
လေးမျက်နှာ ဖေဖော်ဝါရီ ၆
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း အသစ်တည်ဆောက်ပြီးစီးသည့် အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လေးမျက်နှာမြို့နယ် ဒက္ခိဏာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအရိယနန္ဒ၊ ဧရာဝတီ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်တို့က အောက်ဆီဂျင်စက်ရုံ အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ အမွှေးနံ့သာများ ပက်ဖျန်းကာ ဖွင့်လှစ် ပေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှုအခြေအနေများ အား လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများက စက်ရုံလည်ပတ်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ကာ လိုအပ်သည်များ မှာကြားခဲ့သည်။ ထို့နောက် အဖွဲ့ဝင်များက ဒုံးယိမ်းအကအဖွဲ့များအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကာ ဒေသခံများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
အဆိုပါ မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင် စက်ရုံသည် တစ်နာရီလျှင် လီတာ ၄၀ အိုးလေးအိုး ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ပြည်သူ များ၏ ကျန်းမာရေးအတွက် များစွာအထောက် အကူပြုနိုင်မည်ဖြစ်သည်။
ကျော်ဟိန်း(ပြန်/ဆက်)