
ရန်ကုန် နိုဝင်ဘာ ၁၆
၂၀၂၂ ရာသီ MNL ပြိုင်ပွဲ နောက်ဆုံးနေ့ကို နိုဝင်ဘာ ၁၆ ရက်က သုဝဏ္ဏကွင်း၌ ကျင်းပ ရာ ရှမ်းယူနိုက်တက်အသင်းက အား/ကာသိပ္ပံအသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိ ပြီး ချန်ပီယံဆုရရှိခဲ့သည်။
ယခုနောက်ပိုင်း MNL ပြိုင်ပွဲတွင် ကြီးစိုးထားသည့် ရှမ်းယူနိုက်တက်အသင်းသည် နောက်ဆုံးငါးရာသီအတွင်း လေးရာသီမြောက် ချန်ပီယံဆုနှင့်အတူ ရှုံးပွဲမရှိစံချိန်ပါ ရရှိပြီး ဗိုလ်စွဲနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၉ ရာသီက ဗိုလ်စွဲရာတွင် လည်း ရှုံးပွဲမရှိစံချိန်ရရှိဖူးပြီး ဒုတိယအကြိမ် ရှုံးပွဲမရှိစံချိန်ဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲမပြီးဆုံးမီ နှစ်ပွဲအလိုကတည်းက ဗိုလ်စွဲ ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းသည် ယခု နောက်ဆုံးပွဲတွင်လည်း အား/ကာ သိပ္ပံအသင်း ကို အနိုင်ယူကာ ရှုံးပွဲမရှိစံချိန်နှင့်အတူ ချန်ပီယံ ဆု ရယူနိုင်ခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ရှုံးပွဲမရှိ စံချိန်အတွက် အတောင့်တင်းဆုံးလူစာရင်းဖြင့် ပွဲထွက်ခဲ့ပြီး အား/ကာသိပ္ပံအသင်းမှာလည်း အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့ သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပွဲစ ကတည်းက တိုက်စစ်အားပြုကစားခဲ့သော် လည်း အဆုံးသတ်ပိုင်းတွင် အမှားများနေ သဖြင့် ထိရောက်သည့် ဂိုးသွင်းခွင့်မရဖြစ်နေ သည်။ ပထမပိုင်းပြီးခါနီးတွင် စည်သူအောင် ၏ ကန်ချက်မှာလည်း တိုင်ထိထွက်ခဲ့ သဖြင့် နစ်နာခဲ့ရသည်။ ဒုတိယပိုင်းတွင် ရှမ်း ယူနိုက်တက်အသင်းက ဂိုးရရန် တိုက်စစ် ပိုမြင့်လာပြီး ၅၁ မိနစ်တွင် နန္ဒကျော်က အနိုင် ဂိုးသွင်းယူခဲ့သည်။ အား/ကာသိပ္ပံအသင်း သည် ချန်ပီယံရှမ်းယူနိုက်တက်ကို အကောင်း ဆုံး တုံ့ပြန်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ပေးလိုက်ရသည့် ဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၂ ရာသီ MNL ပြိုင်ပွဲကို ဇွန် ၂၅ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲ အပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ၁၈ ပွဲ ကစား ၁၅ ပွဲနိုင်၊ သုံးပွဲသရေ၊ ရှုံးပွဲမရှိ၊ ရမှတ် ၄၈ မှတ်ဖြင့် ချန်ပီယံဆုရရှိခဲ့ကာ ရန်ကုန် အသင်းက ၃၉ မှတ်ဖြင့် ဒုတိယ၊ ဟံသာဝတီ အသင်းက ၃၂ မှတ်ဖြင့် တတိယဆုရရှိခဲ့သည်။ ယင်းအသင်းများနောက်တွင် မြဝတီအသင်းက ၃၁ မှတ်၊ ဧရာဝတီအသင်းနှင့် ရတနာပုံအသင်း က ၂၈ မှတ်စီ၊ အား/ကာသိပ္ပံအသင်းက ၂၅မှတ်၊ မဟာယူနိုက်တက်အသင်းက ၁၁ မှတ်ရရှိပြီး ၁၀ မှတ်ရရှိသည့် GFA အသင်းနှင့် ငါးမှတ်ရရှိ သည့် ရခိုင်ယူနိုက်တက်အသင်းမှာမူ တန်းဆင်း ခဲ့ရသည်။ MNL ပြိုင်ပွဲကို (၁၃) ကြိမ် ကျင်းပ ပြီးစီးထားပြီး ရန်ကုန်အသင်းက ငါးကြိမ်ဖြင့် အအောင်မြင်ဆုံးဖြစ်နေကာ ရတနာပုံအသင်း နှင့် ရှမ်းယူနိုက်တက်အသင်းက လေးကြိမ်စီ ဗိုလ်စွဲထားသည်။ ရှမ်းယူနိုက်တက်အသင်း သည် ပြိုင်ပွဲသမိုင်းတစ်လျှောက် လေးကြိမ် မြောက် ဗိုလ်စွဲခြင်းဖြစ်ပြီး နောက်ဆုံးသုံးရာသီ ဆက်တိုက် ချန်ပီယံဆုရရှိခဲ့ခြင်းလည်း ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်း ဒုဥက္ကဋ္ဌ ဦးထိပ် ခွန်နောင်မြင့်ဝေက “အမှတ်ပေးချန်ပီယံဆုကို ရှုံးပွဲမရှိစံချိန်နဲ့ ရယူနိုင်ခဲ့တဲ့အတွက် အလွန် ဝမ်းသာပါတယ်။ တစ်ရာသီလုံးမှာ ရှုံးပွဲ မရှိစံချိန်ရရှိဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ ဒါကို ကျွန်တော်တို့က နှစ်ကြိမ်ရရှိခဲ့တဲ့အတွက် ပိုပြီးဂုဏ်ယူရပါတယ်။ အခုလိုအောင်မြင်တာ ဟာ အားလုံးရဲ့ ကြိုးစားမှုကြောင့်ပါ။ နည်းပြ အဖွဲ့ဝင်၊ ကစားသမားတွေကအစ ဝန်ထမ်း အားလုံး ကျေးဇူးတင်ပါတယ်။ ရှမ်းပြည်နယ်က ပရိသတ်တွေအတွက် ဆုဖလားအပ်နှံပွဲကို လည်း ကစားသမားစုံလင်တဲ့အချိန် မကြာခင် တောင်ကြီးမြို့မှာ ပြုလုပ်သွားဖို့ရှိပါတယ်။ လာမယ့်ရာသီမှာ ပြည်တွင်းပြိုင်ပွဲတွေရော နိုင်ငံတကာပြိုင်ပွဲတွေပါ ယှဉ်ပြိုင်ရမှာဖြစ်တာ ကြောင့် ရလဒ်ကောင်းရရှိအောင် လိုအပ်တဲ့ နေရာတွေ အင်အားဖြည့်တင်းပြီး အကောင်း ဆုံး ဖြည့်တင်းသွားမှာပါ” ဟု ပြောကြားခဲ့သည်။
ပွဲအပြီးတွင် ဆုချီးမြင့်ပွဲ ဆက်လက်ကျင်းပ ရာ သွင်းဂိုးအများဆုံးဆုကို ဧရာဝတီတိုက်စစ် မှူး ရန်ကျော်ထွေးက သွင်းဂိုး ၁၄ ဂိုးဖြင့် ရရှိပြီး ဆုတံဆိပ်နှင့် ငွေကျပ်ဆယ်သိန်း၊ ပဉ္စမဆုရ ဧရာဝတီအသင်းကို ဆုကြေးငွေကျပ်သိန်း ၁၀၀၊ စတုတ္ထဆုရ မြဝတီအသင်းကို ဆုကြေး ငွေကျပ်သိန်း ၂၀၀၊ တတိယဆုရ ဟံသာဝတီ အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေး ငွေကျပ်သိန်း ၃၀၀၊ ဒုတိယဆုရ ရန်ကုန်အသင်း ကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် သိန်း ၄၀၀၊ ပထမဆုရ ရှမ်းယူနိုက်တက် အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဆုကြေး ငွေကျပ်သိန်း ၆၀၀၊ ဆုဖလားနှင့် ရှုံးပွဲမရှိ စံချိန်ဖြင့် ရရှိသည့်အတွက် ရွှေဆုဖလား တို့ကို ချီးမြင့်ခဲ့သည်။ ယင်းဆုများကို ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာ နေရှင်နယ်လိဂ်ကော်မတီ တို့မှ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြင့်ခဲ့သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ - သော်လေး