(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ ပုလဲအတွဲပေါင်း ၂၂၀ရောင်းချရ

 

နေပြည်တော်   ဧပြီ   ၂၃


 (၅၇) ကြိမ်မြောက်  မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဒုတိယနေ့ကို       ယနေ့တွင်     နေပြည်တော်ရှိ   မဏိရတနာ ကျောက်စိမ်းခန်းမ၌       ဆက်လက်ကျင်းပ သည်။

 


စိတ်ကြိုက်လေ့လာ


နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည်  မဏိရတနာကျောက်စိမ်းခန်းမ အတွင်း   ခင်းကျင်းပြသထားသည့်   ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက်    သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့်  ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။ 

 


ထို့နောက် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည် များသည် ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၂၂၀ အထိ ပုလဲအတွဲများကို ကြည့်ရှု စစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါ ပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

 


ယနေ့ပြပွဲတွင် ပုလဲအတွဲပေါင်း ၃၃၀ အနက်မှ ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၂၂၀  အထိ တင်သွင်းထားသော    ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက တင်ဒါအမှတ် (၁) ကို မွန်းတည့် ၁၂ နာရီနှင့် တင်ဒါအမှတ် (၂) ကို ညနေ ၄ နာရီခွဲတွင် ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၂၂၀ရောင်းချ ရကြောင်းကြေညာသည်။ 

 


ကြည့်ရှုအားပေး


ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့်  သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး နှင့်    ပြပွဲဗဟိုကော်မတီဝင်များသည်  မဏိရတနာ ကျောက်စိမ်းခန်းမအတွင်းရှိ ပုလဲအတွဲများ  အိတ်ဖွင့် တင်ဒါစနစ်ဖြင့်  ရောင်းချပေးနေမှုကို  ကြည့်ရှုအားပေး သည်။ 
ပြပွဲတတိယနေ့တွင်   ပုလဲအတွဲပေါင်း   ၃၃၀ အနက်မှ  ပုလဲအတွဲအမှတ် ၂၂၁  မှ   အတွဲအမှတ် ၃၃၀  ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို    ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ကြောင်း  သိရသည်။

 


လိုက်လံရှင်းလင်းပြသ


ယနေ့တွင်   နေပြည်တော်   ဇဗ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင်ကျောက်မျက်နှင့်    လက်ဝတ်ရတနာ သက်မွေးနည်းပညာသင်တန်းကျောင်းမှ သင်တန်းသား သင်တန်းသူများက မဏိရတနာကျောက်စိမ်းခန်းမ အတွင်းပြသထားသည့်  ပုလဲအတွဲများ၊ ကျောက်စိမ်း အတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များနှင့်  ခန်းမအပြင် ဘက်ရှိ   သတ်မှတ်နယ်မြေအလိုက်  ခင်းကျင်းပြသ ထားသည့်     ကျောက်စိမ်းအတွဲများကို   လာရောက် လေ့လာကြည့်ရှုကြရာ      ပြပွဲတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ 

 


ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့်    လက်ဝတ်ရတနာအရောင်းဆိုင် များကို   ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူ သူများကိုလည်း တွေ့ရသည်။

 


ယခုကျင်းပပြုလုပ်သည့်   (၅၇)  ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို    မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး  ပြပွဲတွင်  ပုလဲအတွဲ  ၃၃၀၊ ကျောက်မျက်အတွဲ ၁၂၀ နှင့်  ကျောက်စိမ်းအတွဲ ၂၀၀၀ တို့ကို  အိတ်ဖွင့်တင်ဒါစနစ်ဖြင့်   ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို  ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။            
       

သတင်းစဉ်