
နေပြည်တော် နိုဝင်ဘာ ၁
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Zurab Pololikashvili ၏ ဖိတ်ကြားချက်အရ Bruges, Flanders (Belgium)နိုင်ငံတွင်ကျင်းပသည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) မှ (၆) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အစားအသောက်နှင့် စပ်လျဉ်းသည့် ခရီးသွားလုပ်ငန်းဖိုရမ် (6th UNWTO World Forum on Gastronomy Tourism) သို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားကျင်းပ
အဆိုပါဖိုရမ် စတင်ကျင်းပသည့် ယနေ့တွင် (၆) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အစားအသောက် နှင့်စပ်လျဉ်းသည့် ခရီးသွားလုပ်ငန်းဖိုရမ် ဖွင့်ပွဲအခမ်း အနားကျင်းပခြင်း၊ Setting the Scene: Gastronomy Tourism and Rural Development ခေါင်းစဉ်ဖြင့် စားဖိုမှူးများနှင့် ခရီးစဉ်ဒေသများရှိ အစားအသောက် ထုတ်လုပ်သူ ဒေသခံများအကြား အစားအသောက် နှင့်စပ်လျဉ်းသည့် စကားဝိုင်းကျင်းပခြင်း၊ Naraခရိုင် အစိုးရ အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြား ခြင်း၊ အာဖရိကဒေသ၏ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းအကြောင်း တင်ပြခြင်း၊ Gastronomy and Talent Development နှင့် Resilience and Innovation ခေါင်းစဉ်တို့ဖြင့် စားဖိုမှူးများ၏ အတွေ့အကြုံများ၊ သဘောထားအမြင်များ တင်ပြ ဆွေးနွေးခြင်း၊ Scaling up for the SDGs: UNWTO food tourism pitch challenge စသည့် အစီအစဉ် တို့ကို ကျင်းပသည်။
ဖိုရမ်၏ နောက်ဆက်တွဲအနေဖြင့် နိုဝင်ဘာ ၂ ရက်တွင် "Masterclasses on Gastronomy Tourism and Rural Development"ကို ကျင်းပ မည်ဖြစ်သည်။ အဆိုပါ အစီအစဉ်တွင် နိုင်ငံတကာမှ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း ကျွမ်းကျင် ပညာရှင်များက ခေါင်းစဉ် သုံးခုဖြစ်သည့် ကျေးလက် ဒေသများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် လိုက်လျော ညီထွေ ဖြစ်သော အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဆောင်ရွက်ခြင်း၊ အစားအသောက် များအား ရိုးရာနည်းဖြင့် ချက်ပြုတ်ခြင်းနှင့် ပတ်သက် သော အသိပညာပေးခြင်းနှင့် ဒေသခံများအား ပါဝင် ဆောင်ရွက်ခွင့်ပေးခြင်း၊ ဆန်းသစ်သော အချက် အပြုတ်နည်းလမ်းများကို မြှင့်တင်ခြင်းတို့အပေါ် အဓိကထား၍ ဆွေးနွေးကြမည်ဖြစ်ပြီး ကျေးလက် ခရီးသွားလုပ်ငန်းနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက် ရေးမြှင့်တင်ရာတွင် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း၏ အခန်းကဏ္ဍ အရေးပါပုံကို ဆွေးနွေးခြင်းများကိုလည်း ပြုလုပ်မည်ဖြစ်သည်။
တက်ရောက်လေ့လာကြမည်
ဒုတိယနေ့ အစီအစဉ်တွင်ပါဝင်သော "Masterclasses on Gastronomy Tourism and Rural Development" ကို ခေါင်းစဉ်သုံးခုဖြင့် ဆွေးနွေးပို့ချမည့် Livestream အစီအစဉ်သည် နိုင်ငံတကာမှ အစားအသောက်ဆိုင်ရာ ခရီးသွား လုပ်ငန်းကျွမ်းကျင်ပညာရှင်များ၏ အတွေ့အကြုံနှင့် ဗဟုသုတများ မျှဝေသည့် အစီအစဉ်ဖြစ်သဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အရာ ထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ
အသင်းမှ ကိုယ်စားလှယ်များက Online မှ ပါဝင် တက်ရောက်လေ့လာကြမည်ဖြစ်ကြောင်း သိရ
သည်။
သတင်းစဉ်