
ရန်ကုန် မတ် ၁၇
ကာတာနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၂ အာရှ ဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ပွဲစဉ်များကို မတ် ၁၇ ရက်က ဆက်လက်ပြုလုပ်ရာ မြန်မာ ဘိလိယက်ကစားသမားနှစ်ဦးဖြစ်သည့် ပေါက်စနှင့် မင်းစည်သူထွန်းတို့ ကွာတား ဖိုင်နယ် တက်ရောက်သွားသည်။
မြန်မာဘိလိယက် ကစားသမားများဖြစ်သည့် ပေါက်စနှင့် မင်းစည်သူထွန်းသည် အုပ်စုပွဲစဉ်များ အပြီးတွင် အုပ်စုဒုတိယရရှိကာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ မင်းစည်သူထွန်း သည် အုပ်စု (ခ) တွင် ပါဝင်ပြီး ထာဝပ် (ထိုင်း)ကို လေးပွဲပြတ်၊ ဟန်ဂျင်ဟွမ် (တောင်ကိုရီးယား) ကို လေးပွဲပြတ်တို့ဖြင့် အနိုင်ရကာ ဆစ်ဝါလာ (အိန္ဒိယ) ကို ၄-၃ ပွဲဖြင့် အရေးနိမ့်ခဲ့သဖြင့် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ဖြင့် အုပ်စုဒုတိယရရှိသည်။ ပေါက်စမှာမူ အုပ်စု (ဂ) တွင် ပါဝင်ခဲ့ပြီး မိုဟာမက်သာဟ (သီရိလင်္ကာ) ကို လေးပွဲပြတ်၊ ဟွမ်ချုဟို (တောင်ကိုရီးယား) ကို လေးပွဲပြတ်၊ ဒါမာနီ (အိန္ဒိယ) ကို ၄-၁ ပွဲတို့ဖြင့် အနိုင်ရပြီး ပရာပွတ်(ထိုင်း) ကို ၄-၃ ပွဲဖြင့် အရေးနိမ့်သဖြင့် အုပ်စုဒုတိယနေရာသာရခဲ့ခြင်းဖြစ် သည်။ ယင်းပြိုင်ပွဲကို အုပ်စုသုံးခုခွဲ၍ ကျင်းပခဲ့ပြီး အုပ်စုသုံးခုမှ ပထမနေရာရရှိသည့် သုံးဦးအနက် အကောင်းဆုံးနှစ်ဦးမှာ ဆီမီးဖိုင်နယ်အဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး ကျန်တစ်ဦးနှင့် ဒုတိယ နေရာရ သုံးဦးမှာ ကွာတားဖိုင်နယ်အဆင့်မှ စတင် ကစားရမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲမှုအရ ကွာတား ဖိုင်နယ်တွင် မြန်မာကစားသမားနှစ်ဦးဖြစ်သည့် ပေါက်စနှင့် မင်းစည်သူထွန်းတို့ ထိပ်တိုက်တွေ့ဆုံ နေပြီး မတ် ၁၈ ရက် (ယနေ့) ကစားရမည်ဖြစ်သည်။ ယင်းပွဲမှ အနိုင်ရသူမှာ အိန္ဒိယနာမည်ကြီး ဘိလိယက် ကစားသမား အက်ဗာနီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အာရှဘိလိယက်ပြိုင်ပွဲမတိုင်မီ ပြုလုပ်သည့် အာရှစနူကာပြိုင်ပွဲတွင် အောင်ဖြိုးက တတိယဆု ရရှိသည်။
သတင်း - ရဲရင့်လွင်
ဓာတ်ပုံ-Asian Confederation of Billiard Sports