(၃၅)ကြိမ်မြောက် ဘိုကလေးမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော် ပြန်လည်ကျင်းပ

 

ဘိုကလေး  နိုဝင်ဘာ  ၁၈


ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်ကို  ကိုဗစ်-၁၉   ကူးစက်ရောဂါကြောင့်   ယမန်နှစ်က မကျင်းပခဲ့ရာမှ    ယခုနှစ်တွင်    (၃၅) ကြိမ် မြောက်  နှစ်ကျိပ်ရှစ်ဆူ   ဘုရားပွဲတော်ကို ကိုဗစ်- ၁၉  စည်းကမ်းချက်များနှင့် အညီ စည်ကားသိုက်မြိုက်စွာဖြင့် နိုဝင်ဘာ ၁၇ ရက် က ပြန်လည်ကျင်းပသည်။ 

 


ဘုရားပွဲကျင်းပရေးဗဟိုအဖွဲ့နှင့်  အတူ မြို့ပေါ်ရပ်ကွက် ၁၀ ခုနှင့် ကျေးရွာ လေးရွာမှ  ရပ်ကွက်/ ကျေးရွာ  ၁၄ ဖွဲ့က   တစ်ဖွဲ့လျှင် နှစ်ဆူနှုန်းဖြင့်  နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော်များ ကို ပင့်ဆောင်ကာ ကမ်းနားလမ်းတစ်လျှောက် မှ အောင်စကြာဘုရားလမ်းအတိုင်း လှည့်လည် ခဲ့သည်။ မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်ကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်မှ   လပြည့်ကျော် ၁ ရက်အထိ  သုံးရက် တိုင်တိုင် ကျင်းပမည်ဖြစ်ကာ    ထေရဝါဒဗုဒ္ဓ သာသနာတော်   အဓွန့်ရှည်တည်တံ့ခိုင်မြဲ ထွန်းကားရေး၊  မြို့နယ်အတွင်း ကပ်ကြီးသုံးပါး နှင့်မီးဘေး၊ ရေဘေး၊ လေဘေးစသည့် သဘာဝ ဘေးအန္တရာယ်အသွယ်သွယ်တို့မှ  ကင်းဝေး စေရေးနှင့်  ဘာသာရေးတွင် စိတ်ပါဝင်စားသူ ပြည်သူများ ညီညွတ်စွာ ပူးပေါင်းပါဝင်လာစေ ရေး  ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ဘုရားပွဲ ကျင်းပရေးကော်မတီထံမှ သိရသည်။


မိုးစက်(ဘိုကလေး)