
ရန်ကုန် ဇူလိုင် ၁၉
(၇၄)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံအား တိုင်ဝက် သို့ လျှော့ချလွှင့်ထူခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရာ ရန်ကုန်မြို့ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များအား အလေးပြုကြပြီး နှစ်မိနစ် ငြိမ်သက်စွာ မေတ္တာပို့အမျှပေးဝေကြသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ရန်ကုန်မြို့ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး) အတွင်းသို့ အများပြည်သူ လာရောက်လေ့လာခွင့်ကို ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ယခင်နှစ်များနည်းတူ ယခုနှစ် တွင်လည်း ခွင့်ပြုထားခြင်းမရှိကြောင်း သိရသည်။
ဥသြဆွဲအချက်ပေး
(၇၄)နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်း ခြင်းအထိမ်းအမှတ်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်၌ ဥသြဆွဲ အချက်ပေး ခဲ့ကြောင်း သိရသည်။ သတင်းစဉ်