(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

 

နေပြည်တော်     ဇွန်    ၃


ဗီယက်နမ်နိုင်ငံ၌      ကျင်းပသည့် (၃၁) ကြိမ်မြောက်   အရှေ့တောင်အာရှ  အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ သည့်  မြန်မာအားကစားအဖွဲ့များအား   နိုင်ငံတော်က      ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို   ယနေ့  နံနက်ပိုင်းတွင်   နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) ၌  ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ       နိုင်ငံတော်ဝန်ကြီးချုပ်      ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်  တက် ရောက် အမှာစကားပြောကြားပြီး ဂုဏ်ပြု ဆုများ ပေးအပ်ချီးမြှင့်သည်။

 


အခမ်းအနားသို့    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ  ကောင်စီဒုတိယ ဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်     ဒုတိယ ဗိုလ်ချုပ်မှူးကြီး    စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး များ၊   ပြည်ထောင်စုစာရင်းစစ်ချုပ်၊  ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊   ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်   တိုင်းမှူး၊    ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ အိုလံပစ်ကောင်စီအဖွဲ့ဝင်များ၊  မြန်မာ နိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ဂုဏ်ပြုအမှာစကားပြောကြား


အခမ်းအနားတွင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြု အမှာစကားပြောကြားရာတွင်  အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယ ကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေနိုင်ပြီး        အားကစားပြိုင်ပွဲများသည် တရားမျှတမှုရှိသည့်       စွမ်းရည်ပြယှဉ်ပြိုင်မှုများ ဖြစ်ပါကြောင်း။
အလားတူ အားကစားသည် နိုင်ငံသူ၊ နိုင်ငံသား များ၏ စိတ်နှလုံးကို   ဆွဲဆောင်သိမ်းသွင်းနိုင်ခြင်း၊ နိုင်ငံ့ဂုဏ်၊  အမျိုးဂုဏ်၊   ဇာတိဂုဏ်ကိုဆောင်ကာ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထက်သန်စေနိုင်ပြီး ယှဉ်ပြိုင်မှုတိုင်းတွင်   အနိုင်မခံ၊    အရှုံးမပေးသည့် စိတ်ဓာတ်၊ ခိုင်မာသည့် စိတ်ဓာတ်များကို ဖြစ်ပေါ် စေနိုင်သည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် မိမိတို့ နိုင်ငံ၏    အားကစားအဆင့်အတန်းကို   မြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဆိုသည်ကို အားလုံး အသိပင်ဖြစ်ကြောင်း။
တစ်နည်းအားဖြင့်      မိမိနိုင်ငံပြည်သူများ၏ ကျန်းမာကြံ့ခိုင်မှုနှင့် အားကစားအဆင့်အတန်းကို မြှင့်တင်နိုင်ရန်အတွက် ပြည်တွင်းအားကစားပြိုင်ပွဲ များ၊    ဒေသအတွင်း      အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် ကြပြီး မိမိတို့၏ အားကစားစွမ်းရည်ကို ထုတ်ဖော် ပြသနိုင်ရန်အတွက် အစွမ်းကုန်ကြိုးပမ်းအားထုတ် နေကြသည်ကို တွေ့မြင်နေရကြောင်း။

 


နိုင်ငံ့ဂုဏ်ဆောင်ခဲ့


(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၂၀ ကို အားကစားသမား ၂၉၃ ဦး၊ အုပ်ချုပ်သူ၊ နည်းပြ ၉၇ ဦး   စုစုပေါင်း  ၃၉၀  ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြောင်း၊ ပြိုင်ပွဲမသွားမီ နိုင်ငံတော်အလံအပ်နှင်းပွဲ တွင်  အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ပြီး  နိုင်ငံ့ဂုဏ် ဆောင်ခဲ့ကြရန်၊  မိမိနိုင်ငံအလံ  လွှင့်တင်ဂုဏ်ပြုရ သည်အထိ  ကြိုးစားကြရန်  မှာကြားခဲ့ပါကြောင်း၊ အားကစားသမားများ၏ ကြိုးစားယှဉ်ပြိုင်မှုကြောင့် ပြိုင်ပွဲတွင်   ရွှေတံဆိပ် ၉ ခု၊    ငွေတံဆိပ်  ၁၈   ခု၊ ကြေးတံဆိပ် ၃၅ ခု စုစုပေါင်း ဆုတံဆိပ် ၆၂ ခုတို့ကို ရရှိခဲ့ပြီး  ပြိုင်ပွဲဝင်  ၁၁ နိုင်ငံအနက်    အဆင့် ၇ ရရှိခဲ့ကြောင်း။

 


ထိုက်ထိုက်တန်တန်ဂုဏ်ပြု

အားကစားပြိုင်ပွဲများတွင် အနိုင်မခံ၊ အရှုံးမပေး စိတ်ဖြင့် ရိုးရိုးသားသား ကြိုးစားပြိုင်ပွဲဝင်ခဲ့ကြပြီး နိုင်ငံတော်အတွက် ဆုတံဆိပ်များ ဆွတ်ခူးရယူပေး ခြင်းဖြင့် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးခဲ့ ကြသည့်အတွက်   ကျေးဇူးတင်ဂုဏ်ယူရကြောင်း၊   နိုင်ငံတကာအားကစားပြိုင်ပွဲများတွင်    အောင်နိုင်မှု ဆုတံဆိပ်များ ဆွတ်ခူးရရှိပြီး နိုင်ငံတကာအလယ် တွင်  အမိမြန်မာနိုင်ငံတော်အလံကို  လွှင့်တင်ကာ နိုင်ငံတော်သီချင်းသံ    လွင့်ပျံ့အောင်       စွမ်းဆောင် ကြိုးပမ်းခဲ့သူများဖြစ်ကြသည့်အတွက် အုပ်ချုပ်သူ၊ နည်းပြများအပါအဝင် နိုင်ငံ့ဂုဏ်ဆောင်အားကစား မောင်/မယ်များကို ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုရခြင်းဖြစ်ကြောင်း။

 


(၃၁) ကြိမ်တိုင် ပြုလုပ်ခဲ့သည့် SEA Game ပြိုင်ပွဲ တိုင်းကို   မြန်မာနိုင်ငံအနေဖြင့်   ယှဉ်ပြိုင်ခဲ့ရာတွင် ပြီးခဲ့သည့်   (၂၉) ကြိမ်မြောက်တွင်  အားကစားနည်း ၂၉ နည်း၊ အားကစားသမား ၃၈၂ ဦး၊ ဆုတံဆိပ် ရွှေ ၇ ခုအပါအဝင် ဆုတံဆိပ် ၃၇ ခု၊ အကြိမ်(၃၀)မြောက် တွင် အားကစားနည်း ၃၁ နည်း၊ အားကစားသမား ၃၅၁ ဦး၊ ဆုတံဆိပ်  ရွှေ ၄ ခုအပါအဝင် ဆုတံဆိပ် ၇၃ ခု၊ ယခု (၃၁)ကြိမ်မြောက် ပြိုင်ပွဲတွင် အားကစား နည်း ၂၀၊   အားကစားသမား  ၂၉၃ ဦး   ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ် ရွှေ ၉ ခုအပါအဝင် ဆုတံဆိပ် ၆၂ ခုရရှိခဲ့သည်ကို တွေ့ရကြောင်း၊ ကိန်းဂဏန်းများ အရ   တိုးတက်အောင်မြင်မှုရခဲ့သည်ကို   မငြင်းနိုင် ကြောင်း၊     သို့သော်လည်း      ယခုယှဉ်ပြိုင်သည့် အားကစားနည်းများသည် ကိုဗစ် - ၁၉ ရောဂါကြောင့် ပြိုင်ပွဲနောက်ဆုတ်ခဲ့သည့်အတွက် ပြည်တွင်း/ပြည်ပ တွင် လေ့ကျင့်ချိန်များစွာရခဲ့ကြောင်း၊ လေ့ကျင့်ခဲ့ သည့်အချိန်တွင်  ရခဲ့သည့်    အကောင်းဆုံးစံချိန်များ ယခုရခဲ့သလားဆိုသည်ကို ဆန်းစစ်ရန်လိုကြောင်း၊ မိမိအနေဖြင့် ရုပ်သံနှင့် You Tube က ကြည့်ခဲ့ရသည့် အချို့သောအားကစားပွဲများသည်  နည်းစနစ်အရ၊ သက်လုံအရ၊  ကြံ့ခိုင်မှုအရ လိုအပ်ချက်ရှိနေသည်ကို တွေ့ရကြောင်း၊         အင်ပြည့်အားပြည့်ကစားရန် လိုနေသေးသည်ဟု  သုံးသပ်ရကြောင်း၊ အားကစား ပြိုင်ပွဲပြီးတိုင်း လေ့လာသုံးသပ်ပြီး ပြုပြင်ကြသော် လည်း   မည်သည့်အတွက်ကြောင့်  တိုးတက်သင့် သလောက် မတိုးတက်သည်ကို  ဆန်းစစ်ရမည်ဖြစ် ကြောင်း၊  ယခု (၃၁) ကြိမ်မြောက်ပြိုင်ပွဲတွင် မိမိတို့ ထက် လူဦးရေနည်းပြီး နိုင်ငံငယ်သည့်နိုင်ငံများက ဆုတံဆိပ်ရရှိမှုတွင် မိမိတို့အထက်၌  ရှိနေသည်ကို တွေ့ရကြောင်း၊ ပြိုင်ပွဲဝင်သည့် လူဦးရေအရေအတွက် နှင့်   အားကစားနည်း   နည်းသည့်အတွက်ကြောင့် သို့မဟုတ် စံချိန်၊ ကြံ့ခိုင်မှု၊ နည်းစနစ် စသည့်အချက် များ ကွာခြားခြင်းကြောင့်လားဟု မေးစရာရှိကြောင်း။

 


တိုင်းပြည်၏ဂုဏ်သိက္ခာဖြစ်


အားကစားနှင့် စီးပွားရေး(ငွေကြေး)၊ နိုင်ငံရေး ရော၍မရကြောင်း၊ မိမိတို့နိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင် နေခြင်းသည် အိုလံပစ်ပြိုင်ပွဲအဆင့်ဆင့်သာ ဖြစ်ပါ ကြောင်း၊ SEA Game တွင်သာမဟုတ်ဘဲ အာရှအဆင့် အထိ သွားရမည်ဖြစ်ကြောင်း၊  ထိုမှတစ်ဆင့် ကမ္ဘာ့ အဆင့်အထိ သွားရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့်   အပြည့်အဝအားပေးရန်  အသင့်ရှိကြောင်း၊ အဆင့်မီ သည့် အားကစားသမားတိုင်းသည် နိုင်ငံကိုယ်စားပြု ချင်သည့်စိတ်လည်း   ရှိရန်လိုကြောင်း၊    ယင်းမှာ တိုင်းပြည်၏ ဂုဏ်သိက္ခာဖြစ်ကြောင်း။

 


ယခုပြိုင်ပွဲတွင် မိမိတို့နိုင်ငံအနေဖြင့် အားကစား သမားများ အရေအတွက်နည်းနည်းဖြင့် ပြိုင်ပွဲအမျိုး အစား တစ်ဝက်လောက်ကိုသာ ဝင်ရောက်ယှဉ်ပြိုင် နိုင်ခဲ့ကြသော်လည်း   နိုင်ငံအလိုက်အဆင့်တစ်ခုကို ထိုက်ထိုက်တန်တန်   ရယူပေးခဲ့ကြသည့်   မြန်မာ အားကစားသမားများ၏ ကြိုးပမ်းမှု၊ ဇွဲ၊ စိတ်ဓာတ် များနှင့် အောင်မြင်မှုကို မှတ်တမ်းတင်ဂုဏ်ပြုကြရမည်ဖြစ်ကြောင်း။  


ထို့ပြင်   ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစား အဖွဲ့ချုပ်အသီးသီးမှ မြန်မာအားကစား မောင်/မယ် များအနေဖြင့် အားကစားစည်းမျဉ်း၊ စည်းကမ်းဥပဒေ ဘောင်များအတွင်းကနေ      အားကစားစိတ်ဓာတ် အပြည့်ဖြင့် တရားနည်းလမ်းကျစွာ ယှဉ်ပြိုင်အနိုင်ယူ ပြီး နိုင်ငံတော်အတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုမှတ်တမ်း တင်ပါကြောင်း။

 


ပံ့ပိုးမှုများဆောင်ရွက်ပေးမည်


ယခုဂုဏ်ပြုပွဲတွင်   ပြိုင်ပွဲမသွားမီ   ကြိုတင် အသိပေးကြေညာထားသည့်အတိုင်း    တစ်ဦးချင်း ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ် သိန်း ၃၀၀၊ ငွေတံဆိပ် ရရှိခဲ့သူများကို ငွေကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ငွေကျပ် သိန်း ၁၀၀ နှင့် အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သည့် အားကစားသမားတစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့သည့် အားကစားသမားတစ်ဦးလျှင် ငွေကျပ်သိန်း ၇၀၊ ကြေးတံဆိပ်ရရှိခဲ့သည့် အားကစား သမားတစ်ဦးလျှင် ငွေကျပ် ၃၅ သိန်း၊ အားကစား နည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့သည့် နည်းပြ များကို မိမိတို့အားကစားနည်းအလိုက် ရွှေတံဆိပ် ရရှိခဲ့ပါက နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ် ရရှိခဲ့ပါက ငွေကျပ်သိန်း ၃၀ နှင့်   အားကစားနည်း အလိုက်   အုပ်ချုပ်မှုအဖွဲ့များကိုလည်း   ရွှေတံဆိပ် ရရှိသည့် အုပ်ချုပ်မှု အဖွဲ့များကို ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိသည့် အုပ်ချုပ်မှုအဖွဲ့များကို ငွေကျပ် သိန်း ၅၀၊ ကြေးတံဆိပ်ရရှိသည့် အုပ်ချုပ်မှုအဖွဲ့များကို ငွေကျပ်သိန်း ၃၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ပေါင်း ၁၃၂၇၀ ကို ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယခုချီးမြှင့်ငွေများသည် အားကစားနှင့်သက်ဆိုင်သူ များအတွက် သင့်တော်သည့်  လူမှုဘဝတိုးတက်မှု ကို အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ အားကစားသမားများက     နိုင်ငံ့ဂုဏ်ဆောင်ရန် အားသွန်ခွန်စိုက် ကြိုးစားသကဲ့သို့ နိုင်ငံတော်ပိုင်း ကလည်း    လိုအပ်သည့်ပံ့ပိုးမှုများ      ရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။

 


 မှတ်တမ်းတင်  ဂုဏ်ပြု


ယခုကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူလူထုအပါအဝင် ပံ့ပိုးကူညီကြသူ စေတနာရှင်များ၊ အားကစားအဖွဲ့ချုပ် များမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၏ အားပေးချီးမြှောက်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ဆုတံဆိပ်များရယူပြီး နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသကဲ့သို့ နောင်လာမည့်      နိုင်ငံတကာပြိုင်ပွဲများတွင်လည်း အားကစားသမားများအနေဖြင့်  မိမိတို့၏ ဇွဲ၊ လုံ့လ၊ ဝီရိယ၊   ကြိုးပမ်းအားထုတ်လေ့ကျင့်မှု၊  စည်းကမ်း လိုက်နာမှု၊ အနိုင်မခံအရှုံးမပေးသည့်   စိတ်ဓာတ် များနှင့်ပေါင်းစပ်ပြီး    ယခုထက်ပိုမိုအောင်နိုင်ရေး အတွက် အလေးအနက်ထား  ဆက်လက်ကြိုးပမ်း ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
အရှေ့တောင်အာရှ      အားကစားပြိုင်ပွဲသည် အရှေ့တောင်အာရှဒေသအတွင်း ဂုဏ်သိက္ခာအမြင့် ဆုံး    အားကစားပြိုင်ပွဲ၊   အာဆီယံနိုင်ငံများ၏ အားကစားအဆင့်အတန်းကို  မှတ်ကျောက်တင်ရာ  အားကစားပြိုင်ပွဲ၊    နိုင်ငံတစ်နိုင်ငံ၏   အားကစား အဆင့်အတန်းကို တိုင်းတာသည့် အားကစားပြိုင်ပွဲ ကြီးဖြစ်ကြောင်း၊  ယင်းပြိုင်ပွဲကြီးတွင် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးခဲ့ကြသည့်   အားကစားသမားများနှင့် တာဝန်ရှိသူအားလုံးကို  မှတ်တမ်းတင်  ဂုဏ်ပြုပါ ကြောင်း၊     အားကစားမောင်/မယ်များအနေဖြင့် လာမည့် ၂၀၂၃ ခုနှစ်၊   မေ ၅ ရက် မှ ၁၇  ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ     အားကစားပြိုင်ပွဲအပါအဝင်     နိုင်ငံတကာပြိုင်ပွဲများတွင်လည်း    ယခုထက်ပိုမို အောင်မြင်မှုရရှိရေး မလျှော့သောဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့်  ရေကုန်ရေခန်း   ပြိုင်ပွဲဝင်နိုင်ရေး ယခုကတည်းက အားထုတ်ကြိုးပမ်း ပြင်ဆင်သွားကြ ရန် အလေးအနက် တိုက်တွန်းမှာကြားလိုကြောင်း။

 

လူငယ်လူရွယ်တိုင်း အားကစားကို စိတ်ပါဝင်စား ပြီး ကျန်းမာသန်စွမ်းသည့် မျိုးဆက်သစ် နိုင်ငံ့သား ကောင်းများ၊ အားကစားထူးချွန်သည့် မောင်မယ်များ အဖြစ် သက်ဆိုင်ရာဒေသကိုယ်စားပြု၊ နိုင်ငံကိုယ်စား ပြုသူများအဆင့်ကနေ    အရှေ့တောင်အာရှမှ   အာရှ အဆင့်၊   ကမ္ဘာ့အဆင့်အထိ   ထိုးဖောက်နိုင်သည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ဆက်လက်ကြိုးပမ်း ပြီး   နိုင်ငံတကာပြိုင်ပွဲများတွင်    အောင်နိုင်မှုများ ယခုထက်ပိုမိုရရှိပြီး   နိုင်ငံ့ဂုဏ်ကို  အားကစားဖြင့် မြှင့်တင်နိုင်ကြပါစေဟု တိုက်တွန်းပြောကြားသည်။

 

ယင်းနောက်   အားကစားနှင့်   လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ  ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု   အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 


ထို့နောက် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့်   နိုင်ငံ့ ဂုဏ်ဆောင် ဆုရအားကစားသမားများ၊ နည်းပြများ နှင့် အုပ်ချုပ်သူများကို ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် ဗိုဗီနမ်အားကစားနည်းမှ မောင်မနားကွီး၊ မောင်အိုက် စိုးလင်း၊    မောင်ဇင်လင်းထွန်း၊   မောင်ဇော်ဇော်၊ မောင်အောင်ခိုင်လင်း၊ မောင်ရာဇာထွန်း၊ မောင်ဟိန်း ထက်အောင်၊   မောင်ကျော်သူစိုးအောင်၊  မခိုင်ဝါဖူး၊ မမေဟန်နီအောင်လွင်၊ ပိုက်ကျော်ခြင်းအားကစား နည်းမှ မခင်နှင်းဝေ၊ မဖြူဖြူသန်း၊ မယမုံဇင်၊ ဝူရှူး အားကစားနည်းမှ   မောင်သိန်းသန်းဦး၊    Kurash အားကစားနည်းမှ မအေးအေးအောင်၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားနည်းမှ မောင်ရဲထွန်းနောင်၊ ပီတန်းအားကစားနည်းမှ  မခင်ချယ်ရီသက်၊ ဘိလိ ယက်နှင့် စနူကာ အားကစားနည်းမှ ဦးပေါက်စ တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

 


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်က   ငွေတံဆိပ် ဆုရရှိခဲ့ကြသည့် လှေလှော်အားကစားနည်း ကူနူး/ကယက် လေးယောက်တွဲပြိုင်ပွဲမှ မောင်မြင့်ကိုကို၊ မောင်ထက်ဝေလွင်၊ မောင်စောမိုးအောင်၊ မောင်ထွန်း မင်းသန့်၊ မောင်အောင်မျိုးသူ၊  ဘိလိယက်နှင့် စနူကာ အားကစားနည်း နှစ်ယောက်တွဲပြိုင်ပွဲမှ မောင်ပေါက်စ၊    မောင်မင်းစည်သူထွန်း၊ သေနတ်ပစ်အားကစားနည်း နှစ်ယောက်တွဲ ပြိုင်ပွဲမှ မောင်ရဲထွန်းနောင်၊ မချစ်စိုး နွယ်၊ ဝူရှူး အားကစားနည်းမှ မစန္ဒီဦးနှင့် မစုလှိုင်ဝင်း တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

 


ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဝင်များဖြစ်ကြသည့်   ဗိုလ်ချုပ်ကြီး   မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး     တင်အောင်စန်း၊   မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊   Jeng    Phang     နော်တောင်၊ ဦးမောင်းဟာ၊    ဦးစိုင်းလုံးဆိုင်၊     စောဒန်နီယယ်၊ ဒေါက်တာ   ဗညားအောင်မိုး၊   ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်   ဦးရွှေကြိမ်း၊   တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး များ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့်   တပ်မတော်အရာရှိကြီးများက ဗိုဗီနမ်အားကစားနည်း၊    ဝူရှူးအားကစားနည်း၊ ကာယဗလအားကစားနည်း၊ Kurash အားကစား နည်း၊    ဘိလိယက်/  စနူကာ     အားကစားနည်း၊ ပိုက်ကျော်ခြင်းအားကစားနည်း၊ ပီတန်းအားကစား နည်း၊ ဂျူဒိုအားကစားနည်း၊ ပြေးခုန်ပစ်အားကစား နည်း၊ သေနတ်ပစ် အားကစားနည်း၊ ကူနူး/ကယက် အားကစားနည်း၊   တိုက်ကွမ်ဒို   အားကစားနည်း၊ လက်ဝှေ့   အားကစားနည်း၊  အပြည်ပြည်ဆိုင်ရာ လှေလှော်အားကစားနည်း၊ မြားပစ်အားကစားနည်း၊ အလေးမအားကစားနည်းတို့တွင်  ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆုရရှိခဲ့ကြသည့်     နိုင်ငံ့ဂုဏ်ဆောင် ဆုရအားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ် သူများကို    ဂုဏ်ပြုဆုငွေများ   အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

 


ယင်းနောက်   နိုင်ငံ့ဂုဏ်ဆောင်   ဆုတံဆိပ်ရ အားကစားသမားများကိုယ်စား    ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုရရှိသော  ဗိုဗီနမ်အားကစားသမား မမေဟန်နီအောင်လွင်က         ကျေးဇူးတင်စကား  ပြန်လည်ပြောကြားသည်။

 


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် နည်းပြ များကို    ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့်  တည်ခင်း ဧည့်ခံခဲ့သည်။

 


နိုင်ငံတော်အနေဖြင့်လည်း ပြိုင်ပွဲဝင်အားကစား သမားများ၏ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ပြင်းပြင်း ထန်ထန် ကြိုးစားလေ့ကျင့်နေမှုများကို အသိအမှတ် ပြုသည့်အနေဖြင့်   လေ့ကျင့်နေစဉ်ကာလအတွင်းတာဝန်ရှိသူများက မကြာခဏ  ကြည့်ရှုအားပေးခဲ့ သကဲ့သို့ ပြိုင်ပွဲမသွားရောက်မီ အောင်နိုင်ရေးအလံ အပ်နှင်းသည့်အခမ်းအနားတွင်လည်း  အားကစား သမားတစ်ဦးလျှင်   ငွေကျပ်  နှစ်သိန်းနှင့် ဒေါ်လာ ၂၀၀ နှုန်း၊ နည်းပြတစ်ဦးလျှင်  ငွေကျပ် တစ်သိန်းနှင့် ဒေါ်လာ  ၁၀၀  နှုန်းစီ  ချီးမြှင့်ပြီး   အားကစားသမား များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည်။   ထို့ပြင် ထပ်ဆောင်းချီးမြှင့်မှုအဖြစ် အားကစားပြိုင်ပွဲ ကျင်းပ နေစဉ်အတွင်း တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ် ရရှိခဲ့ကြသူများကို ဒေါ်လာ ၃၀၀၀၊ ငွေတံဆိပ်ရရှိခဲ့ သူများကို ဒေါ်လာ ၂၀၀၀၊ ကြေးတံဆိပ်ရရှိခဲ့ကြသူ များကို ဒေါ်လာ ၁၀၀၀၊ အသင်းလိုက် ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့ကြသူများကို အားကစားသမား တစ်ဦးလျှင် ဒေါ်လာ ၁၀၀၀၊  ငွေတံဆိပ်  ရရှိခဲ့ကြ သူများကို   အားကစားသမားတစ်ဦးလျှင်  ဒေါ်လာ ၇၅၀၊ ကြေးတံဆိပ်ရရှိခဲ့ကြသူများကို အားကစား သမားတစ်ဦးလျှင် ဒေါ်လာ ၅၀၀ နှင့် အကြိုဗိုလ်လုပွဲ ကို တက်ရောက်ခဲ့သည့် အမျိုးသမီးဘောလုံးအသင်း တို့ကိုလည်း ဒေါ်လာ တစ်သိန်း ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်