
နေပြည်တော် ဇန်နဝါရီ ၂၆
ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော “(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” (နောက်ဆုံးနေ့)ကို ယနေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ် - ၅၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၌ ကျင်းပသည်။
နံနက်ပိုင်းတွင် သဘာပတိများအဖြစ် ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ပါမောက္ခ ဒေါက်တာ ဖေသက်ခင်၊ ဆေးသုတေသနဦးစီး ဌာန၊ လူပုဂ္ဂိုလ်များ၊ သုတေသနစမ်းသပ်မှုဆိုင်ရာ ကျင့်ဝတ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ခင်သက်ဝေ တို့က ဆောင်ရွက်၍ ကျန်းမာရေးဆိုင်ရာသုတေသန များ ဆောင်ရွက်ရာတွင် သုတေသီတို့အတွက် အရေး ကြီးသည့် အလေးထားကျင့်သုံးရမည့် သုတေသန ကျင့်ဝတ်များကို မီးမောင်းထိုးပြသနိုင် ရေးအတွက် “(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ၏ အဓိကသုတေ သနဦးတည် ချက်ခေါင်းစဉ်(Theme) ဖြစ်သည့် “ခိုင်မာပြီး သုတေ သနကျင့်ဝတ်နှင့် ပြည့်စုံသောသုတေသနကောင်းများ ကို တိုးမြှင့်ဆောင်ရွက်ကြပါစို့ Enhancing Research Integrity and Research Ethics” ဖြင့် ပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ကြသည်။
ယင်းနှီးနှောဖလှယ်ပွဲတွင် ဆေးတက္ကသိုလ်(၂)မှ ပါမောက/ဌာနမှူး ပါမောကဇော်ဇော်ဦးက “သုတေသန၏ ကောင်းကျိုးဆိုးကျိုးကို သုံးသပ်ခြင်း နှင့် ထိခိုက်လွယ်သောလူအုပ်စုများကို အကာအကွယ် ပေးခြင်း”၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဝန်က “သုတေသနတွင်ပါဝင်ရန် သဘောတူ ခွင့်ပြုချက်ပုံစံများ”၊ ဆေးတက္ကသိုလ်(၁)မှ ဒုတိယ ပါမောကချုပ် ပါမောက ခင်မာမြင့်က “သုတေသန ဆိုင်ရာခိုးယူခြင်း”၊ ဆေးသုတေသနဦးစီးဌာနမှ သုတေသနမှူး ဒေါက်တာကျော်လွင်ရှိုးက “သုတေ သနအချက်အလက်ဆိုင်ရာကျင့်ဝတ်များ”နှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ တိုးသီရိအောင်က “ပြည်သူ့ကျန်းမာရေးနှင့်ပတ်သက် သော သုတေသနများဆောင်ရွက်ရာတွင် ရင်ဆိုင် ကြုံတွေ့ရသည့် သုတေသနကျင့်ဝတ်ဆိုင်ရာအခက် အခဲများ”တို့ကို ဆွေးနွေးတင်ပြကြသည်။
ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲတွင် ဝါရင့် သုတေသီကျင့်ဝတ်ဆိုင်ရာ ပညာရှင်များက သုတေ သနကျင့်ဝတ်ဆိုင်ရာ နည်းပညာများကို ဆွေးနွေး တင်ပြအတွေ့အကြုံဖလှယ်ခဲ့ကြသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲပြီးနောက် သုတေသန ညီလာခံပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်သန်းထွန်းက ဝမ်းမြောက်ဂုဏ်ပြု စကားပြောကြားသည်။
ညီလာခံနောက်ဆုံးနေ့၏ ညနေပိုင်းတွင် ဆုပေး ပွဲအခမ်းအနားကိုကျင်းပရာ ဆေးသုတေသနဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်း က အမှာစကားပြောကြားပြီး ဆုရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာလှလှဝင်းက ဆုရွေးချယ်ရေး ဆိုင်ရာသုံးသပ်ချက်များနှင့် ဆုရရှိသည့်စာတမ်း များနှင့် ဆုရရှိသည့် ပိုစတာများကို ကြေညာရာ အကောင်းဆုံးအခြေခံ သုတေသနစာတမ်းပထမဆု ကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာထင်လင်း နှင့်အဖွဲ့က “၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်ကလေး ဆေးရုံကြီးသို့ ဝမ်းလျှောရောဂါကြောင့် တက်ရောက် ကုသမှုခံယူကြသော ကလေးများရှိ ရိုတာဗိုင်းရပ်စ်-အေ အမျိုးအစား၏ ဖြစ်ပွားမှုနှုန်း၊အဖြစ်များသော ရာသီနှင့် ပိုးမျိုးခွဲများပျံ့နှံ့နေပုံတို့ကိုလေ့လာခြင်း၊ (ရန်ကုန်တွင် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးစတင် တိုက်ကျွေးခြင်း၏အကျိုးသက်ရောက်မှုကို ကာကွယ် ဆေးစတင်ပြီးစကာလတွင် ဆန်းစစ်လေ့လာခြင်း)” သုတေသနစာတမ်းက လည်းကောင်း၊ အကောင်းဆုံး အခြေခံသုတေသနစာတမ်းဒုတိယဆုကို ဆေးသုတေ သနဦးစီးဌာနမှ ဒေါက်တာသက်သက်မာနှင့် အဖွဲ့က “ငန်းတော်ကျားအဆိပ်ဖြေဆေးနှင့် မြွေဟောက် အဆိပ်ဖြေဆေးမှ ငန်းတော်ကျား မြွေဆိပ်ကိုချေဖျက် နိုင်သည့် သတ္တိရှိမရှိကိုလေ့လာခြင်း” သုတေသန စာတမ်းကလည်းကောင်း ရရှိသည်။
အကောင်းဆုံးအသုံးချ သုတေသနစာတမ်းပထမ ဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာခင်နှင်းပွင့် နှင့်အဖွဲ့က “မြန်မာဆေးယဉ်ပါး တီဘီလူနာများတွင် လင်နီဇိုးလစ်ဆေးပမာဏနှစ်မျိုး၏ ထိရောက်မှု၊ ဘေးကင်းမှုတို့ကို ခန္ဓာကိုယ်တွင်းဆေးဝါးကြမ္မာ (Pharmacokinetics)နှင့် ဆေးဝါး၏ ခန္ဓာကိုယ်အပေါ် သက်ရောက်မှု (Pharmacodynamics) နည်းလမ်း ဖြင့် ရှာဖွေခြင်း” သုတေသနစာတမ်းက လည်းကောင်း၊ အကောင်းဆုံးအသုံးချသုတေသနစာတမ်း ဒုတိယ ဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာ အောင်ကျော်ကျော်နှင့် အဖွဲ့က “၂၀၁၈ မှ ၂၀၂၃ခုနှစ် မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ် ရောဂါပိုး၏ မျိုးဗီဇများပြောင်းလဲမှု၊ လူနာ များ၏ ကိုယ်ခံစွမ်းအားအခြေအနေ၊ ရောဂါပြင်းထန် မှုအခြေအနေများကို လေ့လာခြင်း” သုတေသန စာတမ်းကလည်းကောင်း ရရှိသည်။
အကောင်းဆုံးကျန်းမာရေးစနစ် သုတေသန စာတမ်းပထမဆုကို လူထုအခြေပြု ကိုဗစ် - ၁၉ သုတေသနအဖွဲ့က “ မြန်မာနိုင်ငံ၊ ရန်ကုန်နှင့်မန္တလေး တိုင်းဒေသကြီးများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံထားမှုနှင့် ယင်းနှင့်ဆက်စပ်သည့်အကြောင်း အရာများကို ပြည်သူလူထုအခြေပြုလေ့လာခြင်း” သုတေသနစာတမ်းကလည်းကောင်း၊ အကောင်းဆုံး ကျန်းမာရေးစနစ် သုတေသနစာတမ်းဒုတိယဆုကို သူနာပြုတက္ကသိုလ်(မန္တလေး)မှ ဒေါ်အိအိမွန်နှင့် အဖွဲ့က “မန္တလေးပြည်သူ့ဆေးရုံကြီးရှိ ဆေးရုံ၏ ကျင့်ဝတ်နှင့် သက်ဆိုင်သောအခြေအနေနှင့် သူနာပြု များ၏ ကိုယ်ကျင့်တရားစောင့်ထိန်းနိုင်မှုအား လေ့လာ ဆန်းစစ်ခြင်း” သုတေသနစာတမ်းက လည်းကောင်း၊ အကောင်းဆုံးကျန်းမာရေးစနစ် သုတေသနစာတမ်း တတိယဆုကို ဆေးတက္ကသိုလ်(၁)မှ ဒေါက်တာ နန်းယုဇနဇော်နှင့်အဖွဲ့က “ဗဟိုအမျိုးသမီးဆေးရုံ၊ ရန်ကုန်သို့ လာရောက်ပြသသော ကလေးရရန်ခက်ခဲ သော အမျိုးသမီးများတွင် မျိုးပွားခြင်းနှင့် သက်ဆိုင် သော ဗဟုသုတ၊ ခံယူချက်သဘောထားနှင့် ထိုရောဂါ အတွက်ကုသမှုရှာဖွေပုံ အမူအကျင့်များကို လေ့လာ ခြင်း” သုတေသနစာတမ်းကလည်းကောင်း ရရှိသည်။
အကောင်းဆုံးပိုစတာပထမဆုကို ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇော်မြင့်နှင့်အဖွဲ့ က “ဆေးတိုးတီဘီကုထုံးမအောင်မြင်သည့် လူနာ များတွင်ကောင်းမွန်သောကုသမှုဆိုင်ရာ တုံ့ပြန်မှုများ တွေ့ရှိလာခြင်း - ပုံမှန်ရောဂါရှာဖွေစမ်းသပ်မှုများဖြင့် မတွေ့ရှိနိုင်သည့် Rifampicin ဆေးယဉ်ပါးမှုဆိုင်ရာ ဗီဇပြောင်းလဲမှုများကို ဖော်ထုတ်ခြင်း၏အရေးပါပုံ” ပိုစတာကလည်းကောင်း၊ အကောင်းဆုံးပိုစတာ ဒုတိယ ဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာ မောင်မောင်မြနှင့်အဖွဲ့က “တိုင်းရင်းဆေးဘက်ဝင်အသီးမျိုးဖြစ်သော လိမ္မော်ခွံအဆီဖြင့် ခြင်သားလောင်း များသေစေနိုင်စွမ်းနှင့် ခြင်မကိုက်အောင်တားဆီးနိုင် စွမ်းကို သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင် သော အေးဒီးခြင်သားလောင်းများနှင့် ခြင်များပေါ် စမ်းသပ်ခြင်း” ပိုစတာကလည်းကောင်း၊ အကောင်းဆုံး ပိုစတာတတိယဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာရီရီကျော်နှင့်အဖွဲ့က “မြန်မာနိုင်ငံတွင် Next Generation Sequencing နည်းလမ်းကို အသုံးပြု ၍ အသည်းရောင်အသားဝါဘီပိုးအတွက် မျိုးဗီဇ တစ်ခုလုံးစိစစ်ခြင်း နည်းပညာသစ်ဆောင်ရွက်ခြင်း” ပိုစတာကလည်းကောင်း ရရှိသည်။ ဆက်လက်၍ ဆုရွေးချယ်ရေးအဖွဲ့ဝင်များသည် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်