
မန္တလေး မတ် ၁၆
၂၀၂၂-၂၀၂၃ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်ညီညွတ်သည့်စားသုံးဆီကို ပြည်သူများဖူလုံစွာစားသုံးနိုင်ရန်နှင့် သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးအတွက် ဆီထွက်နှုန်း ကောင်းမွန် သည့် နေကြာသီးနှံဧက ၂၉၀၀၀၀ ကို စိုက်ပျိုးသွား မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးစိုင်း သန်းအောင်က ပြောကြားသည်။
အဆိုပါ နေကြာသီးနှံသည် တစ်ဧကလျှင် ဆီ ထုတ်လုပ်မှုနှုန်း အမြင့်ဆုံးသီးနှံဖြစ်သောကြောင့် မန္တလေးတိုင်းဒေသကြီးတွင် နေကြာသီးနှံကို မိုးနှင့် ဆောင်းသီးနှံများအဖြစ် လက်ရှိတွင် စိုက်ဧက ၁၂၀၀၀၀ စိုက်ပျိုးထားလျက်ရှိပြီး လာမည့်ဘဏ္ဍာနှစ် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးကာလစိုက်ပျိုးရာသီမှ စတင်ပြီး နေကြာစိုက်ဧက ၁၇၀၀၀၀ ကို ထပ်မံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်း နေကြာသီးနှံစိုက်ဧက ၂၉၀၀၀၀ အထိ ရရှိစေရန် စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသည့်မျိုးအနေဖြင့် အထွက်ကောင်းမျိုး ဖြစ်ကြသည့် ဆင်းရွှေကြာနှစ်မျိုးနှင့် ရေဆင်းစပ်မျိုး (၁)တို့ကို စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
‘‘တိုင်းဒေသကြီးအတွင်းမှာ နေကြာသီးနှံကို သီးသန့်အနေနဲ့ စိုက်ပျိုးကြသလို သီးထပ်၊ သီးညှပ် အနေနဲ့လည်း စိုက်ပျိုးကြပါတယ်။ ဧပြီလကနေ စပြီးတော့ စိုက်ပျိုးသွားမှာပါ။ မိုးရာသီနဲ့ ဆောင်း ရာသီတွေမှာ စိုက်ပျိုးသွားမှာပါ။ တိုင်းအတွင်း နေကြာ အများဆုံးက ရမည်းသင်းခရိုင်မှာ အများဆုံးစိုက်ပျိုး ကြပါတယ်။ ဒုတိယကတော့ မြင်းခြံခရိုင်ပါ။ တတိယ ကတော့ ညောင်ဦးခရိုင်ဖြစ်ပါတယ်။ နေကြာသီးနှံ ဟာ အချိန်တိုအတွင်း စိုက်ပျိုးရတာဖြစ်ပြီးတော့ အခြားသီးနှံတွေလို ပိုးကျရောက်မှုနည်းတာကြောင့် တောင်သူတွေ တွက်ခြေကိုက်တဲ့ သီးနှံဖြစ်ပါတယ်။ အထွက်နှုန်းကောင်းဖို့အတွက်ကိုလည်း ဌာနအနေနဲ့ ပူးပေါင်းလုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ပြည်သူ များအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီကို ဖူလုံပြီးစားသုံးနိုင်ဖို့အတွက် လာမယ့် မိုးရာသီမှာ စတင်ပြီး တိုးချဲ့စိုက်ပျိုးသွားမှာပါ’’ဟု ၎င်းက ရှင်းပြ သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း၌ သီးနှံအမယ်စုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး စပါးကိုဆည်ရေသောက် စနစ်ဖြင့် အဓိကစိုက်ပျိုးကြပြီး ဒုတိယအနေနှင့် ဆီထွက်သီးနှံကိုစိုက်ပျိုးကြကာ ဆီဖူလုံမှု ၁၈၃ ရာခိုင်နှုန်းရှိကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သည့် နေကြာဆီကို ပိုမိုပြီးစားသုံးလာစေရေးနှင့် စားအုန်း ဆီကို ပြည်ပမှဝယ်ယူတင်သွင်းမှုကြောင့် နိုင်ငံခြားငွေယိုဖိတ်နေမှုကိုလည်း တစ်ဖက်တစ်လမ်းမှ လျှော့ချ နိုင်ရေးအတွက် နေကြာကို တိုးချဲ့စိုက်ပျိုးရန် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့ရရှိရေး၊ စိုက်ပျိုးစနစ် မှန်ကန်ရေး၊ နည်းပညာနှင့် အကူအညီများပေးနိုင် ရေး၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် အကျိုးတူကန်ထရိုက် စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက် လျက်ရှိကြောင်းလည်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)