
နေပြည်တော် ဖေဖော်ဝါရီ ၃
(၇၅)နှစ်မြောက် စိန်ရတု အမြောက်တပ်ဖွဲ့နေ့ အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်၊ စစ်ကြောရေးနှင့် တည်းခို ရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ် မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။
အဆိုပါ (၇၅) နှစ်မြောက် စိန်ရတု အမြောက်တပ်ဖွဲ့နေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့် တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အငြိမ်းစားအမြောက် တပ်ဖွဲ့ဝင်အရာရှိကြီးများ၊ တာဝန် ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အခမ်းအနားကျင်းပမည့်နေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ထို့နောက် အခမ်းအနား အစီအစဉ် ပထမပိုင်းအဖြစ် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အမြောက် တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် သက်အောင်တို့က (၇၅) နှစ် မြောက် စိန်ရတုအမြောက်တပ်ဖွဲ့ နေ့အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က (၇၅)နှစ်မြောက် စိန်ရတုအမြောက် တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆိုင်း ဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးပြီး တက်ရောက်လာကြသူ များနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် အခမ်းအနားအစီ အစဉ် ဒုတိယပိုင်းကို ဆင်ဖြူရှင် ခန်းမအတွင်း၌ ဆက်လက်ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်း အနားတက်ရောက်လာကြသူများ သည် (၇၅)နှစ်မြောက် စိန်ရတု အမြောက်တပ်ဖွဲ့နေ့ ဂုဏ်ပြု သီချင်းဖြစ်သည့် “စိန်ရတုမှသည် ရတုအဆက်ဆက်ချီ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှု အားပေးကြသည်။
ဂုဏ်ပြုအမှာစကားပြောကြား
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေး ဦးစီးချုပ်က (၇၅)နှစ်မြောက် စိန်ရတုအမြောက် တပ်ဖွဲ့နေ့ အထိမ်းအမှတ်ဂုဏ်ပြု အမှာစကား ပြောကြားရာတွင် ယနေ့သည် တပ်မတော်၏ အဓိက လက်ရုံးတပ်ဖွဲ့ တစ်ခုဖြစ်သည့် အမြောက်တပ်ဖွဲ့၏ သက်တမ်း (၇၅)နှစ်ပြည့်မြောက်သည့် စိန် ရတုနှစ်ပတ်လည်နေ့ အခါသမယ ပင်ဖြစ်ကြောင်း၊ အမြောက်တပ်ဖွဲ့ ဝင်များအနေဖြင့် စတင်တည် ထောင်ချိန်မှ ယနေ့ ကာလအထိ နိုင်ငံတော်ကာကွယ်ရေးအတွက် ပေးအပ်လာသည့် တာဝန်များ အပေါ် “ရွှေ့ပြောင်း၊ ပစ်ခတ်၊ ဆက်သွယ်” ဆိုသည့် အမြောက် တပ်ဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အကောင်းဆုံး ကျေပွန်အောင် စွမ်းဆောင် ခဲ့ကြသည့်အတွက် အသိအမှတ်ပြု ဝမ်းမြောက် ဂုဏ်ယူမိကြောင်း။
အမြောက်တပ်ဖွဲ့၏ သမိုင်း ကြောင်းကို လေ့လာကြည့်မည် ဆိုပါက ဗမာ့ကာကွယ်ရေး တပ်မ တော်ကာလတွင် အမြောက် တပ်ဖွဲ့ ဖွဲ့စည်းရန် ရည်ရွယ်ပြီး ၁၉၄၆ ခုနှစ် မေလတွင် အမှတ်(၁)မြေပြင်ပစ်အမြောက်တပ် No(1) Field Artillery အဖြစ် စတင် ဖွဲ့စည်းခဲ့သည်ကို တွေ့ရကြောင်း၊ အဆိုပါအချိန်သည် လွတ်လပ်ရေး မရမီကာလဖြစ်ပြီး လွတ်လပ်စွာ စီမံပိုင်ခွင့် မရှိသေးခြင်းကြောင့် အမှတ်(၁)မြေပြင်ပစ် အမြောက် တပ်ကို ၁၉၄၇ ခုနှစ် အောက်တိုဘာ လတွင် အမှတ်(၆)ဗမာ့သေနတ် ကိုင်တပ်ရင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ရသည်ကို တွေ့ရကြောင်း။
စိန်ရတုကာလကိုရောက်ရှိ
၁၉၄၈ ခုနှစ် မတ်လတွင် ဗမာ ပြည်ကွန်မြူနစ်ပါတီ တောခိုသွား ခြင်းနှင့်အတူ ပြည်တွင်းလက်နက် ကိုင် ဆူပူသောင်းကျန်းမှုများ ပေါ်ပေါက်လာခဲ့ပြီး “ရန်ကုန် အစိုးရ” ဟု ခေါ်ရလောက်အောင် ခြိမ်းခြောက်လာခဲ့ကြောင်း၊ အင်းစိန် ကို ကရင်သူပုန်တို့ ဝင်ရောက် တိုက်ခိုက်နေချိန်အတွင်း အမြောက် တပ်ဖွဲ့ကို ဗိုလ်ကြီး ရဲထွန်းနှင့် စစ်သည် ၆၃ ဦးဖြင့် စတင်ဖွဲ့စည်း ပြီး အမြန်ဆုံးတိုက်ပွဲဝင်ရန် ဗိုလ်ချုပ် နေဝင်းကိုယ်တိုင်အမိန့် ထုတ် ဖွဲ့စည်းစေခဲ့သည့် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်ကို အမြောက်တပ်ဖွဲ့၏ သန္ဓေတည် ပေါက်ဖွားရာ တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ခြင်းကြောင့် ယနေ့ဆိုပါက (၇၅)နှစ်ဆိုသည့် စိန်ရတုကာလကို ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း။
အမြောက်တပ်ဖွဲ့ အနေဖြင့် စတင်ဖွဲ့စည်းစဉ်ကတည်းက အမိန့် နာခံပြီး စစ်စည်းကမ်းကောင်းမွန် သည့် အစဉ်အလာကောင်းများ ပိုင်ဆိုင်ထားသည့် အဖွဲ့အစည်း တစ်ခုအဖြစ် တွေ့မြင်ရမည်ဖြစ်ပြီး ပေးအပ်သည့် အမိန့်အတိုင်း သုံး ရက်အတွင်း ဖွဲ့စည်းပြင်ဆင်ကာ သမိုင်းဝင်အင်းစိန် တိုက်ပွဲတွင် ထူးချွန်ပြောင်မြောက်စွာ ပစ်ကူ ပေး တိုက်ပွဲဝင်နိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ရှိရမည်ဖြစ် ကြောင်း။
စွမ်းစွမ်းတမံဆောင်ရွက်နိုင်
နိုင်ငံတော် ကာကွယ်ရေး အတွက် စစ်ဆင်ရေးတာဝန်ထမ်း ဆောင်ရာတွင်လည်း အမြောက် တပ်ဖွဲ့အစပြုရာ ၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲကစပြီး ယနေ့ မျက်မှောက်ကာလ အကြမ်းဖက် သောင်းကျန်းသူ နှိမ်နင်းရေး တိုက်ပွဲများအထိ “လိုအပ်သည့် အချိန် လိုအပ်သည့်နေရာသို့ လိုအပ်သောကျည်အရေအတွက် ကျရောက် ပေါက်ကွဲစေရမည်” ဆိုသည့် ရည်မှန်းချက်တာဝန်နှင့် အညီ ထိရောက်စွာပစ်ခတ်တိုက်ပွဲ ဝင်နိုင်ခဲ့ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့ သည်ကို တွေ့ရှိရသည့်အတွက် ဂုဏ်ယူကြောင်း။
အမြောက် တပ်ဖွဲ့ဝင်များ အနေဖြင့် တပ်ဖွဲ့၏မူလတာဝန် များကိုသာမက တပ်မတော်၏ ပြည်သူ့အကျိုးပြု လုပ်ငန်းများ၊ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်း၊ ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းများ အပြင် နိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် အခြား သဘာဝဘေးအန္တရာယ် ဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင်လည်း တက်တက် ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြသည် ကို တွေ့ရှိရကြောင်း။
ဂုဏ်ယူအသိအမှတ်ပြု
ထို့ပြင် ယနေ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ လက်ထက်တွင် နိုင်ငံတော်ကို ဘက်ပေါင်းစုံက အဖျက်အမှောင့် လုပ်ငန်းမျိုးစုံ ဆောင်ရွက်နေသည့် အကြမ်းဖက် သောင်းကျန်းသူ များကို ချေမှုန်းရာတွင်လည်း အမြောက်တပ်ဖွဲ့ဝင်များ၏ ပြောင် မြောက်သည့် စွမ်းဆောင်ရည် များကို တွေ့ရှိခဲ့ရခြင်းကြောင့် အမြောက်တပ်ဖွဲ့၏ တိုက်ပွဲဝင် အသင့်ရှိမှုအပေါ် ဂုဏ်ယူအသိ အမှတ်ပြုသည်ကို ပြောကြား လိုကြောင်း။
အမြောက်တပ်ဖွဲ့ အနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင် ရန် ခေတ်မီအမြောက်လက်နက် များ၊ ခဲယမ်းများနှင့် အမြောက် တပ်ဖွဲ့သုံးကိရိယာများကို တပ်ဆင် ပေးနေသကဲ့သို့ ကျွမ်းကျင်ပိုင်နိုင် စွာ အသုံးပြုနိုင်စေရေးအတွက် ပြည်ပနိုင်ငံများကို ပညာတော် သင်များ စေလွှတ်ပေးခြင်းတို့ လည်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပြည်ပမှ လေ့လာသင်ယူ ခဲ့သည့်ပညာရပ်များကို မိမိတို့တွင် ရှိပြီး အမြောက်ပညာရပ်များနှင့် ပေါင်းစပ်ပြီး အမြောက်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များကို ပိုမိုသိရှိ နားလည်အောင် သင်တန်းများ ဖွင့်လှစ်ပြီး ပြန်လည်သင်ကြား လေ့ကျင့်ပေးလျက်ရှိကြောင်း။
လေ့ကျင့်ရေးပိုင်းတွင်လည်း တပ်မတော်တွင် ပြုလုပ်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေးများ၊ (ကြည်း၊ လေ၊ အမြောက်၊ သံချပ်ကာ) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း များတွင်လည်း အခြားတပ်ဖွဲ့များ နှင့်အတူ ပူးပေါင်းပါဝင်လေ့ကျင့် ဆောင်ရွက်နိုင်ခဲ့ပြီး အမြောက် တပ်ဖွဲ့၏ အဓိကဆောင်ရွက်ရမည့် တာဝန်များကို အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့သည်ကို တွေ့ရကြောင်း။
ဝင့်ကြွားထည်ဝါစွာရပ်တည်နိုင်
မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် အမြောက် တပ်ဖွဲ့သည် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ဝိုင်းဝန်းကာကွယ်ရင်း ယနေ့တွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ခေတ်မီ အမြောက်တပ်ဖွဲ့ တစ်ခုအဖြစ် ဝင့်ကြွားထည်ဝါစွာ ရပ်တည်နိုင် ခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းရည်ရှိသည့်တပ်၊ စွမ်းအားရှိ သည့်တပ်၊ နိုင်ငံတော်ကာကွယ် ရေးအတွက် အားထားရသည့် လက်ရုံးတပ် အမြဲတမ်းဖြစ်နေစေ ရေးတပ်ဖွဲ့ဝင်အားလုံးက အားသွန် ခွန်စိုက်ကြိုးပမ်းကြရန် မှာကြား လိုကြောင်း။
အမြောက်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များအနေဖြင့် နိုင်ငံတော် နှင့် တပ်မတော်က ပေးအပ်လာ သည့်တာဝန်များအပေါ် ဦးလည် မသုန် ထမ်းရွက်နိုင်ကြသည်ကို လည်း (၇၅)နှစ်တာ ခရီးတွင် အကြိမ်ကြိမ်သက်သေပြနိုင်ခဲ့ကြ ပြီး ဘွဲ့ထူး၊ ဂုဏ်ထူးများ ရရှိသူ အရာရှိ၊ စစ်သည်၊ ရဲမေများ ပေါ်ထွက်ခဲ့သည့် အတွက်လည်း အသိအမှတ်ပြု ဂုဏ်ယူသည်ကို ပြောကြားလိုကြောင်း။
လက်ဆင့်ကမ်းထိန်းသိမ်း
မျိုးဆက်သစ် အမြောက် တပ်ဖွဲ့ဝင်များ အနေဖြင့်လည်း အမြောက်တပ်ဖွဲ့၏ အစဉ်အလာ ကောင်းများကို လက်ဆင့်ကမ်း တာဝန်ယူ ထိန်းသိမ်းသွားကြ ပြီး အနာဂတ်တပ်မတော်နှင့် အမြောက်တပ်ဖွဲ့ဝင်များကို အဖိုး တန်အမွေအဖြစ် ပေးအပ်နိုင်ရန် ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ အမြောက်တပ်ဖွဲ့ဝင် များအနေဖြင့် ချမှတ်ထားသည့် မိမိတို့၏ တပ်ဖွဲ့ဆောင်ပုဒ် များ၊ ကြွေးကြော်သံများအတိုင်း ထိန်းသိမ်းဆောင်ရွက်ကြပြီး ကျရာ တာဝန်များကို ကျေပွန်အောင်ဆက်လက် ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားရင်း (၇၅)နှစ် မြောက် စိန်ရတုအမြောက်တပ်ဖွဲ့ နေ့မှသည် နောင်လာမည့် ရတု များစွာတိုင်အောင် စွမ်းရည် ထက်မြက်သည့် တပ်ဖွဲ့တစ်ခု အဖြစ် ဆက်လက်ရပ်တည်နိုင်ပါ စေရန် ဆုမွန်ကောင်းတောင်းပါ ကြောင်း ပြောကြားသည်။
ထို့နောက် အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးက တပ်ဖွဲ့သမိုင်း အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပြီး (၇၅)နှစ်မြောက် စိန်ရတုအမြောက် တပ်ဖွဲ့နေ့ အထိမ်းအမှတ် မှတ်တမ်း Documentary Video ကို ပြသသည်။
ယင်းနောက် (၇၅) နှစ်မြောက် စိန်ရတု အမြောက်တပ်ဖွဲ့နေ့ ဂုဏ်ပြုသီချင်းဖြစ်သည့် “The God of War” ကို အမြောက် တပ်ဖွဲ့ဝင်များက ဖျော်ဖြေတင် ဆက်သည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ထံသို့ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးက (၇၅) နှစ် မြောက်စိန်ရတု အမြောက်တပ်ဖွဲ့ နေ့အထိမ်းအမှတ် လက်ဆောင် ကို နေရာအရောက် ဂါရဝပြုပေး အပ်သည်။
ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သည် တက်ရောက်လာကြ သည့် အငြိမ်းစားဆက်သွယ်ရေး အမြောက်တပ်ဖွဲ့ဝင် အရာ ရှိကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် တက်ရောက် လာကြသူများနှင့်အတူ (၇၅)နှစ် မြောက် စိန်ရတုအမြောက်တပ်ဖွဲ့ နေ့ အထိမ်းအမှတ်ပြခန်းများ အတွင်း လှည့်လည်ကြည့်ရှု လေ့လာကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်နှင့်အဖွဲ့ဝင်များသည် (၇၅)နှစ် မြောက် စိန်ရတုအမြောက်တပ်ဖွဲ့ နေ့ အထိမ်းအမှတ်အဖြစ် တည် ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ် စာကို အတူတကွ သုံးဆောင်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်