
ဆောင်းပါး
=======
(၄၉)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ အကြိုဂုဏ်ပြုဆောင်းပါး
==========================================================
ပါမောက္ခဒေါက်တာဇော်သန်းထွန်း
ဆေးသုတေသနဦးစီးဌာန
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပင်မမဏ္ဍိုင်လုပ်ငန်းကြီးတစ်ရပ်ဖြစ်သော ကျန်းမာရေးသတင်းအချက် အလက်များအား ဖြန့်ဝေရာတွင် အရေးပါသောလုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် “မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ”ကို နှစ်စဉ် ဇန်နဝါရီလတွင် ကျင်းပ လာခဲ့သည်မှာ ယခုအခါ (၄၉)ကြိမ်တိုင်ခဲ့ပြီဖြစ်ပါသည်။ ယခုနှစ်တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန် နှင့် တိုက်ဆိုင်နေ၍ ဇန်နဝါရီလ ၁၈ ရက်မှ ၂၁ ရက်အထိ ဆေးသုတေသနဦးစီးဌာန အမှတ်(၅) ဇီဝကလမ်း ဒဂုံမြို့နယ် ရန်ကုန်မြို့တွင် Virtual Congress အသွင်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။
ဤညီလာခံ နှစ်စဉ်ကျင်းပရခြင်း၏ ရည်မှန်းချက် ပန်းတိုင်မှာ “မြန်မာနိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ပေါင်တန်း ဆောင်ရွက်နိုင်စေရန်”ဖြစ်ပါသည်။ ထိုသို့ ကျန်းမာရေး ဆိုင်ရာ သုတေသနပညာရပ်များ အဆင့်မြင့်မားတိုးတက် လာသည်နှင့်အမျှ မြန်မာနိုင်ငံရှိ ပြည်သူများ၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားလာစေရန်နှင့် ကျန်းမာရေးနှင့် သုတေသနလုပ်ငန်းများမှ တွေ့ရှိချက်များကို အသိပေး ဖြန့်ဝေခြင်းဖြင့် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများတွင် လက်တွေ့အသုံးပြုနိုင်စေရန် စသည့် တိကျခိုင်မာသော ရည်ရွယ်ချက်များဖြင့် “(၄၉)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ”ကို Virtual Conference အဖြစ် သုတေသီများမှ သုတေသန စာတမ်းများကို ဖတ်ကြားတင်သွင်းခြင်း၊ ပိုစတာများပြသ ခြင်း၊ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ပါသည်။
ကျယ်ကျယ်ပြန့်ပြန့်ထည့်သွင်းကျင်းပခဲ့
၁၉၆၅ ခုနှစ်မှ စ၍ ပထမအကြိမ် ညီလာခံကြီးကို စတင်ကျင်းပခဲ့ရာ သမိုင်းကြောင်းကို လေ့လာကြည့်ပါက စတင်ကျင်းပခဲ့သောနှစ်များတွင် သုတေသနစာတမ်းများ ကိုသာ တင်သွင်းဖတ်ကြားခဲ့သော်လည်း ၁၉၉၁ ခုနှစ်မှ စ၍ သုတေသနပိုစတာပြပွဲကိုထည့်သွင်းခဲ့ပြီး ထပ်မံ၍ ၂၀၀၂ ခုနှစ်မှစတင်ကာ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ် ဆွေးနွေးပွဲ(Symposium)များကိုလည်း ကျယ်ကျယ် ပြန့်ပြန့် ထည့်သွင်းကျင်းပခဲ့ပါသည်။ တစ်ဖန် သုတေသီ ပညာရှင်များ၏ သုတေသနအရည်အသွေးများ ပိုမို တိုးတက်ကောင်းမွန်လာစေရန်နှင့် သုတေသနပညာရှင် များ၏ ကြိုးပမ်းအားထုတ်မှုများကို အလေးထား အသိ အမှတ်ပြုသောအားဖြင့် ၁၉၉၃ ခုနှစ်မှစ၍ အကောင်းဆုံး စာတမ်းဆုများ၊ အကောင်းဆုံးပိုစတာဆုများ ရွေးချယ် ချီးမြှင့်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှစ၍ လူငယ်သုတေသီဆုများ ချီးမြှင့်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ မြန်မာ နိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆေးသုတေသန ဦးစီးဌာနမှ နှစ်စဉ်တာဝန်ယူလျက် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းကာ လုပ်ငန်းတာဝန်များကိုသတ်မှတ်ထားရှိပြီး စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ပြည်တွင်း၌သာမက ပြည်ပမှ သုတေသီပညာရှင် များ၏ စာတမ်းများပေးပို့ရာတွင် လွယ်ကူအဆင်ပြေစေရန် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ ဝက်ဘ်ဆိုက် www.myanmarhrc.gov.mm ကို လွှင့်တင် ထားရှိပါသည်။ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များရှိ သုတေသီပညာရှင်များမှ တင်သွင်းလာ သော သုတေသနစာတမ်းများကို အခြေခံသုတေသန စာတမ်း(Basic Research)၊ အသုံးချသုတေသနစာတမ်း (Applied Research)၊ လူမှုရေးနှင့်ကျန်းမာရေးစနစ် သုတေသနစာတမ်း(Social Science/ Health Systems Research)များနှင့် ပိုစတာများအသွင်ဖြင့် အမျိုးအစား ခွဲခြား၍ တင်သွင်းရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။
ယခုနှစ်တွင် အခြေခံသုတေသနစာတမ်း ၂၈ စောင်၊ အသုံးချသုတေသနစာတမ်း ၃၂ စောင်၊ လူမှုရေးနှင့် ကျန်းမာရေးစနစ်သုတေသနစာတမ်း ၂၉ စောင်၊ ပိုစတာ စာတမ်း ၇၅ စောင် စုစုပေါင်း စာတမ်း ၁၆၄ စောင်ကို စာတမ်းကြီးကြပ်ရေးဆပ်ကော်မတီမှ စိစစ်ပြီး ညီလာခံသို့ တင်သွင်း၊ ဖတ်ကြား၊ ပြသရန် လက်ခံထားရှိကြောင်း သိရှိ ရပါသည်။ တင်သွင်းမည့်စာတမ်းများတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် သက်ဆိုင်သော သုတေသနများ၊ ငှက်ဖျား၊ ကင်ဆာ၊ တီဘီ၊ မျိုးဆက်ပွားကျန်းမာရေးတို့နှင့် သက်ဆိုင်သော သုတေသနများ၊ ဇီဝကမ္မဆိုင်ရာသုတေသန၊ ကျန်းမာရေးဆိုင်ရာသုတေသန၊ သွားကျန်းမာရေး၊ ခုခံအား ကျဆင်းမှု၊ တိုင်းရင်းဆေးတို့နှင့် ပတ်သက်သော သုတေသန များ၊ ပြည်သူ့ကျန်းမာရေးစီမံချက် အကောင်အထည် ဖော်ခြင်းဆိုင်ရာ သုတေသန၊ ကျောင်းကျန်းမာရေး၊ အာဟာရ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာသုတေသနနှင့် အားကစားဆိုင်ရာ သုတေသနများ စသည်တို့ပါဝင်ကြောင်း သိရှိရပါသည်။ သုတေသနစာတမ်းများ တင်သွင်းဖတ်ကြား ခြင်းကို virtual နည်းလမ်းဖြင့် တစ်ဦးလျှင် ၁၅ မိနစ်ကြာ တင်ပြရန်စီစဉ်ထားရှိပြီး မေးမြန်းလိုသူများသည် Chat box မှတစ်ဆင့် မေးမြန်းနိုင်ကာ စာတမ်းရှင်က ပြန်လည် ဖြေကြားပေးရန် စီစဉ်ထားရှိပါသည်။ ပိုစတာပြသခြင်းကို E-poster အသွင်ဖြင့် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မည် ဖြစ်ပါသည်။
၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင် စတင်ခဲ့သည့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးမှ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာ သတ်မှတ်ခဲ့ရသော ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာပေါ်တွင် အသက်ပေါင်းများစွာ ဆုံးရှုံးလျက်ရှိနေသည်မှာ နှစ်ပတ် လည် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ယင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကို ကာကွယ်ထိန်းချုပ်ကုသရာမှ သိရှိလာရသော အတွေ့ အကြုံများ၊ ဗဟုသုတများ၊ သင်ခန်းစာများ၊ သုတေသန လေ့လာတွေ့ရှိချက်များကို အထူးအစီအစဉ်တစ်ရပ် အနေဖြင့် ဤညီလာခံတွင် တင်ပြသွားမည်ဖြစ်ပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေး သုတေသနဦးစီးဌာနအနေဖြင့် သုတေသနလုပ်ငန်းများ ကိုသာ ဦးစားပေးကအနေဖြင့် အစဉ်တစိုက် ဆောင်ရွက် ခဲ့ရာမှ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားလာချိန်တွင် အဆင့်မြင့်မော်လီကျူး သုတေသနဌာနမှ ပညာရှင်များ ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ရှာဖွေဖော်ထုတ်ခြင်းက တွင် ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ယခုကဲ့သို့ ကမ္ဘာ့ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် ပြင်ဦးလွင်ရုံးခွဲနှင့် ရန်ကုန် ရုံးချုပ်မှ ဝန်ထမ်းများသည် မိမိသဘောဆန္ဒအလျောက် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်ရန် ဆန္ဒပြုခဲ့ကြပြီး နှာခေါင်းတို့ဖတ်နမူနာယူသော Swab team များတွင် လည်းကောင်း၊ ရခိုင်ပြည်နယ်သို့ စေလွှတ်သည့် စေတနာ့ ဝန်ထမ်းအဖွဲ့တွင်လည်းကောင်း အသီးသီးဆန္ဒပြု တာဝန် ထမ်းဆောင်ခဲ့ကြပါသည်။
ဖော်ထုတ်ပြသခွင့်ရရှိမည်
၂၀၂၀ ပြည့်နှစ် မတ်လ ၂၄ ရက်မှစ၍ မြန်မာနိုင်ငံတွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောက်ရှိ ပျံ့နှံ့လာချိန်မှ စတင်ပြီး SARS-CoV2 ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇတစ်ခုလုံးကို လေ့လာနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ ယခုအချိန်ထိ စုစုပေါင်း ဓာတ်ခွဲနမူနာ ၅၂ ခု စစ်ဆေးလေ့လာနိုင်ခဲ့ပြီး ယင်းနမူနာများ၏ မျိုးရိုးဗီဇ(Sequences)များကို US/NCBI/GenBank တွင် တင်သွင်းစိစစ်ခံ၍ အတည်ပြုချက် ရယူပြီးဖြစ်ပါသည်။ သုတေသနတွေ့ရှိချက်များအရ ကမ္ဘာ ပေါ်တွင် ကူးစက်မှုပိုမိုမြန်ဆန်လာစေနိုင်မှုနှင့် ဆက်စပ် နေသော D614G မျိုးဗီဇပြောင်းလဲမှုနှင့် အခြားတွဲဖက် ဖြစ်ပေါ်နေသော မျိုးဗီဇပြောင်းလဲမှုများ၊ တောင်အာဖရိက နိုင်ငံတွင် အဖြစ်များလာမှုနှင့် ဆက်စပ်သည်ဟု ယူဆရ သော မျိုးဗီဇပြောင်းလဲမှုများ၊ ဒိန်းမတ်နိုင်ငံတွင် မြွေပါ ကတိုး(Mink)များမှတစ်ဆင့် လူသားများထံကူးစက်မှု ဖြစ်ပေါ်သည်ဟု သံသယရှိသော Cluster-5 မျိုးဗီဇ ပြောင်းလဲမှုများ၊ နိုင်ဂျီးရီးယားတွင် အသစ်ထပ်မံတွေ့ရှိလာ သည့် မျိုးဗီဇပြောင်းလဲမှုများ၊ မြန်မာနိုင်ငံရှိ ဓာတ်ခွဲနမူနာ များတွင်တွေ့ရှိရသော မျိုးဗီဇပြောင်းလဲမှုများနှင့် မျိုးဗီဇ နွယ်ဆိုင်ရာ အချက်အလက်များကို ဆန်းစစ်ခြင်းများမှ သုတေသနတွေ့ရှိချက်များကို ဤညီလာခံကြီးတွင် တင်သွင်းဖတ်ကြားသွားမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ မှ သုတေသနပညာရှင်များ၏ နိုင်ငံတကာနှင့် ရင်ပေါင်တန်း လျက် ကြိုးပမ်းဆောင်ရွက်မှုများကို ဖော်ထုတ်ပြသခွင့် ရရှိမည် ဖြစ်ပါသည်။
ထဲထဲဝင်ဝင်ဆောင်ရွက်
ယခုနှစ်တွင်ကျင်းပမည့် “(၄၉)ကြိမ်မြောက် မြန်မာ နိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ”ကို ကမ္ဘာ့ ကပ်ရောဂါကြီးတိုက်ဖျက်ရာတွင် နိုင်ငံတော်မှ အထူး အလေးထားဆောင်ရွက်သကဲ့သို့ ပုဂ္ဂလိကကဏ္ဍများ၏ ပူးပေါင်းပါဝင်ပံ့ပိုးကူညီဆောင်ရွက်မှု၊ ပြည်သူလူထု၏ ကျန်းမာရေးအသိပညာ ပိုမိုနားလည်သဘောပေါက်မှုများဖြင့် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အရေးကြီးပုံ၊ နိုင်ငံသားတစ်ဦးတစ်ယောက်စီတွင် တာဝန် ရှိစွာဖြင့် မိမိကိုယ်ပိုင်အရေးကဲ့သို့ သဘောမှတ်ယူ၍ ထဲထဲ ဝင်ဝင်ဆောင်ရွက်ရန် အရေးကြီးပုံကို မီးမောင်းထိုးပြနိုင်ရန် ရည်ရွယ်၍ “ကိုဗစ်ရောဂါတိုက်ဖျက်ဖို့၊ ပူးပေါင်းပါဝင် ဆောင်ရွက်စို့” “Fighting together against COVID-19” ဟူသော ဆောင်ပုဒ် Congress Theme ဖြင့် ကျင်းပရန် စီစဉ်ထားရှိပါသည်။
ယခုညီလာခံတွင် ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (Symposia) လေးခုကို ထည့်သွင်းကျင်းပမည် ဖြစ်ပါသည်။ ကျန်းမာရေးစီမံချက်များ၊ မူဝါဒများချမှတ်ရာတွင် အထောက် အထားခိုင်လုံသော သုတေသနအချက်အလက်များကို အခြေခံပြီး ရေးဆွဲအကောင်အထည်ဖော်သည့် အလေ့အကျင့် များ ပိုမိုအားကောင်းလာစေရန်နှင့် ရေရှည်ဆက်လက်တည်မြဲ အောင် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်လျက် “Make It Happen, Make It Matter: Improving Health Outcomes Through Data-Driven Polices” နှီးနှောဖလှယ်ပွဲကို သုတေသီများ၊ ကျွမ်းကျင်ပညာရှင်များ နှင့် Data to Policy (၂၀၁၉-၂၀၂၀) သင်တန်းပြီးမြောက်ခဲ့သည့် သင်တန်းသူ/ သားများအပြင် နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်ကြသော Vital Strategies (USA)၊ Centers for Disease Control and Prevention(CDC)၊ United States နှင့် Bloomberg Data for Health Initiative တို့ပါဝင်လျက် သက်ဆိုင်ရာ ကအလိုက် ဆွေးနွေးတင်ပြကြမည် ဖြစ်ပါသည်။
ကျန်းမာရေးဌာနများတွင် ကောင်းမွန်သောရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာလိုအပ်ချက်များနှင့် ရောဂါပိုးများမှ ကာကွယ်ရေး ဆောင်ရွက်ရာတွင် ပိုမိုထိရောက်ကောင်းမွန်စေရေး အတွက် အခြေခံဝန်ဆောင်မှုအဆင့်များ ပြည့်မီစေရန်၊ ဆေးရုံများတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် အားသာ ချက်၊ အားနည်းချက်များအား မျှဝေပေးနိုင်စေရန်နှင့် ပိုမို ကောင်းမွန်သည့် အကြံပြုချက်များ ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ပြုလုပ်သော “Inclusive WASH & IPC improvement in HCFs in Myanmar”ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲတွင်လည်း ပြည်တွင်းပညာရှင်များနှင့် သြစတြေးလျနိုင်ငံမှ ပညာရှင်များ ပူးပေါင်းဆွေးနွေးကြမည် ဖြစ်ကြောင်း သိရှိရပါသည်။
ညီလာခံတွင် တင်သွင်းလာသည့် စာတမ်းများမှ အကောင်းဆုံးအခြေခံသုတေသန(Basic Research) စာတမ်းတစ်စောင်၊ အကောင်းဆုံး လက်တွေ့အသုံးချ သုတေသန(Applied Research) စာတမ်းတစ်စောင်၊ အကောင်းဆုံးကျန်းမာရေးစနစ်သုတေသန(Health Systems Research) စာတမ်းတစ်စောင်နှင့် ပိုစတာများမှ အကောင်းဆုံးပိုစတာတစ်စောင် စုစုပေါင်း လေးစောင်ကို လည်းကောင်း၊ လူငယ်သုတေသီဆု သုံးခုအတွက် အခြေခံ သုတေသနစာတမ်း တစ်စောင်၊ လက်တွေ့အသုံးချ သုတေသနစာတမ်းတစ်စောင်၊ ကျန်းမာရေးစနစ် သုတေသန စာတမ်းတစ်စောင် စုစုပေါင်း သုံးစောင်ကို လည်းကောင်း၊ အကောင်းဆုံးစာတမ်းဆု ရွေးချယ်ရေး ဆပ်ကော်မတီက အသီးသီးရွေးချယ်၍ ဆုများပေးအပ် ချီးမြှင့်သွားရန် စီစဉ်ထားပါသည်။ စာတမ်းတင်သွင်းကြ သည့် သုတေသနပညာရှင်များ၏ ကြိုးပမ်းဆောင်ရွက်မှု များကို အသိအမှတ်ပြု အလေးထားသည့်အနေဖြင့် ယခုနှစ် တွင် ဆုရရှိသူသုတေသီများအား ယခင်နှစ်အတိုင်း တိုးမြှင့် သတ်မှတ်ပေးထားသော ပထမဆု ၁၀ သိန်း၊ ဒုတိယဆု ရှစ်သိန်းနှင့် တတိယဆု ခြောက်သိန်းဖြင့် ထိုက်ထိုက် တန်တန် ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ယခင်နှစ်များနည်းတူ ညီလာခံသို့ တက်ရောက် လာကြသူများအား တက်ရောက်ကြောင်း Certificate of Attendance၊ စာတမ်းတင်သွင်းမှုနှင့် ပိုစတာပြသမှု တို့အတွက် Certificate of Paper Presentation/ Certificate of Poster Presentation တို့ကို ပေးအပ်မည် ဖြစ်ပါသည်။
သုတေသနစာတမ်းရှင်များသည် ဆေးသုတေသန ဦးစီးဌာနမှ ထုတ်ဝေသည့် မြန်မာ့ကျန်းမာရေးသိပ္ပံ သုတေသနဂျာနယ် (Myanmar Health Sciences Research Journal)သို့ ပေးပို့လိုပါကလည်း ဂျာနယ် သတ်မှတ်ချက်များနှင့်ကိုက်ညီအောင် ဆောင်ရွက်လျက် ဂျာနယ်၏ website (www. myanmarhsrj.com)သို့ Online submission ဖြင့် ပေးပို့နိုင်ကြောင်း သိရှိရပါသည်။ ပေးပို့သောစာမူများကို ပညာရပ်အလိုက် ပြည်တွင်းပြည်ပ မှ ပညာရှင်များက စနစ်တကျ အကဲဖြတ်စိစစ်ပြီးနောက် ပုံနှိပ်ထုတ်ဝေခြင်းကို ဆောင်ရွက်မည်ဖြစ်ပါသည်။ ဤသုတေသနဂျာနယ်ကို ရည်ညွှန်းကိုးကားဖော်ပြခြင်း (Citation) ပြုလုပ်ခြင်းသည် ဂျာနယ်ကို ကမ္ဘာ့အဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် အထောက် အကူတစ်ရပ်ဖြစ်စေသဖြင့် သုတေသီများမှ မြန်မာ့ ကျန်းမာရေးသိပ္ပံသုတေသနဂျာနယ်သို့ တင်သွင်းပုံနှိပ် ဖော်ပြပေးစေရေးအတွက် တိုက်တွန်းအပ်ပါသည်။
တိုက်ရိုက်တွေ့ဆုံမေးမြန်းနိုင်
ညီလာခံသို့ တစ်နေ့တာတင်သွင်းဖတ်ကြားခဲ့သည့် သုတေသနစာတမ်းများနှင့်ပတ်သက်၍ ပြန်ကြားရေး ဆပ်ကော်မတီမှ သတင်းမီဒီယာများကို ညနေပိုင်းတွင် လက်ခံတွေ့ဆုံ၍ သိလိုသည်များကို ဖြေကြားပေးမည် ဖြစ်ပါသည်။ ပိုမိုအသေးစိတ်သိရှိလိုပါက သုတေသန စာတမ်းတင်သွင်းသူ အဓိကသုတေသီပညာရှင်နှင့် သတင်းမီဒီယာတို့ တိုက်ရိုက်တွေ့ဆုံမေးမြန်းနိုင်ရန် လည်း စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
မကြာမီကျင်းပတော့မည့် ဤသုတေသနညီလာခံ ကြီးသို့ စာတမ်းတင်သွင်းကြမည့် သုတေသီပညာရှင်များ သာမက ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဆရာဝန်များ၊ ဆေးတက္ကသိုလ်များနှင့် နှီးနွှယ်တက္ကသိုလ်များမှ ဆရာ/ဆရာများ၊ ဘွဲ့လွန်သင်တန်းသားများ၊ ကျန်းမာရေး ဝန်ထမ်းများသာမက သုတေသန စိတ်ပါဝင်စားသူ မည်သူ မဆို Online မှ https://conference.caremebot.com တွင် အခမဲ့စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါကြောင်း ဖိတ်ကြားအသိပေးအပ်ပါသည်။
နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံကြီးမှ သုတေသီများ၏ တင်ပြ ဆွေးနွေးချက်များ၊ သုတေသနဖော်ထုတ်ချက်ရလဒ်များ ကို ပညာရှင်များ၏ ပညာရပ်ဆိုင်ရာမျှဝေ၊ ဆွေးနွေး၊ လမ်းညွှန်ချက်များကိုအခြေပြုလျက် လက်တွေ့အသုံးချ နိုင်သည်ထိ ဆောင်ရွက်သွားနိုင်မည်ဖြစ်သဖြင့် မြန်မာ နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရေးကဏ္ဍ အတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
- Log in to post comments