
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့ကို အထောက်အကူပြုစေသည့်
အသုံးစရိတ်များ၊ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့် အသုံးစရိတ်များကို ဦးစားပေးသုံးစွဲကြရန်လို
နေပြည်တော် ဩဂုတ် ၂၄
၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လအတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
ညှိနှိုင်းအစည်းအဝေးသို့ ဘဏ္ဍာ ရေးဆိုင်ရာကော်မရှင် အတွင်း ရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုစာရင်း စစ်ချုပ် ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့ တက်ရောက်ကြပြီး ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ လွှတ်တော်ရုံးများနှင့် ဗဟိုအဖွဲ့အစည်းများမှ တာဝန် ရှိသူများက Video Conferencing စနစ်ဖြင့် ချိတ်ဆက်တက်ရောက် ကြသည်။
အဖွင့်အမှာစကားပြောကြား
ဦးစွာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်အမှာစကား
ပြောကြားရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၀(ခ) အရ နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် အခွန် အကောက်ဆိုင်ရာ ဥပဒေကြမ်းများသည် နှစ်စဉ် ပုံမှန်မဖြစ်မနေ ပြဋ္ဌာန်းဆောင်ရွက်ရမည့် ဥပဒေကြမ်း များဖြစ်သည့်အားလျော်စွာ တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဘဏ္ဍာရေးနှစ်ကို ယခင်က နှစ်စဉ် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ သတ်မှတ်ခဲ့သော်လည်း ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာ ရေးနှစ်မှစ၍ အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ခဲ့ကြောင်း၊ ယခုအခါ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်မှစ၍ ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ပြန်လည်ပြောင်းလဲပြင်ဆင်သတ်မှတ် မည်ဖြစ်သည့်အတွက် ကြားကာလဘတ်ဂျက်အဖြစ် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ ခြောက်လအတွက် အရအသုံး ခန့်မှန်းခြေငွေစာရင်းကို ရေးဆွဲရခြင်းဖြစ်ကြောင်း။
လျော့နည်းကျဆင်းလျက်ရှိ
ယခုအချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကို ဆောင်ရွက်နေရပြီး စီးပွားရေးထိခိုက်မှုများ အနည်းနှင့်အများရှိသည့် အပြင် နိုင်ငံတော်၏ အခွန်အကောက်ရငွေနှင့် အခြား သာမန်ရငွေများအပါအဝင် နိုင်ငံတော်ဝင်ငွေအချို့ လျော့နည်းကျဆင်းလျက်ရှိရာ လာမည့်ခြောက်လ တွင်လည်း ရငွေများဆက်လက်လျော့နည်းနိုင် ကြောင်း၊ သို့ရာတွင် နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် အသုံးစရိတ်များကို မဖြစ်မနေသုံးစွဲရမည် ဖြစ်သဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် မိမိတို့၏ အသုံးစရိတ်များကို အတတ်နိုင်ဆုံးစိစစ် သုံးစွဲသွားကြရန် တိုက်တွန်းလိုကြောင်း၊ ဘတ်ဂျက် ကာလ ခြောက်လသာဖြစ်သည့်အတွက် ရငွေလျာထား ချက်များသည် ခြောက်လအတွင်း အမှန်ရရှိနိုင်သော ရငွေများဖြစ်ရန်နှင့် အသုံးစရိတ်လျာထားချက်များ သည် ခြောက်လအတွင်း အမှန်သုံးစွဲနိုင်မည့် အသုံး စရိတ်များကိုသာ လျာထားကြရန် လိုအပ်ကြောင်း။
ထို့အပြင် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်း များက ရေးဆွဲတင်ပြလာသည့် ခြောက်လတာအတွက် အရအသုံးလျာထားချက်များအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှလည်း နိုင်ငံတော်က ချမှတ် ပေးထားသော မူဝါဒများ၊ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် တင်ပြလာသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စုကို တာဝန်ယူ ဆောင်ရွက်ရမည့်လုပ်ငန်းများသည် တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများ ထပ်မနေရန် လိုအပ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အတွင်း ရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ခြောက်လ အတွက် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်း များ၏ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုအတွက် ရေးဆွဲ လျာထားပေးမှုအခြေအနေ၊ ရငွေရရှိရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လ အထိ ခြောက်လအတွက် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၏ အရအသုံးခန့်မှန်းငွေစာရင်းများ နှင့်စပ်လျဉ်း၍ စိစစ်ပြီးစီးမှုအခြေအနေနှင့် ပုံမှန် မဟုတ်သည့် အသုံးစရိတ်များအတွက် လျာထားရေးဆွဲ ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့ အစည်းများ၏ ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေ ငွေစာရင်း လျာထားမှုများမှ စစ်ဆေးတွေ့ရှိချက် များနှင့် စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
အကြံပြုဆွေးနွေး
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုအစီအစဉ်ဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် လေးခုတွင် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးစင်တာ တည်ဆောက်ရေး၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဦးစီးဌာန ဖွဲ့စည်းပုံ တိုးချဲ့ဖွဲ့စည်းရေး၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်အတွင်းရှိ ကျိုင်းတောင်းရေလှောင် တမံစီမံကိန်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရေး အတွက် ဘဏ္ဍာငွေတိုးမြင့်ရရှိရေး စသည့် ဖြည့်စွက် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အရအသုံးခန့်မှန်းခြေ လျာထားချက် အတွက် ဖြည့်စွက်တင်ပြသည့် ဝန်ကြီးဌာနများနှင့် ထပ်မံညှိနှိုင်းဆွေးနွေးရေး၊ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာငွေသုံးစွဲမှုနှင့် ဆောင်ရွက်မည့်လုပ်ငန်းများကို သက်ဆိုင်ရာ အကြီး အကဲများက စစ်ဆေးကြပ်မတ်ဆောင်ရွက်ပေးရေး၊ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လ အထိ ခြောက်လအတွက် အရအသုံးခန့်မှန်းခြေငွေ စာရင်းနှင့်စပ်လျဉ်း၍ ပြင်ဆင်၊ ဖြည့်စွက်ဆောင်ရွက် ရန်ရှိပါက ရသုံးခန့်မှန်းခြေငွေစာရင်းဦးစီးဌာနနှင့် အမြန်ဆုံးဆက်သွယ်ဆောက်ရွက်ကြရန် အကြံပြု ဆွေးနွေးတင်ပြသည်။
ပြန်လည်သုံးသပ်ဆွေးနွေး
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား ရာတွင် ယနေ့ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်း များ၏ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွင်း အရအသုံးခန့်မှန်းခြေ ငွေစာရင်း စိစစ်ခြင်းအစည်းအဝေးတွင် သက်ဆိုင်ရာ ဗဟိုအဆင့်၊ ဝန်ကြီးဌာနအဆင့် အသီးသီးတို့၏ တင်ပြချက်များနှင့်ပတ်သက်၍ အဆင့်ဆင့်သော အဖွဲ့အစည်းများက စိစစ်ပြီး စနစ်တကျဖြင့် တင်ပြ ထားသည်ကို တွေ့ရှိရကြောင်း၊ တင်ပြချက်ဆိုင်ရာ များနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ဘဏ္ဍာရေး ဆိုင်ရာကော်မရှင်သို့ ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်က အတည်ပြုသည့်အခါ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ ၎င်းမှတစ်ဆင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လ အထိ ခြောက်လအတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်း ပေးနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသွားမည်ဖြစ်ကြောင်း။
ဥပဒေပြဋ္ဌာန်းပြီးသည့်အခါ ဝန်ကြီးဌာနများ အနေဖြင့် ရငွေများကို လျာထားချက်အတိုင်း အပြည့်အဝရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရ မည်ဖြစ်ပြီး မိမိတို့ခွဲဝေရရှိသည့် ဘဏ္ဍာငွေများကို သုံးစွဲရာတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့ကို အထောက်အကူပြုစေသည့် အသုံး စရိတ်များ၊ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြု သည့် အသုံးစရိတ်များကို ဦးစားပေးသုံးစွဲကြရန် လိုကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများက တင်ပြတောင်းခံ ကြသည့် အသုံးစရိတ်များတွင် ပုံမှန်လိုအပ်သည့် အသုံးစရိတ်များအပြင် ကုန်ထုတ်လုပ်မှုကို အကျိုးပြု စေမည့် စက်ရုံများ ပြန်လည်လည်ပတ်ရေးအတွက် အသုံးစရိတ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်သည့် အသုံးစရိတ် များ၊ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် ပြည်ပချေးငွေ/ပြည်ပ အကူအညီ ရငွေတို့ဖြင့်ဆောင်ရွက်မည့် အသုံးစရိတ် များ ပါဝင်နေသည်ကိုလည်း တွေ့ရှိရကြောင်း။
ဘတ်ဂျက်စက်ဝန်းအရ ယခုကဲ့သို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက် လအတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ ရေးဆွဲဆောင်ရွက်တင်ပြနေချိန် တွင် ၂၀၂၀ -၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်ကို အပြီးသတ် အကောင်အထည်ဖော်ရမည့်အချိန်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ကပ်ရောဂါစိန်ခေါ်မှုများနှင့် နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်အရ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ ရှိနေသော်လည်း ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ ရငွေလျာထားချက်များ အတတ်နိုင်ဆုံး ပြည့်မီရေး၊ ခွင့်ပြုပြီးအသုံးစရိတ်များ အချိန်မီသုံးစွဲ နိုင်ရေး၊ အချိန်မီသုံးစွဲနိုင်ခြင်းမရှိသည့် အသုံးစရိတ် များကို သတ်မှတ်ချိန်အတွင်း ပြန်လည်အပ်နှံခြင်း တို့ကို ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။
ချွေတာသုံးစွဲ
ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်၏ ဝင်ငွေ ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြရသည့် ဝန်ကြီးဌာနများရှိသကဲ့သို့ မဖြစ်မနေ ကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များ၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုး ရေးဆိုင်ရာကိစ္စရပ်များ စသည့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်ကိုယ်စား သုံးစွဲ ရသည့် ဝန်ကြီးဌာနများလည်းရှိကြောင်း၊ ကိုဗစ် ကပ်ရောဂါနှင့် အထွေထွေစိန်ခေါ်မှုများကြောင့် ဝင်ငွေရှာဖွေရာတွင် အခက်အခဲအနည်းနှင့်အများ ရှိသည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် မလျှော့သော ဇွဲ၊ စုပေါင်းအားဖြင့် အခြေအနေပေးသည့်အပေါ်တွင် ရနိုင်သည့်ဘက်မှ မဖြစ်မနေ မိမိတို့ဝန်ကြီးဌာန အလိုက် သတ်မှတ်ပေးထားသည့် လျာထားဝင်ငွေ များရရှိအောင် အစွမ်းကုန်ကြိုးပမ်းအားထုတ်ပေး ကြရန် တိုက်တွန်းလိုကြောင်း၊ အလားတူ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲရမည့် ဝန်ကြီး ဌာနများအနေဖြင့်လည်း မဖြစ်မနေ သုံးစွဲရမည့် အသုံးစရိတ်များမှအပ အတတ်နိုင်ဆုံးချွေတာသုံးစွဲ ကြရန်လည်း မှာကြားလိုကြောင်း၊ ဝင်ငွေရှာဖွေ ခြင်းနှင့် သုံးစွဲခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိရ သည့် အချက်များအနက် အများဆုံးအားနည်းချက် တွေ့ရှိရသည့် အချက် ၉ ချက်အပြင် ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အတတ်နိုင်ဆုံး ဆောင်ရွက်သွားရန် လိုကြောင်း၊ ထို့အတူ လာမည့် ခြောက်လတွင်လည်း ဥပဒေပါရငွေ၊ သုံးငွေ လျာထား ချက်များကို နီးစပ်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်