
နေပြည်တော် ဒီဇင်ဘာ ၂၁
(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော် များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှော ဖလှယ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။
အစီအစဉ်အရ ညီလာခံသဘာပတိအဖြစ် ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ဆောင်ရွက်ပြီး သဘာပတိ အဖွဲ့ဝင်များအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ နာယက ဦးမြင့်လွင်၊ တိုင်းရင်း ဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင် ဦးဝထွန်း နှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဦးပေါညိမ်းတို့က ဆောင်ရွက်ကြသည်။
ဦးစွာ သဘာပတိက အဖွင့်အမှာစကားပြောကြား ရာတွင် ညီလာခံသို့ တက်ရောက်လာကြသည့် မြန်မာ့ တိုင်းရင်းဆေးသမားတော် ကိုယ်စားလှယ်ကြီးများနှင့် နှီးနွှယ်သောပညာရှင်များအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို မြန်မာ့တိုင်းရင်းဆေးပညာဖြင့် အဆင့်အတန်းမြင့်မားစွာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်နှင့် မြန်မာ့တိုင်းရင်းဆေးလောက ပိုမို ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့၏ အတွေ့ အကြုံ၊ အတွေးအခေါ်အယူအဆများကို ဆွေးနွေး ကြပြီး တိုင်းရင်းဆေးလောက ပိုမိုတိုးတက်ရေး အတွက် ဝိုင်းဝန်းအကြံပြုပေးကြရန် ဖြစ်ပါကြောင်း။
ညီလာခံတွင် အဆိုလေးရပ်ကို တင်သွင်းဖတ်ကြား သွားကြမည်ဖြစ်ပြီး တိုင်းရင်းဆေးလောကအတွက် တန်ဖိုးမဖြတ်နိုင်သည့် အဆိုများဖြစ်ကြောင်း၊ အဆို များတွင် နိုင်ငံတကာမှ တိုင်းရင်းဆေးတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင် ရွက်မှုများကို ပိုမိုပြီး ဆောင်ရွက်ရမည့်အပိုင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနသုံး ဆေးဝါးများနှင့် ပတ်သက်ပြီး ဘေးဥပဒ်ကင်းရှင်း၍ အရည်အသွေးနှင့် အာနိသင်ပြည့်ဝသော ပိုမိုကောင်းမွန်သည့် ဆေးဝါး များ ပေါ်ထွက်လာစေရေး သုတေသနများ ဆောင် ရွက်ရန်တို့ ပါဝင်ပါကြောင်း။
တိုင်းရင်းဆေးဝါး ထုတ်လုပ်သူလုပ်ငန်းရှင်များ အနေဖြင့် တိုင်းရင်းဆေးဝါးများကို ဘေးအန္တရာယ် ကင်းရှင်းပြီး အာနိသင်ထက်မြက်သည့် ဆေးဝါးများ အဖြစ် အထောက်အထားခိုင်မာစွာ ဆောင်ရွက်ပြီး ဖော်စပ်အသုံးပြုမည်ဆိုပါက ပြည်သူလူထုအနေဖြင့် မြန်မာ့တိုင်းရင်းဆေးဝါးများအပေါ် ယုံကြည်မှုပိုမိုရရှိ ကာ သုံးစွဲမှုများပြားလာမည်ဖြစ်သကဲ့သို့ နိုင်ငံတကာ ကိုလည်း ထိုးဖောက်နိုင်မည်ဖြစ်၍ မြန်မာ့တိုင်းရင်း ဆေးလောကအတွက် အောင်မြင်မှုများ ပိုမိုရရှိလာ မည်ဟု ယုံကြည်ပါကြောင်း၊ သို့မှသာ ပြည်သူလူထု အတွက် ငွေကြေးကုန်ကျသက်သာပြီး ထိရောက် သည့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များကို ရရှိမည်ဖြစ်ပြီး နိုင်ငံတော်အတွက် အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းဆေးတက္ကသိုလ်မှ ညီလာခံ ကိုယ်စားလှယ် ဒေါ်သဲဦးလွင်က အဆိုပြုချက် အမှတ်(၁) ဖြစ်သော တိုင်းရင်းဆေးပညာဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာမှ တိုင်းရင်းဆေး တက္ကသိုလ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အဆိုကိုတင်သွင်း ရာ မန္တလေးတိုင်းဒေသကြီး ညီလာခံကိုယ်စားလှယ် ဦးညီညီမောင်က ထောက်ခံဆွေးနွေးသည်။
ယင်းနောက် အဆိုပြုချက် အမှတ်(၂)ဖြစ်သည့် ဘေးဥပဒ်အန္တရာယ်ကင်းရှင်းပြီး အရည်အသွေးနှင့် အာနိသင်ပြည့်ဝသည့် ပိုမိုကောင်းမွန်သော ဦးစီး ဌာနသုံး တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရေး အတွက် သုတေသနလုပ်ငန်းများ၊ အသိပညာပေး လုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ရန်ကို ဧရာဝတီ တိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဒေါ်ဇာနည်စိုး က တင်သွင်းပြီး ရန်ကုန်တိုင်းဒေသကြီးမှ ညီလာခံ ကိုယ်စားလှယ် ဒေါ်မြတ်နန္ဒာလင်းက ထောက်ခံ ဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် ညီလာခံ အစီအစဉ်များကို ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် ဒုတိယ ဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက ဆောင်ရွက် ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဒေါက်တာစုစုဒွေး၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဦးမြင့်ဦး ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ ဦးလှမြင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေး အဖွဲ့ဝင်၊ ဦးစိုးဝင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) တို့က ဆောင်ရွက်ပြီး အဆိုပြု ချက် အမှတ်(၃) ဖြစ်သည့် တိုင်းရင်းဆေးပညာရပ် ဆိုင်ရာ အရည်အသွေးများ ပိုမိုတိုးတက်မြင့်မားလာ စေရန် တိုင်းရင်းဆေးပညာရှင်များအတွက် ဘာသာ ရပ်ဆိုင်ရာ မွမ်းမံသင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆိုကို မကွေးတိုင်းဒေသကြီးမှ ညီလာခံကိုယ်စား လှယ် ဒေါ်ဇင်မာမြင့်က တင်သွင်းပြီး ရှမ်းပြည်နယ်မှ ညီလာခံကိုယ်စားလှယ် ဦးမြင့်ခိုင်က ထောက်ခံ ဆွေးနွေးသည်။
ဆက်လက်၍ အဆိုပြုချက် အမှတ်(၄)ဖြစ် သည့် တိုင်းရင်းဆေးပညာဖြင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ကျန်းမာရေး အသိပညာ ပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်ရန် အဆိုကို ပဲခူးတိုင်းဒေသကြီးမှ ညီလာခံ ကိုယ်စားလှယ် ဦးသူရလင်းက တင်သွင်းပြီး မွန်ပြည်နယ်မှ ညီလာခံကိုယ်စားလှယ် ဦးဇော်မိုးထွေး က ထောက်ခံဆွေးနွေးသည်။
ထို့နောက် (၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင်က မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ Video Message ဖြင့် ပေးပို့သော ဂုဏ်ပြုမိန့်ခွန်းနှင့် (၂၂) ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီး ကော်မတီနာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ညီလာခံအဖွင့်မိန့်ခွန်းပါ မိန့်ကြားချက်များကို မှတ်တမ်းတင်ပြီး လုပ်ငန်း လမ်းညွှန်များအဖြစ် ခံယူဆောင်ရွက်သွားရန်နှင့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင် တင်သွင်းသည့် အဆိုပြုချက်များနှင့် ပတ်သက်၍ အစည်းအဝေး၏ ဆန္ဒသဘောထားရယူပြီး အဆိုများ အား အတည်ပြု မှတ်တမ်းတင်သည်။
ယနေ့ ညီလာခံတွင် တင်သွင်းသည့် အဆို(၄) ခုမှာ ယမန်နေ့ ညီလာခံ အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် တင်သွင်းလာသည့် အဆိုများအနက်မှ ညီလာခံ ကိုယ်စားလှယ်များက ရွေးချယ်ထားခြင်းဖြစ်သည်။ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှ တက်ရောက်လာသည့် ညီလာခံကိုယ်စား လှယ်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီး အား သွားရောက်၍ ဖူးမြှော်ကြည်ညိုကြကြောင်း သိရသည်။
သတင်းစဉ်