၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင်နိုင်ငံများ ယဉ်ကျေးမှုနှင့်အနုပညာပွဲတော် ဖွင့်လှစ်ကျင်းပခဲ့

 

ရန်ကုန်  ဒီဇင်ဘာ  ၁
(၁၁)  ကြိမ်မြောက်   လန်ချန်း-မဲခေါင်   နိုင်ငံများ ယဉ်ကျေးမှုနှင့်အနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနား နှင့် ယဉ်ကျေးမှုအနုပညာဖျော်ဖြေပွဲကို နိုဝင်ဘာ ၃၀ ရက်တွင်   ယူနန်ပြည်နယ်   စစ်ဆောင်ပနားတိုင် တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲ ကျင်ဟုံ မြို့၌  ကျင်းပခဲ့ရာ  တရုတ်၊  လာအို၊  မြန်မာ၊  ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် စသည့်နိုင်ငံပေါင်း ၆ နိုင်ငံမှ အနုပညာရှင်များက ရိုးရာဓလေ့အငွေ့အသက် များနှင့်  ယဉ်ကျေးမှုအနုပညာ  အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
စိတ်ဝင်စားဖွယ်အစီအစဉ်များတင်ဆက်
ယင်းဖျော်ဖြေပွဲကို     “၂၀၂၃    ခုနှစ်တွင် ဆုံစည်းခြင်း” ဟု  အမည်ပေးထားပြီး  လန်ချန်း-မဲခေါင်   ခြောက်နိုင်ငံ၏  ယဉ်ကျေးမှုလက္ခဏာများကို ပေါ်လွင်စေသော စိတ်ဝင်စားဖွယ်အစီအစဉ်များဖြင့်  တင်ဆက်ကျင်းပပြီး       ဒေသတွင်းယဉ်ကျေးမှု၊ အမျိုးသားယဉ်ကျေးမှု၊ ရိုးရာယဉ်ကျေးမှုနှင့် ဖက်ရှင် ယဉ်ကျေးမှုတို့ကို   ပြီးပြည့်စုံစွာ    ပေါင်းစပ်ကာ “Belt and Road” တည်ဆောက်မှုရလဒ်များကို ဖော်ထုတ်ပြသသည်။ 
ဖျော်ဖြေပွဲတွင်   “အတူတကွ   ပိုင်ဆိုင်ကြတဲ့ မဲခေါင်မြစ်”  ခေါင်းစဉ်  အဆိုအကဖျော်ဖြေမှုဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး  နိုင်ငံအသီးသီး၏  ရိုးရာဓလေ့  ယဉ်ကျေးမှုအနုပညာအစီအစဉ်များဖြင့် တင်ဆက် ဖျော်ဖြေခဲ့သည်။ 
အနုပညာပွဲတော်တွင်ဖျော်ဖြေတင်ဆက်ရန်
အဆိုပါ  လန်ချန်း-မဲခေါင်နိုင်ငံများ  ယဉ်ကျေးမှု နှင့်  အနုပညာပွဲတော်တွင်  ဖျော်ဖြေတင်ဆက်ရန် မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား  အသံလွှင့်ဌာနခွဲမှ ဒေါ်ခိုင်အိန္ဒြာ၊ ဒေါ်ယဉ်ယဉ်ဝေ၊ ဒေါ်ဇင်မာခိုင်၊ ရုပ်မြင် ဌာနခွဲမှ ဒေါ်မြတ်ဆုချယ်၊ ဂီတဌာနခွဲမှ ဒေါ်မြနန္ဒာ ကျော်နှင့်   ဒေါ်ဖူးဧကရီဆောင်းတို့   ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၈ ရက်   မွန်းလွဲပိုင်းတွင်       ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ     ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း      သိရ သည်။                                              
သတင်းစဉ်