၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်

 

နေပြည်တော်    ဒီဇင်ဘာ    ၁၃ 


၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ  အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟို ဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး  ဒေါ်ကြူ ကြူလှတို့ တက်ရောက်၍ စာပေဆုများ ပေးအပ်ချီးမြှင့်သည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး နှင့် ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီး များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ တပ်မတော်အဆင့်မြင့် အရာရှိကြီးများနှင့်ဇနီးများ၊  နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီဝင် ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရပုဂ္ဂိုလ်များ၊ စာပေပညာရှင်များ၊ အနုပညာရှင်များ၊     စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


အခမ်းအနားမစတင်မီ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ        နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား        တက်ရောက်လာကြသူများသည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ မြေညီထပ်၌    ခင်းကျင်းပြသထားသည့်   ဆုရရှိသူ များ၏   အတ္ထုပ္ပတ္တိ၊   ဓာတ်ပုံ၊     ဆုရစာအုပ်များနှင့် စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက်  အခမ်းအနားကို  စတင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်  အခမ်းအနား  တက်ရောက်လာကြ သူများသည်      မြန်မာ့အသံနှင့်   ရုပ်မြင်သံကြားမှ ဝန်ထမ်းများက    “အမျိုးသားစာပေ    ယဉ်ကျေးမှု အမွေ”     စာပေဆုနှင်းသဘင်   ဂုဏ်ပြုသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုနှင့် “စာပေစွမ်းအား ကလောင် အားဖြင့် ရှေ့သို့ချီမည် ပန်းတိုင်ဆီ”  မှတ်တမ်း Video  Clip ကို ကြည့်ရှုအားပေးကြသည်။


အလွန်အဖိုးအနဂ္ဃထိုက်တန်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြား ရာတွင် “ဟေမန္တရတု” ဟု ခေါ်တွင်ခဲ့ကြသည့် ယခု နတ်တော်လရာသီသည် ခေတ်အဆက်ဆက်ပေါ်ထွန်း ခဲ့သည့် စာဆိုတော်များ ရေးဖွဲ့သီကုံးခဲ့သည့် စာပေ၏  အနှစ်သာရ၊   အဆီအနှစ်များကို    ပြန်လည်လှစ်ဟ ဖော်ကျူး    ဂုဏ်ပြုကြသည့်     ကာလလည်းဖြစ်ပါ ကြောင်း၊ စာဆိုတော်များ၏ စေတနာကောင်းများမှ ဖြစ်ထွန်းပေါ်ပေါက်လာသည့်  စာပေအဖူးအပွင့်များ သည် လေ့လာ၍မကုန်နိုင်အောင် များပြားလွန်းလှ ပါကြောင်း၊    ယနေ့နိုင်ငံ     ဖွံ့ဖြိုးမှုရလဒ်များသည် စာပေကရသည့်  အသိပညာ၊ အတတ်ပညာများက  အများဆုံးရရှိခဲ့သော သက်သေများပင်ဖြစ်ပါကြောင်း၊ စာပေကပေးစွမ်းသည့်  သုတ၊ ရသအဖုံဖုံတို့သည် လည်း    အလွန်အဖိုးအနဂ္ဃ   ထိုက်တန်ပါကြောင်း၊ ထို့ကြောင့် လူသားများအတွက် စာပေအသိအမြင်နှင့်   ပညာဗဟုသုတများကို ပေးစွမ်းသည့်စာဆိုတော်ကြီး များ၏ ဂုဏ်ရည်ကို ဖော်ထုတ်ပြသသည့်အနေဖြင့်  နတ်တော်လရာသီတွင် စာဆိုတော်နေ့ အခမ်းအနား များကို ကျင်းပကြခြင်းပင်ဖြစ်ပါကြောင်း။


ဆက်သွယ်ရေးကြားခံတစ်ခုလည်းဖြစ်


စာပေသည် အနုပညာအားလုံး၏ ကိန်းဝပ်ရာ၊  ဂီတ၊ ရုပ်ရှင်၊ သဘင်စသည့် အနုပညာနယ်ပယ်များ  ဖြာထွက်ရာ ပင်ရင်းနယ်ပယ်ကြီးဖြစ်သည့်အတွက်  အမျိုးသားယဉ်ကျေးမှုအစုစုတို့ ပုံရိပ်ထင်ရာ အရင်း အမြစ်လည်းဖြစ်ပါကြောင်း၊ မြန်မာ့သမိုင်း၊ မြန်မာ့ စိတ်ထားတို့ကို နိုင်ငံတကာသိအောင် ဖော်ပြနိုင်သည့် ဆက်သွယ်ရေးကြားခံတစ်ခုလည်း ဖြစ်ပါကြောင်း။


စာပေဖြင့် တွန်းအားပေးလှုံ့ဆော်ခဲ့


မြန်မာစာပေလောကသည်    ရှည်လျားသည့် မြန်မာ့သမိုင်းကြောင်း အဆက်ဆက်တွင် ထွန်းပြောင် ခိုင်မြဲခဲ့ပြီး နိုင်ငံနှင့်ပြည်သူကို အစဉ်ထာဝရ အကျိုးပြု လျက်ရှိပါကြောင်း၊ စာဆိုတော်တို့၏ ကလောင်သွား များသည်    မြန်မာနိုင်ငံသမိုင်းတွင်     တိုင်းပြည်၏ စစ်မှန်သည့် ခွန်အားများဖြစ်ခဲ့ပါကြောင်း၊ စာဆိုတော် များသည် တိုင်းချစ်ပြည်ချစ်စိတ် ရှိစေရန်၊ ဇာတိသွေး ဇာတိမာန်    တက်ကြွလာစေရန်၊    မြန်မာစာပေကို ချစ်မြတ်နိုးစေရန်၊    လောကဓံကို     ကြံ့ကြံ့ခံနိုင်ရန် စာပေဖြင့် တွန်းအားပေးလှုံ့ဆော်ခဲ့ကြပါကြောင်း။


ရဟန်းစာဆို ရှင်မဟာရဋ္ဌသာရ၏ အဆုံးအမပျို့ ကဗျာတွင်  “စာပေဝတ္ထု ရတုကဗျာ ပျို့လင်္ကာနှင့် သာသည့်သီချင်း အဲစောင်းငြင်းကို၊ မကင်းမပြတ် ဖတ်ရွတ်လေ့ကျက်  တီးမှုတ်လျက်သာ  နေကောင်း စွာ၏” ဆိုသကဲ့သို့  ခေတ်အဆက်ဆက်  စာဆိုတော်ကြီးများ၏  စာပေ လက်ရာများသည် ဖတ်ရှုလေ့လာသူတို့အတွက် အမြဲ အဖိုးတန်   အကျိုးရှိနေသည့်    အမွေအနှစ်များပင် ဖြစ်ပါကြောင်း။


နိုင်ငံတော်၏ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်း၏ လမ်းညွှန်မှုဖြင့် ၁၉၄၇ ခုနှစ်၊ ဩဂုတ် လတွင်     တည်ထောင်ခဲ့သည့်      စာပေဗိမာန်သည် တိုင်းရင်းသားပြည်သူများ    နိုင်ငံတကာ   ဗဟုသုတ တိုးပွားရန်အတွက် ဘာသာပြန်စာပေများ ထုတ်ဝေ ခဲ့သကဲ့သို့   မြန်မာစာပေဖွံ့ဖြိုးရေးအတွက်   ၁၉၄၈ ခုနှစ်တွင်  “စာပေဗိမာန် ကာလပေါ် ဝတ္ထုဆု”  ကို စတင်ချီးမြှင့်ခဲ့ပါကြောင်း။


ဆုငွေများကိုလည်း တိုးတက်ချီးမြှင့်ခဲ့


“စာပေဗိမာန်ကာလပေါ်ဝတ္ထုဆု”  ကို   ‘စာပေ ဗိမာန်ဆု’၊ ‘အနုပညာဆိုင်ရာ စာပေဆု’ ၊ ‘အမျိုးသား စာပေဆု’    စသည်ဖြင့်   ဆုအမည်ကို    ပုံသဏ္ဌာန် အမျိုးမျိုးပြောင်းလဲခဲ့ပြီး ဆုချီးမြှင့်မည့် ဘာသာရပ် များ၊ ဆုငွေများကိုလည်း တိုးတက်ချီးမြှင့်ခဲ့သည်မှာ  ယခုနှစ်အထိဆိုပါက  နှစ်ပေါင်း  ၇၅  နှစ်  စိန်ရတု ကာလတိုင်ခဲ့ပြီဖြစ်ပါကြောင်း၊    ဘာသာရပ်များကို လည်း  တိုးမြှင့်သတ်မှတ်ပြီး   ချီးမြှင့်လာခဲ့သည်မှာ အမျိုးသား စာပေဆုတွင် ဆုချီးမြှင့်မည့် ဘာသာရပ် ၁၉ မျိုးနှင့်  ‘စာပေဗိမာန်စာမူဆု’ တွင် ဘာသာရပ် ၁၃ မျိုး အထိ ဆုချီးမြှင့်ပေးလျက်ရှိပါကြောင်း။


အဆင့်သုံးဆင့်ဖြင့် ပညာရှင်များကစိစစ်ရွေးချယ်


ထို့ပြင်နိုင်ငံတော်တွင်     မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ      ထမ်းဆောင်ခဲ့ကြသည့်၊ တစ်သက်တာလုံး     စာပေကို      တစိုက်မတ်မတ် အားထုတ်ရေးသားပြုစုခဲ့သည့် စာပေပညာရှင်ကြီး များကိုလည်း      အသိအမှတ်ပြုသည့်    အနေဖြင့် “အမျိုးသားစာပေ တစ်သက်တာဆု” ကို ၂၀၀၁ ခုနှစ် မှစပြီး     နှစ်စဉ်ချီးမြှင့်    ပေးအပ်လျက်ရှိပါကြောင်း၊ စာပေပညာရှင်များကို   ချီးမြှင့်သည့်   ဆုငွေများကို လည်း  တစ်နှစ်ထက်တစ်နှစ်  ပိုမိုတိုးတက်ချီးမြှင့် နိုင်ခဲ့ပါကြောင်း၊    အမှန်တကယ်    ထိုက်တန်သော စာအုပ်၊ စာမူများကို ရွေးချယ်ချီးမြှင့်နိုင်ရေးအတွက်  ပဏာမရွေးချယ်မှုအဆင့်၊      ဆန်ခါတင်ရွေးချယ်မှု အဆင့်၊    အတည်ပြုရွေးချယ်မှုအဆင့်ဟူ၍   အဆင့် သုံးဆင့်ဖြင့် ပညာရှင်များက စိစစ်ရွေးချယ်ခဲ့သည်ကို တွေ့ရပါကြောင်း။


၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ် ပုံနှိပ်ထုတ်ဝေ ခဲ့သည့် စာအုပ်ပေါင်း ၇၅၄ အုပ်ထဲမှ အမျိုးသားစာပေ ဆုအတွက်  သတ်မှတ်ထားသည့်   ဘာသာရပ်  ၁၉  မျိုးအနက် ဘာသာရပ်    ၁၁   မျိုးကို     စိစစ်ရွေးချယ်ခဲ့နိုင်ပြီး စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင်စာမူ ၂၇၇ ခုထဲမှ  ဘာသာရပ်   ၁၃   မျိုးစလုံးအတွက်    ဆုချီးမြှင့်ရန် ထိုက်တန်သည့် စာမူပေါင်း ၂၉ ခုကို ရွေးချယ်ခဲ့ပြီး ဖြစ်သဖြင့် ယနေ့အခမ်းအနားတွင် ဆုများချီးမြှင့်သွား မည်ဖြစ်ပါကြောင်း။


မွေ့လျော်ရာစာပေနယ်ကို တိုးဝင်ရန်ကြိုးပမ်းလာ


အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိခဲ့ သည့်  စာရေးသူများနှင့်  စာအုပ်များကို  ကြည့်မည် ဆိုပါကလည်း     ကလောင်နု၊       ကလောင်လတ်၊ ကလောင်ရင့်တို့ ပါဝင်ပြီး ခေတ်အတွေး၊ ခေတ်အမြင် များကို   ထင်ဟပ်ဖော်ကျူးပြီး    စေတနာစိတ်ဖြင့် စာနာစိတ်ထားများ ပွားများစေနိုင်သည့် ရသစာပေ များ၊ နိုင်ငံဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအတွက် ဖြည့်ဆည်း သင့်သည့် ပြည်တွင်းပြည်ပဆိုင်ရာ ခေတ်မီနည်းပညာ များ၊ သိပ္ပံပညာရပ်များကို လူအများ နားလည်လွယ် အောင်    ရေးသားထားသည့်     သုတစာပေများကို စာပေအဆင့်အတန်းမီစွာ   ရေးသားထားကြသည်ဟု  ဆုရွေးချယ်ရေးအဖွဲ့က     သုံးသပ်ထားပါကြောင်း၊ ဆုရရှိကြသူများထဲတွင် နိုင်ငံသိစာရေးဆရာကြီးများ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာဝန်များ၊ တပ်မတော် သားများ၊ အငြိမ်းစားဝန်ထမ်းများ ပါဝင်ကြသကဲ့သို့  ဝါသနာကိုအရင်းတည်ပြီး မွေ့လျော်ရာ စာပေနယ်ကို  တိုးဝင်ရန် ကြိုးပမ်းလာကြသည့် စာပေဝါသနာရှင် များ ပါဝင်ကြသည်ကို တွေ့ရသည့်အတွက် လွန်စွာ ကျေနပ်အားရမိပါကြောင်း။


အရေအတွက်တိုး၍ချီးမြှင့်လာခဲ့


အမျိုးသားစာပေ တစ်သက်တာဆုကို ချီးမြှင့်ရာ တွင်လည်း စာပေပညာရှင်ကြီးများကို အလေးအမြတ် ထားသည့်အနေဖြင့်   တစ်နှစ်ထက်တစ်နှစ်    အရေ အတွက်တိုး၍ ချီးမြှင့်လာခဲ့ပါကြောင်း၊ ယခုနှစ်တွင် လည်း စာပေပညာရှင်ကြီးလေးဦးအထိ ချီးမြှင့်သွား မည်ဖြစ်ပြီး အမျိုးသားစာပေ တစ်သက်တာဆုချီးမြှင့် ခံရသည့် ဆရာ၊ ဆရာမကြီးတို့အားလုံးသည် ပညာ ဂုဏ်ရည်၊
စာပေဂုဏ်ရည်များ      ပြည့်ဝကြသည့်       ပညာ ရှင်ကြီးများ   ဖြစ်ပါကြောင်း၊ ဆရာကြီး ဒေါက်တာ သန်းဦး  ဆိုပါက  မြန်မာနိုင်ငံပညာရေးလောက၏ ဦးသျှောင် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံပညာ ရေးလောက ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခုအသက်  ၉၆ နှစ်တိုင် ဘဝတစ်လျှောက်လုံး ကြိုးပမ်းဆောင် ရွက်နေဆဲ   ပညာရှင်ကြီးဖြစ်ပါကြောင်း၊   ဆရာကြီး ဒေါက်တာချစ်စံ ဆိုပါကလည်း မြန်မာစာပေဖွံ့ဖြိုး ရေးနှင့်   စာပေသုတေသနလုပ်ငန်းများကို    အစဉ် တစိုက်  ရေးသားပြုစု ဟောပြောပေးခဲ့သည့်  စာပေ ပညာရှင်ကြီးဖြစ်ပါကြောင်း၊ ဆရာမကြီး ဒေါ်ကြူကြူ သင်း ဆိုပါကလည်း ရသစာပေကို တစိုက်မတ်မတ် ရေးသားပြုစုခဲ့ပြီး   မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်း များတွင်   အားကြိုးမာန်တက်   ဆောင်ရွက်ခဲ့သည့် စာရေးဆရာမကြီး     ဖြစ်ပါကြောင်း၊     ဆရာကြီး ဒေါက်တာထွန်းတင့် ဆိုပါကလည်း မြန်မာစာ၊ မြန်မာ ဘာသာစကားနယ်ပယ် ဖွံ့ဖြိုးတည်တံ့အောင် အစဉ် အဆက်  ရေးသားပြုစုဖြန့်ဝေပေးခဲ့သည့် ပညာရှင်  ကြီးဖြစ်ပါကြောင်း၊ အဆိုပါ ပညာရှင်ကြီးများအားလုံး ကို အမျိုးသားစာပေ တစ်သက်တာဆုရှင်များအဖြစ်  နိုင်ငံတော်က  ထိုက်တန်စွာ  ချီးမြှောက်ခွင့်ရသည့်  အတွက်  အတိုင်းမသိ  ဂုဏ်ယူဝမ်းမြောက်သည်ကို ပြောကြားလိုပါကြောင်း။      


ပညာနှင့်တွေးခေါ်မြော်မြင်နိုင်စွမ်းမြင့်မားရန်   
အထူးအရေးကြီး


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေ ဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများအားလုံး ၏ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်၊ ကောင်းမွန်  သည့်  ပစ္စုပ္ပန်ကို  တည်ဆောက်လျက်ရှိပါကြောင်း၊  ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက်ရေး တွင်   နိုင်ငံသူနိုင်ငံသားများ၏  ပညာနှင့်  တွေးခေါ် မြော်မြင်နိုင်စွမ်းမြင့်မားရန်   အထူးအရေးကြီးလှပါ ကြောင်း၊ အထူးသဖြင့် မိမိတို့နိုင်ငံ၏ လူဦးရေအများ ဆုံး နေထိုင်သည့် ကျေးလက်ဒေသများတွင် ပညာရေး အားနည်းခဲ့ပါကြောင်း၊ ပညာရေးအားနည်းချက်နှင့် အတူ တွေးခေါ်မြော်မြင်မှုတွင် လိုအပ်ချက်များရှိခဲ့ ပါကြောင်း၊    အဆိုပါလိုအပ်ချက်များကို    ပြုပြင်ရန်  ဘက်စုံပညာရေးစနစ်နှင့် စာမတတ်သူပပျောက်ရေး  လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခေတ်စနစ်နှင့်အညီ တွေးခေါ်မြော်မြင်မှုများ တိုးတက်  အောင် လုပ်ဆောင်ရန်အတွက် မြန်မာနိုင်ငံဒေသအနှံ့  အပြားတွင် စာအုပ်စာပေများကို လက်လှမ်းမီစွာရရှိ ရန်၊ စာပေကို ဖတ်ရှုလေ့လာကြရန် တက်ရောက်လာ ကြသည့် စာပေပညာရှင်များနှင့် မြန်မာစာပေနယ်မှ  စာပေရေးသားပြုစုသူများ၊ ထုတ်ဝေသူများ၊ ဖြန့်ချိသူ များ၊   စာကြည့်တိုက်များနှင့်    စေတနာရှင်များက ဝိုင်းဝန်းကူညီကြရန်     အထူးပင်     မေတ္တာရပ်ခံလို ပါကြောင်း။


နိုင်ငံသားအားလုံး၏တာဝန်ဖြစ်


စာပေသည်  လူမျိုး၏ ယဉ်ကျေးမှုမဏ္ဍိုင်ဖြစ်ပါ ကြောင်း၊   စာအုပ်မျိုးစုံသည်  လူသားများ၏    ခေတ် ကြေးမုံ    ဖြစ်ပါကြောင်း၊    စာအုပ်စာပေများသည် လူ့မိတ်ဆွေများဖြစ်ပြီး စာပေမြင့်မှ လူမျိုးတင့်မည်  ပင်ဖြစ်ပါကြောင်း၊  စာပေသည်နိုင်ငံ၏  ယဉ်ကျေးမှု အဆင့်အတန်းနှင့်    အမျိုးသားရေး  စိတ်ဓာတ်ကို မြှင့်တင်ပေးပါကြောင်း၊  “ယဉ်ကျေးမှု  ပျောက်လျှင်  လူမျိုးပျောက်မည်”  ဆိုသည့် သတိပေးဆိုရိုးစကား အတိုင်း လိုက်နာပြီး  ဒီယဉ်ကျေးမှု  မပျောက်ပျက် အောင်၊ ခိုင်မြဲတည်တံ့အောင် ဆက်လက်တည်ဆောက် ရန်မှာ   နိုင်ငံသားအားလုံး၏     တာဝန်ဖြစ်သည်ကို အသိပေးပြောကြားလိုပါကြောင်း။
ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့်  စာပေပညာရှင်ကြီးများ၊ စာပေဆုရရှိသူများ၊ စာပေဆု များ အောင်မြင်စွာချီးမြှင့်နိုင်အောင် စာပေစေတနာ  အပြည့်အဝနှင့် ဆောင်ရွက်ပေးခဲ့ကြသည့် အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး  ကော်မတီဥက္ကဋ္ဌများ၊   အဖွဲ့ဝင်များ၊  ပညာရှင်များ အားလုံးကို       အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် အမျိုးဘာသာ၊   သာသနာကောင်းကျိုးကို   သယ်ပိုး ဆောင်ရွက်နိုင်ကြပြီး နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်ပေး နိုင်သည့် စာကောင်းပေမွန်များ ဆက်လက်ရေးသား ဖွဲ့ဆိုနိုင်ကြပါရန်      တိုက်တွန်းမေတ္တာရပ်ခံအပ်ပါ ကြောင်း ပြောကြားသည်။


ပေးအပ်ချီးမြှင့်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ၂၀၂၂ခုနှစ်၊  အမျိုးသားစာပေတစ်သက်တာဆု ရရှိကြသည့် စာပေ ပညာရှင်ဆရာကြီး ဒေါက်တာထွန်းတင့် (ဒေါက်တာ ထွန်းတင့်-မြန်မာစာ)၊   စာပေပညာရှင်ဆရာကြီး ဒေါက်တာချစ်စံ (ချစ်စံဝင်း)၊ စာပေပညာရှင်  ဆရာမ ကြီး   ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ စာပေပညာရှင် ဆရာကြီး ဒေါက်တာသန်းဦး (ပြည်စိုးမင်း) ကိုယ်စား သန်းဦးဖောင်ဒေးရှင်း  အတွင်းရေးမှူး   ဦးအေးကြိုင် တို့ကို ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့်  အမှတ် တရဂုဏ်ပြုလက်ဆောင်များ  ပေးအပ်ချီးမြှင့်သည်။


ထို့နောက်     ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြ သည့်    ဗိုလ်ချုပ်ကြီး   မြထွန်းဦး၊     ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊     ဗိုလ်ချုပ်ကြီး  မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊   ဒုတိယဗိုလ်ချုပ်ကြီး  ညိုစော၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ဦးမောင် မောင်အုန်းတို့က အမျိုးသားစာပေဆု ရရှိသူများနှင့် စာပေဗိမာန်စာမူဆု   ရရှိသူများကို   ဆုများပေးအပ် ချီးမြှင့်ကြသည်။


ဆက်လက်၍ အမျိုးသားစာပေတစ်သက်တာ ဆုရှင် ဆရာကြီး ဒေါက်တာ ထွန်းတင့် (မြန်မာစာ)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမျိုး သားစာပေ တစ်သက်တာဆုရှင် ဆရာကြီး ဒေါက်တာ သန်းဦး (ပြည်စိုးမင်း) က ပေးပို့သည့် ကျေးဇူးတင် လွှာကို အခမ်းအနားမှူးက ဖတ်ကြားတင်ပြသည်။


သီဆိုကပြဖျော်ဖြေ


ယင်းနောက်   မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား ဝန်ထမ်းများက စာပေဂုဏ်ပြုတေးသီချင်းဖြင့် သီဆို ကပြဖျော်ဖြေကြသည်။


မှတ်တမ်းတင်ဓာတ်ပုံရိုက်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အခမ်းအနား  တက်ရောက်လာကြသူများသည် ၂၀၂၂ ခုနှစ် အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေ ဆုနှင့်  စာပေဗိမာန်စာမူဆု  ရရှိကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့သည်  ၂၀၂၂  ခုနှစ်အတွက်  အမျိုးသားစာပေ တစ်သက်တာဆု၊   အမျိုးသားစာပေဆုနှင့်    စာပေ ဗိမာန်စာမူဆု   ရရှိခဲ့ကြသူများ၊   အနုပညာရှင်များ၊ စာပေပညာရှင်များနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။


နေလယ်စာ  သုံးဆောင်အပြီးတွင်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီးတို့သည် ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊   အမျိုးသားစာပေဆုနှင့်    စာပေ ဗိမာန်စာမူဆု   ရရှိခဲ့ကြသူများ၊    အနုပညာရှင်များ၊ စာပေပညာရှင်များကို   ရင်းရင်းနှီးနှီး   နှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။               
     

သတင်းစဉ်