
ရန်ကုန် ဇန်နဝါရီ ၁၁
မိုဘိုင်းဖုန်းများ၏ အချက်အလက်များကို ဖော်ပြရာတွင် ဩဇာကြီးမားသောဝက်ဘ်ဆိုက်ဖြစ်သည့် GSMArena.com ဝက်ဘ်ဆိုက်က ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့ဈေးကွက်ထဲမှ အကောင်းဆုံး ဖုန်း ၂၀ ကို ဖော်ပြခဲ့ရာ ထိုစာရင်းတွင် Samsung နှင့် Xiaomi စမတ်ဖုန်းများက ၁၇ နေရာအထိ ပါဝင်နေသည်ကိုတွေ့ရပြီး ယင်းဖုန်းများထဲတွင် အများစုမှာ ပြည်တွင်းဈေးကွက်တွင်လည်း လူကြိုက်များသောဖုန်းများ ဖြစ်သည်ကို တွေ့ရသည်။
အကောင်းဆုံးဖုန်း ၂၀ အနက် ဆမ်ဆောင်း၏ Galaxy A စီးရီးနှင့် S စီးရီးဖုန်းများထဲမှ မော်ဒယ်ကိုးမျိုး ပါဝင်ပြီး Xiaomi မှထုတ်လုပ်သည့် Redmi, Poco နှင့် Mi ဖုန်းစီးရီးများထဲမှ ရှစ်မျိုးပါဝင်သည်။ Apple က iPhone 13 Pro Max ဖြင့် တစ်နေရာသာ ရရှိကာ မြန်မာနိုင်ငံဈေးကွက်တွင် အသုံးပြုမှုနည်းပြီး ဈေးကွက်မရှိသလောက်ဖြစ်သည့် OnePlus ဖုန်းက မော်ဒယ်နှစ်မျိုး ပါဝင်သည်။ ဖုန်း ၂၀ စာရင်း၏ ထိပ်ဆုံးသုံးနေရာတွင် Samsung Galaxy S21 Ultra 5G ၊ Xiaomi Redmi Note 10 Pro နှင့် Xiaomi Redmi Note 10 တို့ အစဉ်လိုက်ရှိနေကြသည်။
အကောင်းဆုံးဖုန်း ၂၀ စာရင်းတွင်ပါဝင်သော အခြားဖုန်းမော်ဒယ် ၁၇ မျိုးမှာ Xiaomi ၏ Poco စီးရီးမှ X3 Pro နှင့် F3 ၊ Mi စီးရီးမှ Mi 11 Ultra နှင့် Mi 11 Lite ၊ Redmi စီးရီးမှ Redmi 9T နှင့် Redmi Note 10S ၊ ဆမ်ဆောင်း၏ Galaxy စီးရီးမှ S21 5G, S21+ 5G, A72 5G, A52, A52 5G, A52s 5G, A32, A32 5G ၊ Apple ၏ iPhone 13 Pro Max ၊ OnePlus 9 Pro နှင့် OnePlus Nord 2 5G တို့ဖြစ်သည်။
အဆိုပါစာရင်းမှာ GSMArena.com ဝက်ဘ်ဆိုက်ကို ဝင်ကြည့်သူ များ၏ သုံးသပ်ချက်များနှင့် ဖုန်းမော်ဒယ်အလိုက် ရှာဖွေကြည့်ရှုခြင်း ခံရသည့် အရေအတွက်အပေါ် မူတည်သတ်မှတ်ထားခြင်းဖြစ်ကြောင်း လည်း ဝက်ဘ်ဆိုက်တွင် ကြေညာထားသည်။
ကမ္ဘာ့ဖုန်းဈေးကွက်အတွင်း ရောင်းအားအနေဖြင့်မူ ဆမ်ဆောင်းက တစ်နှစ်လုံးတွင် ရောင်းအားအကောင်းဆုံးနေရာကို ရယူထားနိုင်ပြီး အိုင်ဖုန်းများက ဒုတိယ ရောင်းအားအကောင်းဆုံးနေရာတွင်ရှိသည်။ ၎င်းတို့နောက်တွင် Xiaomi၊ Oppo နှင့် Vivo တို့က အစဉ်လိုက် ရပ်တည် နေကြပြီး ယခင်နှစ်များက ရောင်းအားအကောင်းဆုံး ထိပ်ဆုံးပိုင်းတွင် ရှိတတ်သော ဟွာဝေးမှာ ယခုနှစ်အတွင်း Google Services များ မရရှိမှု ကြောင့် Vivo ၏နောက်တွင်သာရှိနေကြောင်း ကမ္ဘာ့ဖုန်းဈေးကွက် ဝေစုကို ဖော်ပြသည့် Gizmochina.com ဝက်ဘ်ဆိုက်မှ ထုတ်ပြန် ချက်အရ သိရသည်။ ကိုစိုး (ကိုးကား-gsmarena.com)