
နေပြည်တော် စက်တင်ဘာ ၈
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၅၃)ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၃၅) ကြိမ်မြောက် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီအစည်းအဝေး၊ (၂၄)ကြိမ် မြောက် အာဆီယံရင်းနှီးမြှုပ်နှံမှုဒေသကောင်စီအစည်းအဝေးနှင့် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေးအကြံပေး ကောင်စီတို့၏ ဆွေးနွေးပွဲများသို့ နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးရုံးမှ ပါဝင်တက်ရောက်သည်။
အဆိုပါအစည်းအဝေးများတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဝန်ကြီးချုပ် ရုံးဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့်စီးပွားရေးဝန်ကြီးဌာနဝန်ကြီး H.E. Dato Dr. Amin Liew Abdullah က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံ လွတ်လပ် သော ကုန်သွယ်မှုဒေသကောင်စီဝန်ကြီးများ၊ အာဆီယံရင်းနှီးမြှုပ်နှံမှု ဒေသကောင်စီဝန်ကြီးများ၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများ၊ အာဆီယံစီးပွားရေးအကြံပေးကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်း ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။
အသိအမှတ်ပြုခဲ့
(၃၅) ကြိမ်မြောက် လွတ်လပ်သောကုန်သွယ်မှုဒေသကောင်စီ အစည်းအဝေးကို နံနက် ၈ နာရီတွင် ကျင်းပခဲ့ရာ ဝန်ကြီးများက အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို မှတ်တမ်းတင်ပြီး ယင်းသဘောတူစာချုပ် ပြန်လည်သုံးသပ်ရေးဆောင်ရွက်မှု အခြေအနေ များကို အသိအမှတ်ပြုခဲ့ကြသည်။ ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရာတွင် ဆေးနှင့် ဆက်စပ်ပစ္စည်းများနှင့် စားသောက် ကုန်ကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် အရေးကြီးကုန်စည်များ၏
ကုန်သွယ်မှု လွယ်ကူချောမွေ့စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည့် နားလည်မှုစာချွန်လွှာတွင် စားသောက်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်များ ထပ်မံထည့်သွင်းရေးကို အတည်ပြုခဲ့ကြသည်။ အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ်နှင့်အညီ ကုန်သွယ်မှုအပေါ် အကျိုး သက်ရောက်မှုရှိနိုင်သည့် နိုင်ငံအလိုက်ထုတ်ပြန်သည့် အမိန့်/ညွှန်ကြား ချက်များကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် အာဆီယံအတွင်းရေးမှူးချုပ် ရုံးသို့ အသိပေးအကြောင်းကြားရေးကိစ္စကိုလည်း ဝန်ကြီးများက မှတ်တမ်းတင်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ နှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် စိန်ခေါ်မှုများရှိနေသော်လည်း အာဆီယံ၏ လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အာဆီယံကုန်စည် ကုန်သွယ်မှု သဘောတူစာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ စာချုပ်ပါ အကောက်ခွန် လျှော့ချမှု အစီအစဉ်အရ အကောက်ခွန်လိုင်းများ ချိတ်ဆက်ရာတွင် မှီငြမ်းသည့် လမ်းညွှန်ချက် ရေးဆွဲဆောင်ရွက်ခြင်းသည် ကုန်သွယ်မှု လုပ်ငန်းများအတွက် ပွင့်လင်းမြင်သာမှုနှင့် တိကျသေချာမှုကိုအထောက် အကူဖြစ်သည့်အတွက် အဆိုပါလမ်းညွှန်ချက် အပြီးသတ်နိုင်ရေး ဆောင်ရွက်ရန် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေး ပေါင်းစပ်ညှိနှိုင်းမှုကော်မတီကို တိုက်တွန်း ခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အထွေထွေပြန်လည်သုံးသပ်ခြင်းလုပ်ငန်းသည် သဘောတူစာချုပ်အောက်ရှိ ကတိကဝတ်များနှင့် ကိုက်ညီမှုမရှိသည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်နိုင်ရေးအတွက် အခွင့်အလမ်းကောင်း တစ်ခုဖြစ်ကြောင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ပြုစုထားသည့် အဖွဲ့ဝင်နိုင်ငံများအကြား ကာလရှည်ကြာစွာ ဖြေရှင်းနိုင်ခြင်းမရှိသည့် ကိစ္စရပ်များအတွက်လည်း ရှေ့ဆက်လက်ဆောင်ရွက်မည့် နည်းလမ်း များကိုပါ ထည့်သွင်းရန်လိုကြောင်း ဆွေးနွေးခဲ့သည်။
ကမ္ဘောဒီးယား ၊ လာအို၊ မြန်မာနိုင်ငံတို့မှ ထိုင်းနိုင်ငံသို့ ပြောင်း
တင်ပို့မှုနှင့်စပ်လျဉ်း၍ ထိုင်းနှင့်မြန်မာနှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေး မှု ပြုလုပ်နိုင်ခဲ့ခြင်းကို ဝမ်းမြောက်ကြောင်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ မှ ထိုင်းနိုင်ငံသို့ တစ်နှစ်ပတ်လုံး ပြောင်းတင်ပို့ခွင့်ရရှိရေးအတွက် ထိုင်းနိုင်ငံက စဉ်းစားပေးရန်ကိုလည်း ပြည်ထောင်စုဝန်ကြီးက
တောင်းဆိုခဲ့သည်။
သဘောတူခဲ့ကြ
ထို့ပြင် ကိုဗစ်-၁၉ ဖြစ်ပေါ်နေစဉ်အတွင်း အကောက်ခွန်မဟုတ်သည့် အစီအမံများ ဖြေလျှော့ပေးရန်အတွက် ချုပ်ဆိုထားသည့် နားလည်မှု စာချွန်လွှာ၏ နောက်ဆက်တွဲစာရင်းတွင် အာဆီယံနိုင်ငံများ သဘောတူ ထားသည့် စားသောက်ကုန်နှင့် စပ်လျဉ်းသည့်ကုန်စည် (၁၀၇) လိုင်းကို ထည့်သွင်းရန်ကိုလည်း သဘောတူခဲ့ကြသည်။
ဆက်လက်၍ (၂၄) ကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှုဒေသကောင်စီ အစည်းအဝေးကို ကျင်းပခဲ့ရာ ဝန်ကြီးများက အာဆီယံ ဘက်စုံရင်းနှီး မြှုပ်နှံမှုသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ပြီး အာဆီယံရင်းနှီးမြှုပ်နှံမှုအစီရင်ခံစာ (၂၀၂၀-၂၀၂၁) နှင့် အာဆီယံရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးမူဘောင်တို့ကို ထုတ်ပြန်ရန် အတည်ပြုခဲ့သည်။ ထို့အပြင် အာဆီယံရင်းနှီးမြှုပ်နှံမှုစောင့်ကြည့်ရေးအစီရင်ခံစာ (၂၀၂၁) နှင့် စပ်လျဉ်းပြီး အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ တင်ပြမှုအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြပြီး အဆင့်မြင့်စီးပွားရေးအရာရှိများက ဝန်ကြီးများထံ တင်ပြသည့် အစီရင်ခံစာကို မှတ်တမ်းတင်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၏ ၂၀၂၁ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ် စီးပွားရေးဦးစားပေးလုပ်ငန်းတစ်ခု
ဖြစ်သည့် အာဆီယံရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးမူဘောင်ကို ထုတ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကို အသိအမှတ်ပြု ကြိုဆိုပါကြောင်းနှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် အာဆီယံဒေသ တွင်း ဦးစားပေးမြှင့်တင်သင့်သည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေလျှော့ဆောင်ရွက်ပေးမှုများကိုလည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်း ရင်းနှီး မြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆန်းစစ် နိုင်ရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည်ကုစားရေးဆောင်ရွက် ချက်များကို အထောက်အကူပြုနိုင်ရန်အတွက် ဆောင်ရွက်မည့် အာဆီယံရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးမူဘောင်သည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး အတွက် ဆောင်ရွက်လျက်ရှိသည့် SMART လုပ်ငန်းစဉ်များနှင့် ကိုက်ညီ မှုရှိကြောင်းနှင့် အဆိုပါ အာဆီယံရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး မူဘောင်ကို ဆက်လက်ဆောင်ရွက်ရန် ထောက်ခံကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် ဆက်လက်ကျင်းပသည့် စီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေးအကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲတွင်
အာဆီယံစီးပွားရေးဝန်ကြီးများနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ
စီးပွားရေးအကြံပေးကောင်စီအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် အာဆီယံစီးပွားရေးအကြံပေးကောင်စီဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်များက ၂၀၂၁ ခုနှစ်အတွင်း ပုဂ္ဂလိကကဏ္ဍက
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့သည်။ ထို့ပြင် အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီး ညီလာခံကျင်းပရန် စီစဉ်ဆောင်ရွက်မှု၊ ထူးချွန်သည့် စီးပွားရေး လုပ်ငန်းများအား ဆုချီးမြှင့်မည့်အစီအစဉ်၊ ဒေသတွင်းကုန်သွယ်မှု
လွယ်ကူချောမွေ့စေရေးအတွက် ဆောင်ရွက်မှုအခြေအနေ၊ ကိုဗစ်-၁၉ ကာလအလွန် ဒေသတွင်းစီးပွားရေးပြန်လည်ကောင်းမွန်စေရန်
အတွက် ဆောင်ရွက်လျက်ရှိသည့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေး ကွန်ရက်ထူထောင်မှုအခြေအနေ၊ ကျန်းမာရေးနှင့် ခရီးသွားလာရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် အကြံပြုချက်များကို တင်ပြခဲ့ရာ ဝန်ကြီးများက ပြန်လည်လမ်းညွှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ခြင်းနှင့် ကုသရေးလုပ်ငန်းများ၌ အစိုးရ-ပုဂ္ဂလိက နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုများ၊ ကူးစက်မှုနှုန်းကို အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာ ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများ၊ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှုများကို ကုစားနိုင်ရန်အတွက် ကာလလတ်စီမံကိန်း ဖြစ်သည့် မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက်ကို ကုလသမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက်၊ အာဆီယံဘက်စုံပြန်လည် ထူထောင်ရေးမူဘောင်နှင့် ဂျီအမ်အက်စ် လုပ်ငန်းအစီအစဉ်များနှင့်အညီ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ရှင်းလင်းပြောကြားခဲ့
ထို့နောက် ညနေပိုင်းတွင် (၅၃)ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ရာ ဝန်ကြီးများက နိုင်ငံအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု၊ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်ကုန်၌ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင် သည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး အတွက် ဆောင်ရွက်နေမှုများ၊ ရောဂါဖြစ်ပွားနေစဉ်အတွင်း မရှိမဖြစ် လိုအပ်သည့် ဆေးဝါးများနှင့် ဆေးကိရိယာများကို လွယ်ကူစွာ တင်သွင်း၊ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ သည်။ (၅၃)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးကို စက်တင်ဘာ ၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။
အဆိုပါ အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် အရာရှိကြီးများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ် များ ပါဝင်တက်ရောက်ခဲ့သည်။
သတင်းစဉ်