၂၀၂၃ ခုနှစ် အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်  အောက်တိုဘာ  ၂၀


အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစား နှင့် ကာယပညာဦးစီးဌာနနှင့်  မြန်မာနိုင်ငံရေကူး အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရေကူးဒိုင်မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ တွင် နေပြည်တော်  အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ  Multipurpose Hall ၌ ကျင်းပပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ က အမှာစကားပြောကြားသည်။


အခမ်းအနားသို့ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊   မြန်မာနိုင်ငံ   ရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့်     သင်တန်းနည်းပြများ၊ သင်တန်းသား  သင်တန်းသူများ   တက်ရောက်ခဲ့ကြ သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင် များနှင့်အတူ ၂၀၂၃ ခုနှစ် အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လု ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက် သည်။


အခမ်းအနားတွင် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများက ယခင် ပြည်နယ်/တိုင်း စံချိန်ထက်သာလွန်ကောင်းမွန်ပြီး စံချိန်သစ်တင်နိုင် ခဲ့သူများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇင်မင်း ထက်က ရွှေ ၁၆ ခု၊ ငွေ သုံးခု၊  ကြေး   နှစ်ခုတို့ဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့်  တနင်္သာရီ တိုင်းဒေသကြီးအသင်းကိုလည်းကောင်း၊   ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်က ရွှေ ၁၂ ခု၊ ငွေ ခြောက်ခု၊ ကြေး ခုနစ်ခုတို့ဖြင့် အမျိုးသားတံခွန်စိုက် ဆုဖလားရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို လည်းကောင်း ဆုတံဆိပ်နှင့် တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့် ကြသည်။ 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရွှေ ၂၄ ခု၊ ငွေ ခုနစ်ခု၊ ကြေး သုံးခုတို့ဖြင့် စုပေါင်းတံခွန်စိုက် ဆုဖလားရရှိသည့် တနင်္သာရီတိုင်းဒေသကြီးအသင်း ကို တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။


၂၀၂၃ ခုနှစ် အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် (အမျိုးသမီး) သံပြားဝိုင်းပစ်ပြိုင်ပွဲ ပွဲစဉ်၌ ၁၉၉၂ ခုနှစ်က စန်းစန်းနု (ရန်ကုန်)တင်ခဲ့သည့် စံချိန် ၃၉ ဒသမ ၃၉ မီတာကို သိမ့်သိမ့်သူ (စစ်ကိုင်း)သည် ၄၀ ဒသမ ၃၅ မီတာဖြင့် လည်းကောင်း၊ (အမျိုးသား)သံပြားဝိုင်းပစ်ပြိုင်ပွဲ ပွဲစဉ် ၌ ၁၉၇၀ ပြည့်နှစ်က ကျော်ဇင်(ရန်ကုန်)တင်ခဲ့သည့် စံချိန် ၄၃ ဒသမ ၀၅ မီတာကို ထက်ဝေယံ(ရှမ်း)သည် ၄၄ ဒသမ ၆၉ မီတာဖြင့် လည်းကောင်း၊ (အမျိုးသမီး) တုတ်ထောက်ခုန်ပြိုင်ပွဲ   ပွဲစဉ်၌  ၁၉၉၅ ခုနှစ်က နေနေဝင်း(ရန်ကုန်)တင်ခဲ့သည့် စံချိန် ၃ ဒသမ ၁၀ မီတာကို ယုယုပိုင်(တနင်္သာရီ)သည် ၃ ဒသမ ၁၇ မီတာဖြင့် လည်းကောင်း၊ (အမျိုးသား)အလျားခုန် ပြိုင်ပွဲ ပွဲစဉ်၌ ၁၉၇၂ ခုနှစ်က သန့်ဇင်(ရန်ကုန်)တင်ခဲ့ သည့် စံချိန် ၇ ဒသမ ၂၉ မီတာကို ဝိုင်ထက်ပိုင် (တနင်္သာရီ)သည် ၇ ဒသမ ၃၄ မီတာဖြင့် လည်း ကောင်း၊ (အမျိုးသမီး)ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ ပွဲစဉ် ၌ ၂၀၁၇ ခုနှစ်က အေးအေးမာ (မန္တလေး) တင်ခဲ့ သည့် စံချိန် ၄၀ ဒသမ ၉၀ မီတာကို သွယ်သွယ်မိုး (တနင်္သာရီ)သည် ၄၆ ဒသမ ၀၅ မီတာ၊ အေးသူဟန် (စစ်ကိုင်း)သည် ၄၃ ဒသမ ၈၃ မီတာနှင့် သဲအိထွေး (မကွေး)သည် ၄၁ ဒသမ ၆၄ မီတာဖြင့်လည်းကောင်း စံချိန်သစ်တင်နိုင်ခဲ့သည်။


အလားတူ (အမျိုးသမီး)သုံးဆင့်ခုန်ပြိုင်ပွဲ ပွဲစဉ်၌ ၂၀၀၈ ခုနှစ်က အေးအေးသန်း (ပဲခူး) တင်ခဲ့သည့် စံချိန် ၁၁ ဒသမ ၆၇ မီတာကို  ဝါဝါရွှေ(စစ်ကိုင်း) သည်  ၁၁ ဒသမ ၇၁ မီတာဖြင့်   လည်းကောင်း၊ (အမျိုးသား) တန်းမြင့်ခုန်ပြိုင်ပွဲ ပွဲစဉ်၌ ၂၀၂၀ ပြည့်နှစ် က ရာဇာဖြိုး(စစ်ကိုင်း) တင်ခဲ့သည့်  စံချိန် ၁ ဒသမ ၉၄ မီတာကို ထက်အောင်အောင်(ရန်ကုန်)သည် ၁ ဒသမ  ၉၅ မီတာဖြင့် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် က ရာဇာဖြိုး (စစ်ကိုင်း)သည် ၎င်းကိုယ်တိုင်တင်ခဲ့ သည့် စံချိန် ၁ ဒသမ ၉၄ မီတာကို ၁ ဒသမ ၉၅  မီတာ ဖြင့် လည်းကောင်း၊ (အမျိုးသား) သံလုံးပစ်ပြိုင်ပွဲ ပွဲစဉ်၌ ၁၉၇၃ ခုနှစ်က စောဆာလောလတင်ခဲ့သည့် မြန်မာပြည်စံချိန် ၁၄ ဒသမ ၈၀ မီတာနှင့် ၂၀၀၃ ခုနှစ်က အောင်မိုးဝင်း(ရှမ်း)တင်ခဲ့သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး စံချိန် ၁၃ ဒသမ ၈၀ မီတာတို့ကို ထက်ဝေယံ(ရှမ်း)သည် ၁၅ ဒသမ ၀၃ မီတာဖြင့်လည်း ကောင်း၊ (အမျိုးသား)မီတာ ၈၀၀ ပြိုင်ပွဲ ပွဲစဉ်၌ ၂၀၂၃ ခုနှစ်က  ထိုင်းနိုင်ငံပြိုင်ပွဲတွင်   ဟိန်းထက်အောင် (မန္တလေး) အသစ်တင်ခဲ့သည့် စံချိန် ၁:၅၃ ဒသမ ၆၃ စက္ကန့်ကို ဖြိုးကျော်ဇင်ဦး(ရှမ်း)သည် စံချိန် ၁:၅၃ ဒသမ ၄၄ စက္ကန့်ဖြင့် လည်းကောင်း၊ (အမျိုးသား)မီတာ(၂၀၀)ပြိုင်ပွဲ ပွဲစဉ်၌ ၂၀၀၄ ခုနှစ်က ဝေဖြိုး အောင် (မကွေး)တင်ခဲ့သည့်စံချိန် ၂၁ ဒသမ ၉၀ စက္ကန့် ကို ထက်အောင်ရှိုင်း(တနင်္သာရီ)သည် စံချိန် ၂၁ ဒသမ ၃၈ စက္ကန့်ဖြင့် လည်းကောင်း၊ (အမျိုးသား) မီတာ (၁၀၀)ပြိုင်ပွဲ ပွဲစဉ်၌ ၁၉၆၉ ခုနှစ်က စိုးဝင်း (ရန်ကုန်) တင်ခဲ့သည့်စံချိန် ၁၀ ဒသမ ၆၄ စက္ကန့်ကို ၅၄  နှစ်ကြာ မှ ထက်အောင်ရှိုင်း(တနင်္သာရီ)သည် စံချိန် ၁၀ ဒသမ ၅၈  စက္ကန့်ဖြင့်လည်းကောင်း   ယခင်စံချိန်ဟောင်း များထက် သာလွန်ကောင်းမွန်ပြီး ပြည်နယ်နှင့် တိုင်း ဒေသကြီးစံချိန်သစ်များ တင်နိုင်ခဲ့ကြကြောင်း သိရ သည်။                                              

သတင်းစဉ်