၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

နေပြည်တော်   မတ်   ၁၄


၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့်       ဆရာတော်ကြီးများအား                 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး  ပရိဝုဏ်အတွင်းရှိ  သာသနာ့ မဟာဗိမာန်တော်ကြီး၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်း သည်။


တက်ရောက်ကြည်ညို


အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ   မန္တလေးမြို့  ဗန်းမော်ကျောင်းတိုက် ပဓာနနာယက  ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင်   သန်လျင်မြို့  မင်းကျောင်း ပထမပြန် စာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ    အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့်     ၂၀၂၂  ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ကော်ရော်အပူဇော်ခံတော်မူကြမည့်   ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊     မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊       ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊  ဒေါက်တာဗညား အောင်မိုး၊  ဦးရွှေကြိမ်း၊  ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ကောင်စီအတွင်းရေးမှူး    ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊      ပြည်ထောင်စုရွေးကောက်ပွဲ  ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်   ၎င်းတို့၏ ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိ သူများ တက်ရောက်ကြည်ညိုကြသည်။


ကပ်လှူပူဇော်


အခမ်းအနားမစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သာသနာ့ မဟာဗိမာန်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် အား မြသပိတ်ဆွမ်းတော်နှင့်   သစ်သီး၊   ပန်းမန်၊ သောက်တော်ရေချမ်း၊ ဆီမီးတို့ ကပ်လှူပူဇော်သည်။           


ထို့နောက် အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို  ဘုရားကန်တော့ဖွင့်လှစ်၍  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ကြီးထံမှ          ငါးပါးသီလ  ခံယူဆောက်တည်ကြပြီး  သံဃာတော်အရှင် သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော  မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဗန်းမော်ဆရာတော်ကြီး ထံသို့ လည်းကောင်း၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့်ဇနီးတို့က  သန်လျင်မင်းကျောင်း   ဆရာတော်ထံသို့ လည်းကောင်း၊  ကောင်စီအဖွဲ့ဝင်များနှင့်   အခမ်းအနားသို့ တက်ရောက်လာသည့်  အကြီးအကဲများက သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် ဆရာတော်ကြီး များထံသို့  လည်းကောင်း   လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်၏  ဇနီးတို့က ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် သီလရှင်ဆရာကြီးများ အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းများ   ဆက်ကပ် လှူဒါန်းကြသည်။


ထို့နောက်    သန်လျင်မင်းကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းလောင်း အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။                                                    

 သတင်းစဉ်