀ လုံးထုတ်ယူပါ တစ်လက်၊ နှစ်လက်ယူထားပြီး ကျန်လက်နက်များ ကို ဖျက်ဆီးပစ်ပါ”လို့ အတန်တန်ပြောမှ ဦးစောက သဘောတူခဲ့ပါတယ်။
အခက်အခဲမရှိ ထုတ်ယူ
ဦးစောဟာ ၁၉၄၇ ခုနှစ် မေလခန့်မှာ ဗီဗြင်နဲ့ တေ့တေ့ဆိုင်ဆိုင်လက်နက်ကိစ္စကို  စကားဆိုပြီး ဇွန်လဆန်းမှာ ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ ဇွန်လ ၂၄ ရက်နေ့မှာတော့ ဘညွန့်ခေါင်းဆောင်တဲ့ ဦးစော ရဲ့လူများက   ဗိုလ်တထောင်လက်နက်တိုက်ကို သွားရောက်ခဲ့ပြီး လက်မှတ်တုနဲ့ ဘရင်းဂန်းသေနတ် အလက် ၂၀၀ နဲ့ ပြောင်းပို ၂၀၀ တို့ကို အခက်အခဲ မရှိ  ထုတ်ယူခဲ့ကြပါတယ်။  ဇူလိုင်လဆန်းမှာလည်း    ရိုင်ဖယ်ကျည်ဆန်   တစ်သိန်း၊    စတင်းကျည်ဆန် နှစ်သောင်းကျော်နဲ့ လက်ပစ်ဗုံး အလုံး ၂၀၀ အပါ အဝင်  ခဲယမ်းမီးကျောက်တွေကို  ယခင်နည်းလမ်း အတိုင်း သွားရောက်ထုတ်ယူခဲ့ကြပြန်ပါတယ်။
လုပ်ကြံမှုကြီးအပြီးမှာတော့ အထူးတရားရုံးက ကပ္ပတိန်ဗီဗြင်ကို ထောင်ဒဏ် ငါးနှစ်၊ မေဂျာယမ်းကို ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဗီဗြင်ဟာ အင်းစိန်မြို့ကို ကေအင်ဒီအိုသောင်းကျန်း သူတွေ ဝင်ရောက်တပ်စွဲစဉ်ကာလ အကျဉ်းထောင် ပေါက်တဲ့အခါ ကေအင်ဒီအိုသောင်းကျန်းသူများနဲ့ ပူးပေါင်းလိုက်ပါသွားပြီး  ၁၉၅၁ ခုနှစ်  ဩဂုတ်လ မှာ    လှိုင်းဘွဲ့နယ်မှာ   တပ်မတော်စစ်ကြောင်းနဲ့  တိုက်ပွဲဖြစ်ပွားစဉ်   စောဘဦးကြီးနဲ့အတူ   သေဆုံး သွားခဲ့ပါတယ်။   မေဂျာယမ်းကတော့   အယူခံဝင်ရာ မှာ    တရားသေ  လွတ်သွားခဲ့တယ်။    မေဂျာယမ်း ကို   လွှတ်ပြီးနောက်တစ်နေ့မှာပဲ   မြန်မာနိုင်ငံက ထွက်ခွာသွားနိုင်အောင်   ဗြိတိသျှသံရုံးက  စီစဉ်ပေး ခဲ့ပါတယ်။
လုပ်ကြံမှုကြီးရဲ့   အဓိကတရားခံ     ဦးစော၊ မောင်စိုး၊ သက်နှင်း၊ မောင်စိန်(ခ)စိန်ကြီး၊ ရန်ကြီး အောင်နဲ့မှုံကြီးတို့ကို အထူးရာဇဝတ်ခုံရုံးက သေဒဏ် ချမှတ်ခဲ့ပြီး မောင်နီ၊ သုခ၊ ခင်မောင်ရင်တို့ကို မူလ သေဒဏ်အစား  နိုင်ငံတော်သမ္မတက   တစ်သက် တစ်ကျွန်းသို့ ပြောင်းလဲအမိန့်ချခဲ့ပါတယ်။ ဘညွန့် ကိုတော့   အစိုးရသက်သေ (ဖော်ကောင်)အဖြစ် လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။ 
၁၉၄၈ ခုနှစ်  မေလ ၈ ရက်နေ့မှာ  နိုင်ငံတော် လုပ်ကြံမှုတရားခံများဖြစ်ကြတဲ့ ဦးစောနဲ့ ကြံရာပါ ငါးဦးတို့ကို ကြိုးဒဏ်စီရင်ခဲ့ပါတယ်။ မေလ ၁ ရက် နေ့ထုတ် အိုးဝေသတင်းစာရဲ့ “ဤမိုးဤမြေ” ကဏ္ဍ မှာ ဆောင်းပါးရှင် မောင်သုမနက “ဗမာ့ဝဋ်ကြွေး” ခေါင်းစဉ်နဲ့ “မေလ ၈ ရက်နေ့မှာ ဦးစောကိုကြိုးပေး တော့မယ်။ ဒီသတင်းမျိုးကြားရတာ စိတ်ညစ်တယ် ဗျာ။   ခုအချိန်မှာ   တိုင်းသူပြည်သားအားလုံးလဲ ဒီသတင်းမျိုးကို ကြားချင်သူရှိမှာမဟုတ်ဘူး။ အစက ဒီလိုအဖြစ်မျိုးရောက်အောင်    မဖန်တီးခဲ့ကြရင် ကောင်းမှာပဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့လည်း မသေ မပျောက်ဘဲ    ပျော်ပျော်ရွှင်ရွှင်  ရှိနေစေချင်တယ်။ ဦးစောလဲ  အခုလို  သားမယားနဲ့  ကွေ့ကွင်းရမယ့် အဖြစ်ကို မမြင်ရက်ဘူး။ အမိမြန်မာပြည်ရဲ့ သားကြီး များပီပီ အချင်းချင်းသင့်မြတ်ခင်မင်စွာ  တိုင်းကျိုး ပြည်ကျိုးဆောင်နေကြတာပဲ တွေ့မြင်ချင်တာပဲ။ မောင်သုမနဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့  ဦးစောတို့ ရင်းရင်းနှီးနှီးရှိခဲ့ကြတဲ့အချိန်ကို      ပြန်ပြောင်း အောက်မေ့မိတယ်။
“စစ်ဘေးစစ်ဒဏ်များ      ဆိုက်ရောက်ပြီးခဲ့တဲ့ မြန်မာပြည်မှာ နိုင်ငံခေါင်းဆောင်များဟာ အချင်းချင်း ခြေထိုးမှုများ မလျှော့နိုင်ကြပေမယ့် အကြမ်းပတမ်း တရားလက်လွတ်မဖြစ်အောင်  အထူးဆင်ခြင်ပြီး နေကြမယ်လို့တော့        ဆုတောင်းခဲ့ကြတယ်။ ဆုတောင်းရင်းပဲ ဦးစောကို သေနတ်ပစ်မှုနဲ့ ဗိုလ်ချုပ် အောင်ဆန်းတို့ကို လုပ်ကြံမှုကြီးတွေဟာ ကျွန်တော် တို့ အားလုံးကို ယူကြုံးမရဖြစ်စေခဲ့ပါတယ်။
ဒီအမှုကြီးကို အစအဆုံးတရားအတိုင်း  စီရင် ပြီးရင် အမိမြန်မာပြည်ကြီးဟာ နောင်အခါမှာ ဒီလို ပူဆွေးဒုက္ခမျိုး     ဘယ်တော့မှမရောက်ပါစေနဲ့လို့ လှိုက်လှဲစွာဆုတောင်းပါတယ်။   ဒီလိုအဖြစ်မျိုး နောင်မှာမဖြစ်ရအောင်        နိုင်ငံရေးခေါင်းဆောင် လုပ်သူများ အထူးသတိပြုကြပါခင်ဗျား။
တမလွန်ဘဝတွင်    ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးစော ပြန်လည်မိတ်ဆက်ကာ လွတ်လပ်တဲ့ ဗမာ ပြည်၌ ညီရင်းအကိုများအဖြစ် ပြန်လည်မွေးဖွားပြီး တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ ဆုတောင်းပါတယ်။ လွတ်လပ်သောမြန်မာပြည်ကြီး တည်တံ့ပါစေသော်” စသဖြင့် ရေးသားခဲ့ပါတယ်။ 
၇၆ နှစ်ကြာခဲ့ပြီ။ ၇၆ နှစ်တိုင်ခဲ့ပေမယ့် မြန်မာ နိုင်ငံရဲ့  လက်ရှိအခြေအနေအရလည်း   နိုင်ငံရေး ပြဿနာကို  အကြမ်းဖက်လက်နက်ကိုင်နည်းလမ်း နဲ့     ဖြေရှင်းကြမယ့်အစား    နိုင်ငံရေးနည်းလမ်း ဖြင့်သာ စေ့စပ်ဆွေးနွေး အဖြေရှာရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊  အမျိုးသားပြန်လည်စည်းရုံးရေးအပြင်    ကိုလိုနီနယ်ချဲ့တို့ရဲ့    ခေတ်အဆက်ဆက် သွေးခွဲသပ်လျှိုမှု အန္တရာယ်ကိုလည်း အသိသတိရှိ ကြဖို့    သမိုင်းသင်ခန်းစာအဖြစ်     ပေးနေဆဲဖြစ် ကြောင်းပါ။        ။


ကိုးကား 
    -    တရားသူကြီးချုပ် ဒေါက်တာမောင်မောင်၏ 
        “နိုင်ငံတော်လုပ်ကြံမှု(ပြည်ထောင်စုနှင့် ဦးစော)
    -    တင်နိုင်တိုး၏ “သတင်းစာများပါ 
        နိုင်ငံတော်လုပ်ကြံမှု 
        နောက်ဆက်တွဲသတင်းများ”