
ဒေါက်တာဇင်နွယ်မြင့် (ပါမောက္ခ/ဌာနမှူး ပထဝီဝင်ဌာန) ရန်ကုန်တက္ကသိုလ်
ဒီကနေ့ ပို့ချမှာကတော့ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်သင်ရိုးနဲ့ပတ်သက်ပြီး အထူး ဂရုပြု လေ့လာသင့်တဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။ အခြေခံပညာအထက်တန်း ပထဝီဝင် သင်ရိုး ဖတ်စာအုပ်မှာ သဘာဝပထဝီဝင်၊ စီးပွားရေးပထဝီဝင်၊ မြန်မာနိုင်ငံပထဝီဝင်၊ ကမ္ဘာ့ရွေးချယ်နိုင်ငံများ ပထဝီဝင်နဲ့ လက်တွေ့ပထဝီဝင်ဆိုပြီး အပိုင်းကြီး (၅)ပိုင်းရှိသော်လည်း ၂ဝ၁၉ တက္ကသိုလ်ဝင်စာမေးပွဲကစပြီး ပထဝီဝင်ဘာသာရပ်မှာတော့ သဘာဝပထဝီဝင်၊ မြန်မာနိုင်ငံ ပထဝီဝင်၊ ကမ္ဘာ့ရွေးချယ်နိုင်ငံများ ပထဝီဝင် နဲ့ လက်တွေ့ပထဝီဝင်ဆိုတဲ့အပိုင်း (၄)ခုကပဲ ဖြေဆိုရမှာဖြစ်ပါတယ်။
အပိုင်း(က) သဘာဝပထဝီဝင်အပိုင်းမှာ
ကမ္ဘာမြေကြီးတည်ဆောက်ပုံ၊ ကမ္ဘာ့မြေထုအပေါ်ယံကျောက်များ၊ ကမ္ဘာ့အပေါ်ယံမြေလွှာ လှုပ်ရှား ခြင်း၊ ကမ္ဘာ့ကုန်းမြေသဏ္ဌာန်များ၊ အိုင်များ၊ စိမ့်များနဲ့ ကျွန်းများအကြောင်းပါဝင်တယ်။
အပိုင်း(ဂ) မြန်မာနိုင်ငံပထဝီဝင်အပိုင်းမှာ
မြန်မာနိုင်ငံရဲ့စီးပွားရေးကုန်ထုတ်လုပ်ငန်းများမှ တွင်းထွက်ပစ္စည်းလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းနဲ့ ကုန်သွယ်ရေးလုပ်ငန်းများ ပါဝင်တယ်။
အပိုင်း(ဃ) ကမ္ဘာ့ရွေးချယ်နိုင်ငံများပထဝီဝင်အပိုင်းမှာ
အမေရိကန်ပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်း(ဗြိတိန်) နိုင်ငံအပြင် ပြင်သစ်နိုင်ငံနဲ့ ဂျာမနီနိုင်ငံများလည်း ပါဝင်တယ်။
အပိုင်း(င) လက်တွေ့ပထဝီဝင်အပိုင်းမှာ
စကေးများ၊ ကွန်တိုနဲ့ ကွန်တိုမြေပုံများ၊ မြေပြင်လက္ခဏာပြမြေပုံများ၊ ကောင်းကင်ဓာတ်ပုံများကို လေ့လာပြန်ဆို တွက်ချက်ခြင်းများ ပါဝင်တယ်။
တက္ကသိုလ်ဝင်တန်း ပထဝီဝင်ဘာသာရပ်မေးခွန်းပုံစံမှာ အပိုင်း (၅) ပိုင်း ပါဝင်မှာဖြစ်တယ်။ အပိုင်း(က) ဓမ္မဓိဋ္ဌာန်၊ အပိုင်း(ခ) သဘာဝပထဝီဝင်၊ အပိုင်း(ဂ) မြန်မာနိုင်ငံပထဝီဝင်၊ အပိုင်း(ဃ) ကမ္ဘာ့ ပထဝီဝင်နှင့် အပိုင်း(င)လက်တွေ့ပထဝီဝင်မေးခွန်းများဟူ၍ ဖြစ်တယ်။ အဲဒီအထဲမှာ အပိုင်း(က)နှင့် အပိုင်း(င)မှ မေးခွန်းအားလုံးကို ဖြေဆိုရမှာဖြစ်ပြီး ကျန်အပိုင်းတစ်ပိုင်းစီမှ တစ်ပုဒ်စီဖြင့် စုစုပေါင်း (၅)ပုဒ် ဖြေဆိုရမှာဖြစ်တယ်။ လိုအပ်တဲ့နေရာများမှာ မြေပုံများ၊ သရုပ်ပြပုံများ၊ ပုံကြမ်းများရေးဆွဲပြီး ဖြေရမှာ ဖြစ်တယ်။ ဖြေဆိုချိန် (၃) နာရီဖြစ်ပြီး စုစုပေါင်းပေးမှတ်မှာ (၁ဝဝ) ဖြစ်တယ်။
အပိုင်း (က) ဓမ္မဓိဋ္ဌာန်မှာ သုံးပိုင်းပါဝင်ပြီး ၁၅ မှတ်ဖိုးဖြေရမှာဖြစ်တယ်။ ၁(က) မှား/မှန်ရွေး၊ ၁(ခ) ကွက်လပ်ဖြည့်၊ ၁(ဂ) အဖြေမှန်ရွေးတို့ဖြစ်တယ်။
အပိုင်း(ခ)မှာ မေးခွန်းရှည်နှစ်ပုဒ်နဲ့ မှတ်စုတိုမေးခွန်း စုစုပေါင်းသုံးပုဒ်မေးထားပြီး နှစ်သက်ရာ တစ်ပုဒ်ကိုရွေးပြီး ၁၅ မှတ်ဖိုး ဖြေရမှာဖြစ်တယ်။ ထို့နည်းတူ အပိုင်း(ဂ)၊ (ဃ)တို့မှာလည်း ၁၅မှတ်ဖိုးစီ ဖြေရမှာဖြစ်ပြီး (၃)ပိုင်းအတွက် စုစုပေါင်း (၄၅) မှတ်ရပါမယ်။
အပိုင်း (င) လက်တွေ့ပထဝီဝင်မှာ မေးခွန်း ၁၁(က)မှာ စကေးနှင့် မေးခွန်း ၁၁(ခ)မှာ ကောင်းကင် ဓာတ်ပုံအကြောင်းအရာထဲမှ ပုစ္ဆာတစ်ခုခုဖြစ်ပြီး (၁ဝ)မှတ်ဖိုးစီ ဖြေရမယ်။ မေးခွန်း ၁၁(ဂ)ကတော့ ကွန်တိုမြေပုံကို လေ့လာဖြေဆိုရမှာဖြစ်ပြီး (၂ဝ)မှတ်ပေးထားတယ်။ အပိုင်း(င) လက်တွေ့ပထဝီဝင် အပိုင်းဟာ ဓမ္မဓိဋ္ဌာန်လိုပဲ မဖြေမနေရဖြစ်တယ်။ ဒါ့ကြောင့် အပိုင်း(င)မှာ စုစုပေါင်းပေးမှတ် (၄ဝ) မှတ် ဖြစ်တယ်။
မေးခွန်းမှာ ယခုနှစ်အတွက် သတ်မှတ်ထားသောသင်ခန်းစာများကို ခြုံငုံမိအောင် မေးမှာဖြစ်တဲ့ အတွက် ကျောင်းသား ကျောင်းသူများအနေနဲ့ သင်ခန်းစာတွေကို ကျေကျေညက်ညက် ဖတ်မှတ်ဖို့လိုပါ တယ်။ သင်ခန်းစာတွေကို မှန်မှန်လေ့ကျင့်ထားရပါမယ်။
သီအိုရီအပိုင်းကို လေ့လာကျက်မှတ်တဲ့အခါ မြေပုံနဲ့အချက်အလက်များတွဲပြီး မြေပုံပါအချက်များ ကို သဘောပေါက်နားလည်ထားပါက ကြောင်းကျိုးဆက်စပ်ပြီး မှတ်မိလွယ်တဲ့အတွက် အလွတ်ကျက် ခြင်းထက်ပိုပြီး ဖြေဆိုနိုင်တယ်။ မေးခွန်းမှာမေးထားတဲ့ လိုရင်းကိုသာ ဖြေရမှာဖြစ်ပြီး မိမိသိတာတွေ အားလုံးဖြေရမှာ မဟုတ်ကြောင်း သတိပြုရပါမယ်။ ကမ္ဘာ့ပထဝီဝင်အပိုင်းမှာ ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ သြစတြေးလျ၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံများ ပါဝင်တယ်။ နိုင်ငံတိုင်းရဲ့ တည်နေရာ၊ အကျယ်အဝန်းနဲ့ ထိစပ်နေသောအိမ်နီးချင်းနိုင်ငံများကို သိဖို့လိုပါမယ်။
ဒါ့အပြင် ရူပပထဝီဝင်၊ သဘာဝပထဝီဝင်၊ လူမှုစီးပွားရေးပထဝီဝင်ဆိုပြီး ခွဲခြားလေ့လာ မှတ်သား သင့်တယ်။ ရူပပထဝီဝင်အပိုင်းမှာ တည်နေရာ၊ အကျယ်အဝန်း၊ မြေမျက်နှာသွင်ပြင်နဲ့ ရေဆင်း၊ ရာသီဥတု၊ သဘာဝပေါက်ပင်နဲ့ မြေဆီလွှာများ ပါဝင်တယ်။ သဘာဝပထဝီဝင်မှာ မြေမျက်နှာသွင်ပြင်မှ မြေဆီလွှာ အထိသာ ပါဝင်တယ်။ လူမှုရေးပထဝီဝင်မှာ လူဦးရေ၊ လူမျိုးနှင့် မြို့ကြီးများ ပါဝင်တယ်။
စီးပွားရေးပထဝီဝင်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ သစ်ထုတ်လုပ်ငန်း၊ တွင်းထွက်ပစ္စည်း တူးဖော်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေးနဲ့ ကုန်သွယ်ရေးလုပ်ငန်းများပါဝင်တယ်။ စီးပွားကုန်ထုတ်လုပ်ငန်းမှာတော့ စိုက်ပျိုးရေးမှ စက်မှုလုပ်ငန်းအထိသာ ပါဝင်တယ်။
ဓမ္မဓိဋ္ဌာန်များကိုလည်း အဲဒီအပိုင်းများမှ သိသင့်တဲ့အချက်များကို မှား/မှန်၊ ကွက်လပ်ဖြည့်၊ အဖြေမှန် ရွေး စသည်ဖြင့် မေးနိုင်တာကို သတိပြုပါ။ ဆက်လက်ပြီး လက်တွေ့ပထဝီဝင်အပိုင်းမှာ စကေးများ၊ ကောင်းကင်ဓာတ်ပုံများရဲ့ စကေးကိုတွက်ချက်ခြင်း၊ ကွန်တိုနှင့်ကွန်တိုမြေပုံများ၊ မြေပြင်လက္ခဏာပြ မြေပုံများကို လေ့လာပြန်ဆိုခြင်းတို့ ပါဝင်ပါတယ်။
ဆက်လက်ပြီးပို့ချမှာကတော့ လက်တွေ့ပထဝီဝင်အပိုင်းဖြစ်ပြီး ဒီအပိုင်းမှာလေ့ကျင့်ဖို့ အများကြီး လိုအပ်တယ်။ ပို့ချချက်ပါညွှန်ကြားချက်များအတိုင်း ဆွဲသားနည်း၊ ဖြေဆိုနည်းတွေကို စာမေးပွဲနီးမှ လေ့ကျင့်တာမျိုး မဖြစ်သင့်ပါ။ ဥပမာ-ပုံပြစကေးဖြစ်တဲ့ စကေးကျဲ၊ စကေးစိပ်များ တွက်ချက်ရေးဆွဲရာမှာ ပို့ချချက်များကိုဖတ်ရှုရုံနဲ့ မလုံလောက်ပါ။ လက်တွေ့အကြိမ်ကြိမ် လေ့ကျင့်ဆွဲသားမှသာ စာမေးပွဲဖြေဆို တဲ့အခါ အလွယ်တကူဆွဲလို့ရမှာဖြစ်တယ်။ အလားတူ ကွန်တိုမြေပုံလေ့လာပြန်ဆိုခြင်းကိုလည်း မှန်မှန် လေ့ကျင့်ထားသင့်တယ်။ ကောင်းကင်ဓာတ်ပုံနဲ့ ပတ်သက်တဲ့ ပုစ္ဆာတွေတွက်ရာမှာလည်း ပုံသေနည်းများကို အလွတ်ကျက်တာထက် သင်္ကေတရှင်းလင်းချက်များကို နားလည်အောင်မှတ်ဖို့လိုတယ်။
လက်တွေ့တွက်ချက်ခြင်းများမပြုမီ စကေးရဲ့ အဓိပ္ပာယ်၊ မြေပုံများပေါ်တွင် စကေးကိုဖော်ပြခြင်း၊ စကေးတစ်မျိုးမှ အခြားတစ်မျိုးသို့ ပြောင်းလဲတွက်ချက်ခြင်းများကို သိနားလည်ဖို့လိုတယ်။
စကေးဆိုသည်မှာ မြေပုံပေါ်မှအကွာအဝေးနှင့် မြေပြင်ပေါ်မှအကွာအဝေးတို့၏ အချိုးဖော်ပြချက် ဖြစ်တယ်။ စကေးအမျိုးအစား (၃) မျိုးရှိတယ်။ ယင်းတို့မှာ-
(၁) စာစကေး (ဝါ) စာတန်းစကေး (ဥပမာ- တစ်လက်မလျှင်တစ်မိုင်)
(၂) အချိုးစကေး (ဝါ) အပိုင်းစကေး (ဥပမာ- ၁:၆၃၃၆ဝ (ဝါ) ၆၃၃၆ဝ ပိုင်း တစ်ပိုင်း) နှင့်
(၃) ပုံပြစကေး (ဥပမာ- အတိုင်းအတာတစ်ရပ်ရှိသော မျဉ်းတစ်ကြောင်းကို စိတ်ပိုင်းကာ
အချိုးကျ မြေပြင်အကွာအဝေးများကို ရေးမှတ်ဖော်ပြသော စကေးအမျိုးအစား
ဖြစ်တယ်)။
ပုံပြစကေးအမျိုးအစားကို အဓိကအားဖြင့်(၂)မျိုးခွဲခြားထားတယ်။ ၎င်းတို့မှာ စကေးစိပ်/ အပြည့် စကေးနှင့် စကေးကျဲ/အဖွင့်စကေးတို့ဖြစ်တယ်။ ပုံပြစကေးရေးဆွဲရာမှာ တွက်ချက်ရန်နဲ့ ဆွဲသားရန်ဟူ၍ နှစ်ပိုင်းပါဝင်တယ်။
ပုံပြစကေးများတွက်ရန်၊ ဆွဲရန်အတွက် အနည်းဆုံးပြုရကိန်း၏ “ယူနစ်’’ ကို သတိပြုရန်လိုအပ် တယ်။ တွက်ချက်တဲ့အခါ ရေးဆွဲရမည့်မျဉ်းရဲ့အလျားဟာ (၄)လက်မနှင့် (၆)လက်မကြားရှိရင် အသင့်တော်ဆုံးဖြစ်တယ်။ တွက်နည်းကို အဆင့်ဆင့်မှန်အောင်တွက်ရမယ်။ တွက်ချက်လို့ရတဲ့ အဖြေ ပေါ်မူတည်ပြီး စကေးမျဉ်းကို တိကျမှန်ကန်အောင် ဆွဲရန်လိုတယ်။ အပိုင်းများကို စိတ်ပိုင်းတဲ့အခါမှာလည်း အစိတ်အပိုင်းများ မှန်ကန်ညီညာအောင် စိတ်ပိုင်းရန် အဓိကလိုအပ်တယ်။
ဆက်လက်ပြီး ကောင်းကင်ဓာတ်ပုံ လေ့လာပြန်ဆိုတွက်ချက်ခြင်းအကြောင်းကို လေ့လာမယ်ဆိုရင် ကောင်းကင်ဓာတ်ပုံဆိုတာကတော့ လေယာဉ်အမျိုးမျိုး၊ ဂြိုဟ်တု၊ ဒုံးပျံစသည်တို့မှ ရိုက်ကူးထားတဲ့ ဓာတ်ပုံများဖြစ်တယ်။ ကောင်းကင်ဓာတ်ပုံများကို (၁) တစောင်းရိုက်ကောင်းကင် ဓာတ်ပုံ၊ (၂)အောက်တည့် ရိုက်ကောင်းကင်ဓာတ်ပုံဆိုပြီး အဓိကနှစ်မျိုးခွဲခြားနိုင်တယ်။ တစောင်းရိုက် ကောင်းကင်ဓာတ်ပုံမှာ မိုးကုတ်စက်ဝိုင်းကိုမြင်နိုင်တဲ့ တစောင်းမြင့်ကောင်းကင်ဓာတ်ပုံနဲ့ မိုးကုပ်စက်ဝိုင်းကိုမမြင်နိုင်တဲ့
တစောင်းနိမ့်ကောင်းကင်ဓာတ်ပုံဆိုပြီး (၂)မျိုး ထပ်မံခွဲခြားနိုင်တယ်။
ကောင်းကင်ဓာတ်ပုံရဲ့ စကေးရှာတဲ့ပုံသေနည်းများနဲ့ တွက်ချက်နည်းများကို မှတ်မိအောင် လေ့လာ ထားဖို့လိုပါတယ်။ ကောင်းကင်ဓာတ်ပုံစကေးများနဲ့ပတ်သက်ပြီး သင်္ကေတများကိုသိထားရင် မေးခွန်း ပုစ္ဆာမှာပါတဲ့ အကြောင်းအရာတွေကို လိုအပ်တဲ့နေရာတွေမှာ အစားထိုးထည့်သွင်းပြီး ဖြေဆိုရမယ်။ ပုစ္ဆာများတွက်တဲ့အခါ သတိပြုရမယ့်အချက်များကတော့ အချိုးစကေးမှာ ပိုင်းဝေဟာ အစဉ်အမြဲ “၁’’ ဖြစ်ရမယ်။ ပိုင်းဝေနဲ့ပိုင်းခြေယူနစ်တူအောင်ညှိပေးရမယ်။ ကိုက်ညီတဲ့ ပုံသေနည်းများကို သုံးရမယ်။ ပုံကြမ်းရေးဆွဲပေးသင့်တယ်။ ပိုင်းဝေဟာ မြေပုံပေါ် (သို့မဟုတ်) ဓာတ်ပုံပေါ်အကွာအဝေးဖြစ်ပြီး ပိုင်းခြေ သည် မြေပြင်အကွာအဝေးဖြစ်တယ်။
ဒီအခါမှာ မြေပုံအကွာအဝေးပေးထားပြီး မြေပြင်အကွာအဝေးကို ပေ၊ ကိုက်၊ မိုင် စသဖြင့် ရှာခိုင်းရင် လိုအပ်တဲ့ယူနစ်ကို ပြောင်းပေးရမှာဖြစ်တယ်။
ကောင်းကင်ဓာတ်ပုံစကေးရှာရာမှာ
(၁) ကင်မရာဆုံတာနဲ့လေယာဉ်ပျံသန်းသောအမြင့်တို့ကို အချိုးဖြင့် စကေးရှာနည်း
(၂) ဓာတ်ပုံပေါ်အကွာအဝေးနဲ့ မြေပြင်အကွာအဝေးနှိုင်းယှဉ်ခြင်းဖြင့် စကေးရှာနည်း
(၃) စကေးသိသောမြေပုံနဲ့နှိုင်းယှဉ်နည်းဖြင့် စကေးရှာနည်းဆိုပြီး နည်း(၃)နည်းရှိတယ်။
(၁) ကင်မရာဆုံတာနဲ့ လေယာဉ်ပျံသန်းသောအမြင့်အချိုးဖြင့် စကေးရှာနည်းမှာ
အသုံးပြုရမယ့်ပုံသေနည်း(က)ကတော့
Scale or RF =
သင်္ကေတရှင်းလင်းချက်အနေနဲ့
Scale or RFဆိုတာကတော့စကေး/အချိုးစကေး (Representative Fraction)
f ဆိုတာကတော့ ကင်မရာဆုံတာ (Focal Length)
H ဆိုတာကတော့ ကုန်းမြေအထက်လေယာဉ်ပျံသန်းသောအမြင့် (Flying Height above
the ground) ဖြစ်တယ်။
ဥပမာ။ ကင်မရာဆုံတာ ၆ လက်မဖြင့် ရိုက်ကူးထားသော ကောင်းကင်ဓာတ်ပုံတစ်ပုံ၏ စကေးမှာ ၁:၆ဝဝဝ ဖြစ်လျှင် ရိုက်ကူးသောအချိန်၌ ပျံသန်းသည့်လေယာဉ်၏ မြေပြင်အထက် အမြင့်ပေကိုရှာပါ။
တွက်နည်း
ကင်မရာဆုံတာ (f ) = ၆လက်မ
ဓာတ်ပုံ၏စကေး (RF) = ၁:၆ဝဝဝ
ကုန်းမြေအထက်လေယာဉ်ပျံသန်းသောအမြင့်(H) = ?
အသုံးပြုသောပုံသေနည်း RF =
H = ၆ X ၆၀၀၀
၃၆၀၀၀ လက်မ
၁၂ လက်မ
H = ၃၀၀၀ ပေ
အဖြေ = လေယာဉ်၏မြေပြင်အထက်ပျံသန်းသော အမြင့်ပေ ၃ဝဝဝ
ပုံသေနည်း (ခ) ကတော့
Scale or RF =
သင်္ကေတရှင်းလင်းချက်အနေနဲ့
Scale or RF ဆိုတာကတော့ စကေး/အချိုးစကေး (Representative Fraction)
f ဆိုတာကတော့ ကင်မရာဆုံတာ (focal length)
A ဆိုတာကတော့ပင်လယ်ပြင်အထက်လေယာဉ်ပျံသန်းသော အမြင့်(Altitude)နဲ့
h ဆိုတာကတော့ ကုန်းမြေအမြင့် (Height of the terrain) ဖြစ်တယ်။