
ရန်ကုန် မေ ၁၁
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် (၃၂) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာ နိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်သည် မြန်မာအားကစားအဖွဲ့နှင့် အတူ ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် မြန်မာအမျိုးသား လေကြောင်းလိုင်း (စင်းလုံးငှားလေယာဉ်) ဖြင့် ရန်ကုန်မြို့မှထွက်ခွာရာ အားကစားနှင့် ကာယပညာ ဦးစီးဌာန အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစား နှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ရန်ကုန်ပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။
အဆိုပါ အားကစားအဖွဲ့များတွင် ဖိတ်ကြားခံ ပုဂ္ဂိုလ် တစ်ဦး၊ အုပ်ချုပ်မှုအဖွဲ့ တစ်ဦး၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အုပ်ချုပ်မှုအဖွဲ့ နှစ်ဦး၊ ဂျူဒိုအားကစားနည်းမှ အုပ်ချုပ်/ နည်းပြ ငါးဦး၊ အမျိုးသားအားကစားသမား ခြောက်ဦး၊ အမျိုးသမီး အားကစားသမား ခုနစ်ဦး၊ အလေးမအားကစားနည်းမှ အုပ်ချုပ်/နည်းပြ နှစ်ဦး၊ အမျိုးသား အားကစားသမား နှစ်ဦး၊ အမျိုး သမီးအားကစားသမား နှစ်ဦး၊ ဗိုဗီနမ် (အားနစ်) အားကစားနည်းမှ အုပ်ချုပ်/နည်းပြ ငါးဦး၊ အမျိုးသား အားကစားသမား ရှစ်ဦး၊ အမျိုးသမီး အားကစားသမား ခြောက်ဦးတို့ လိုက်ပါသွားကြောင်း သိရသည်။
သတင်းစဉ်