(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့ ဘုရင့်နောင်ရုပ်တုနှင့် ရင်ပြင်ပန်းခြံ ဖွင့်ပွဲအခမ်းအနားကျင်းပ

 

ပဲခူး   ဒီဇင်ဘာ  ၁၃


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းက ပဲခူးမြို့ ဥဿာမြို့သစ်(၈)ရပ်ကွက် ပဲခူးတက္ကသိုလ်အနီး ရန်ကုန်-မန္တလေးလမ်းနှင့် ပဲခူးမြို့ရှောင်လမ်း အကြားတွင် ဘုရင့်နောင်ရုပ်တုနှင့် ရင်ပြင်ပန်းခြံ ဖွင့်ပွဲအခမ်းအနားကျင်းပသည်။

 


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမျိုး ဆွေဝင်းက (၁၆)ရာစု အရှေ့တောင်အာရှသမိုင်းတွင် ကျော်ကြားသော ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံကြီးကို   အောင်မြင်စွာ   တည်ဆောက်နိုင်ခဲ့ပြီး ဟံသာဝတီ(ပဲခူး)တွင်  ကမ္ဘောဇသာဒီနန်းတော်၌ နန်းစိုက်ခဲ့သော ဘုရင်ဧကရာဇ် တစ်ဦးဖြစ်သူ ဘုရင့် နောင်  ကျော်ထင်အနော်ရထာ  (ဘုရင့်နောင်မင်း တရားကြီး)၏ ရုပ်တုအား ထုလုပ်ထားရှိ ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ ဟံသာဝတီ(ပဲခူး)သည် ဘုရင့် နောင်မင်းတရားကြီး  နန်းစိုက်ခဲ့သော   နန်းစံရာ နေပြည်တော် ဖြစ်သောကြောင့်  ပဲခူးမြို့နေပြည်သူများ  ဂုဏ်ယူဝင့်ကြွားစေရန်နှင့် မိမိတို့မြို့အား  စဉ်ဆက် မပြတ်  ဖွံ့ဖြိုးတိုးတက်လှပအောင်  စောင့်ရှောက် ထိန်းသိမ်းကြရန်လိုအပ်ကြောင်း    အမှာစကား ပြောကြားသည်။

 


ထို့နောက် ဘုရင့်နောင်ရုပ်တုနှင့် ရင်ပြင်ပန်းခြံ အား    တိုင်းဒေသကြီးဝန်ကြီး၊  တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်  ဒေါ်လွင်လွင် အေးကျော်နှင့် တာဝန်ရှိသူတို့က  ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။

 


ယင်းနောက်  တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖွင့်ပွဲသို့တက်ရောက်လာသည့် တိုင်းရင်း သား   ရိုးရာအကအဖွဲ့များ၊  ဘင်ခရာအဖွဲ့များနှင့် သူနာပြုသင်တန်းသားများကို    ဂုဏ်ပြုငွေများ ပေးအပ်ပြီး ဘုရင့်နောင်ရုပ်တုနှင့် ရင်ပြင်ပန်းခြံကို လှည့်လည်ကြည့်ရှုကြသည်။ ညပိုင်း၌ ဘုရင်နောင် ရုပ်တုရင်ပြင် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် မီးပုံပျံများ လွှတ်တင်ခြင်း၊   တေးဂီတဖျော်ဖြေခြင်းများကို စည်ကားသိုက်မြိုက်စွာ    ကျင်းပခဲ့ကြောင်း     သိရ သည်။                    

တင်စိုး(ပဲခူး)