၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ ဗဟိုအဆင့်အခမ်းအနားကျင်းပ

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ ဗဟိုအဆင့်အခမ်းအနားကျင်းပ

==================================================================

 

နေပြည်တော် ဒီဇင်ဘာ ၁

 

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) ဗဟိုအဆင့် အခမ်း အနားကို ယနေ့မွန်းလွဲ ၁ နာရီတွင်ကျင်းပရာ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကားပြောကြား သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု ကွင်းဆက်ကို ဖြတ်တောက်ရန် လုပ်ငန်းများ၊ ဓာတ်ခွဲ စစ်ဆေးခြင်းနှင့် COVID-19 လူနာများအား ကုသမှုပေးခြင်း လုပ်ငန်းများကို အဓိကထားလုပ်ဆောင်နေသကဲ့သို့ အခြားသော ကူးစက်ရောဂါနှင့် မကူးစက်တတ်သောရောဂါ များ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ဝန်ကြီးဌာန၏ ကျန်းမာရေးစီမံချက် (၄၀) ကျော်တို့အား ရပ်တန့်ထား၍ မရပါကြောင်း၊ အခြားကျန်းမာရေးစီမံချက်လုပ်ငန်းများ၌ လစ်ဟာမှုရှိပါက ရောဂါမျိုးစုံဖြစ်ပွားမှုနှင့် သေဆုံးမှုများ မြင့်တက်လာမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ (AIDS) ဖြစ်ပွားပါက တစ်သက်တာ ဆေးဝါးသောက်သုံးရမည်ဖြစ်ပြီး စနစ်တကျ ဆေးဝါး သောက်သုံးမှုမရှိပါက ခုခံအားကျဆင်းမှုကြောင့် အခွင့် အရေးယူရောဂါများ (opportunistic infections) ဖြစ်ပွား ကာ အသက်သေဆုံးနိုင်ပါကြောင်း။

 

၃၆ ရာခိုင်နှုန်းအထိ ကျဆင်းလာ

 

ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက် ရေးနေ့ကို ပြည်သူများအား အသိပေး၊ သတိပေးရန်နှင့် ပြည်သူများကိုယ်တိုင် ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်စေရန်တို့အတွက် ကျင်းပရခြင်းဖြစ် ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်၌ HIV ရောဂါပိုး အသစ်ကူးစက်ခံရမှု ၉၉၀၀ ကျော်ရှိခဲ့ပြီး အဆိုပါ ကူးစက် မှုများသည် ၂၀၁၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်း အထိ ကျဆင်းလာခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မြန်မာ နိုင်ငံအတွင်း HIV ပိုး ကူးစက်ခံနေရသူ ဦးရေ ၂၄၀၀၀၀ ခန့် ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်း HIV prevalence မှာ သုည ဒသမ ၅၈ ရာခိုင်နှုန်းရှိကြောင်း (AIDS Epidemic Model) ဖြင့် ခန့်မှန်း တွက်ချက်သိရှိရပါကြောင်း၊ ခန့်မှန်းတွက်ချက်မှုများ အရ မူးယစ်ဆေးထိုးသူများ၊ အမျိုးသမီးလိင်လုပ်သားများ၊ အမျိုးသားချင်း လိင်တူဆက်ဆံသူများ၊ အကျဉ်းကျနေသူ များနှင့် ရွှေ့ပြောင်းလုပ်သားများ စသည့် HIV ရောဂါပိုး ကူးစက်ရန် အန္တရာယ်များသော ဦးစားပေးအုပ်စုများတွင် အဖြစ်များနေပြီး ဝန်ကြီးဌာန၏ အမျိုးသားခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်အနေဖြင့် အဆိုပါ ဦးတည်အုပ်စုများကို အထူးဂရုပြုပြီး ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် HIV/ AIDS ဖြစ်ပွားရခြင်း အကြောင်းရင်းများအနက် လူမှုဘဝစီးပွားရေး အဆင့်နိမ့် ကျခြင်း၏ နောက်ဆက်တွဲများနှင့် HIV နှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာဗဟုသုတ နည်းပါးခြင်းတို့သည် အဓိကအကြောင်းများဖြစ်ပါကြောင်း၊ HIV/ AIDS ရောဂါ၊ COVID-19 ရောဂါတို့ကဲ့သို့ ကူးစက်ရောဂါများဖြစ်စေ၊ မကူးစက်တတ်သောရောဂါများဖြစ်စေ မည်သည့်ရောဂါတွင် မဆို အောင်မြင်စွာထိန်းချုပ်နိုင်ရန် အရေးကြီးသည့် အချက် ငါးချက်မှာ ပြည်သူလူထု၏ စိတ်ဝင်စားမှု၊ ပြည်သူလူထု၏ ပါဝင်ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူလူထု၏ ကျန်းမာရေး အသိပညာဗဟုသုတရှိမှု၊ ပြည်သူလူထုက မိမိ၏ အရေးကိစ္စ ဟူ၍ သဘောထားကာ အလေးထားဆောင်ရွက်မှုနှင့် ရောဂါ ဖြစ်ပွားသူအချင်းချင်း စစ်မှန်သော ဗဟုသုတဖလှယ်မှု တို့ဖြစ်သည်ကို အထူးအလေးထားပြောကြားလိုပါကြောင်း၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်း များတွင် ပြည်သူများပါဝင်မှု မရှိပါက ဘဏ္ဍာငွေနှင့် အချိန် မည်မျှပင်သုံးစွဲစေကာမှု လိုအပ်သည့် အောင်မြင်မှုပန်းတိုင် ကိုရရှိရန် ခက်ခဲပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးအသိပညာမြင့်မားတိုးတက်စေရေး လုပ်ငန်းများအား လွန်ခဲ့သည့် လေးနှစ်တာကလကစတင်၍ အထူးဦးစားပေး အဖြစ် သတ်မှတ်ဆောင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ၏ HIV/ AIDS ပူးတွဲစီမံချက် (UNAIDS) နှင့် ကမ္ဘာ့နိုင်ငံပေါင်း ၂၆ နိုင်ငံ ပါဝင်ဆောင်ရွက်လျက်ရှိသော Global HIV Prevention Coalition Group တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၁၈ ခုနှစ် မေလမှစတင်၍ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အမျိုးသားအဆင့် HIV/ AIDS ရောဂါတိုက်ဖျက်ရေး မဟာဗျူဟာစီမံကိန်း (National Strategic Plan on HIV and AIDS (2016-2020)) ကို ရေးဆွဲဆောင်ရွက်လျက်ရှိပြီး လာမည့်ငါးနှစ် (၂၀၂၁-၂၀၂၅) အတွက် အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းအသစ် ကိုလည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

HIV/ AIDS ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြို့နယ် ၃၃၀ လုံးအတွက် အခြေခံ မရှိမဖြစ်လိုအပ်သော HIV/ AIDS ကာကွယ်ရေးနှင့် ကုသရေး ဝန်ဆောင်မှုလုပ်ငန်းများ (Essential packages for health services – HIV) ကို အမှန်တကယ် လိုအပ်နေသော နေရာ ဒေသ၊ အမှန်တကယ် လိုအပ်နေသူများအတွက် လက်လှမ်းမီ ရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့၏ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သော "အားလုံးညီညွတ်ပေါင်းစည်းလို့ တာဝန်ကိုယ်စီမျှယူစို့ (Global solidarity, shared responsibility)" နှင့်အညီ HIV ပိုးကူးစက်မှု ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်း များတွင် လူငယ်များ၊ လူထုကျန်းမာရေးလုပ်သားများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ HIV အရေးတက်ကြွလှုပ်ရှား သူများ အစရှိသည့် လူထုအားလုံးပါဝင်ပြီး ဆောင်ရွက်ကြပါ ရန် တိုက်တွန်းလိုပါကြောင်း။

 

ဝန်ကြီးဌာန၏ လုပ်ငန်းများအားလုံးကို အဆိုပါ ဆောင်ပုဒ်နှင့် အညီ အားလုံးညီညွတ်စွာဖြင့် တာဝန်ကိုယ်စီ မျှဝေဆောင်ရွက်ပါက အောင်မြင်မှုများ ပိုမိုရရှိလာမည်ဖြစ်ပါ ကြောင်း၊ HIV/ AIDS တိုက်ဖျက်ရေးစီမံချက်လုပ်ငန်းများကို အဓိကအားဖြင့် Global Fund အဖွဲ့မှ ဘဏ္ဍာငွေအားဖြင့် လည်းကောင်း၊ UNAIDS နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့မှ ကျွမ်းကျင်မှုပိုင်းဆိုင်ရာနှင့် အခြားကိစ္စရပ်များဖြင့် လည်းကောင်း ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစတင်၍ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၄ သန်းကို ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများအတွက် ဆေး၊ ဆေးပစ္စည်းနှင့် စက်ကိရိယာများ ဝယ်ယူဖြည့်တင်းရန် အတွက်လည်းကောင်း၊ အမေရိကန်ဒေါ်လာ တစ်သန်းကို မက်သာဒုန်းဆေး ဝယ်ယူဖြည့်တင်းရန်အတွက် လည်းကောင်း ဘဏ္ဍာငွေများ ချထားပေးလျက်ရှိပါကြောင်း။

 

အကျိုးရလဒ်အနေဖြင့် HIV ပိုး ကူးစက်ခံရသူပေါင်း ၂၄၀၀၀၀ ကျော်အနက် ၂၀၁၆ ခုနှစ်အစတွင် လူနာ ၁၀၆၀၀၀ ကျော်ကိုသာ အေအာတီဆေး (lifelong ART)ဆေးပေးကုသမှုပေးနိုင်ခဲ့ရာမှ ယခုနှစ် စက်တင်ဘာလတွင် ခန့်မှန်း HIV ကူးစက်ခံရသူအားလုံး၏ ၈၂ ရာခိုင်နှုန်းကျော် အထိ တိုးမြှင့်ကုသမှုပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ အမျိုးသား ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်အနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအကုန်အထိ မြို့နယ် ၂၇၃ ခုတွင် အေအာတီ (ART) ဆေးကုသရေးဌာန ၃၆၂ ခုထိ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ပြီး အေအာတီ ဆေးကုသမှုလုပ်ငန်းများ အား ပိုမိုလက်လှမ်းမီရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိခင်မှ ကလေးသို့ HIV ကူးစက်မှုမှ ကာကွယ်ခြင်းလုပ်ငန်း (PMCT) ကို ယခုနှစ်တွင် ၃၂၆ မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး ၉၉ ရာခိုင်နှုန်း အထိ လွှမ်းခြုံမှုရရှိနေပြီဖြစ်ပါကြောင်း။

 

တဖြည်းဖြည်းကျဆင်းလာ

 

၂၀၁၆ ခုနှစ်အစတွင် ကိုယ်ဝန်ဆောင် ၇၉၀၀၀၀ ကျော်ကို သွေးစစ်ဆေးပေးနိုင်ခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ကိုယ်ဝန်ဆောင် ၁၀ သိန်းကျော်ကို သွေးစစ်ဆေးပေးနိုင်ခဲ့ ပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များတွင် HIV ဖြစ်ပွားမှုနှုန်း သည်လည်း ၂၀၁၁ ခုနှစ်တွင် သုည ဒသမ ၈၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် သုည ဒသမ ၅၀ ရာခိုင်နှုန်းအထိ တဖြည်းဖြည်းကျဆင်းလာသည်ကို တွေ့ရှိရပါကြောင်း၊ စာရင်းဇယားများအရ မူးယစ်ဆေးထိုးသွင်းသူ ၂၄၀၀၀ ကျော်အား မက်သာဒုန်းတိုက်ကျွေးမှုဌာန (Methadone Maintenance Therapy (MMT) Center) ၈၀ ကျော်တွင် မက်သာဒုန်းဆေးတိုက်ကျွေးလျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပခဲ့ သော United Nations High-level Meeting on HIV and AIDS တွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် HIV ပိုးကူးစက်မှုကင်းဝေးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာနိုင်ရေး ထောက်ခံဆွေးနွေးခဲ့ပါကြောင်း၊ မိမိ တို့နိုင်ငံ၏ ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများသည် အောင်မြင်မှုများရရှိနေသော်လည်း ဝေးလံခက်ခဲသောနေရာဒေသများနှင့် ပဋိပက္ခဖြစ်ပွားရာနေရာဒေသများတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက် ရေးလုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲများရှိ နေပါကြောင်း။

 

HIV ပိုးကူးစက်ခံရသူအားလုံး အေအာတီဆေးဝါးရရှိ ရေးဆောင်ရွက်ရန်၊ HIV လူနာများအား စဉ်ဆက်မပြတ် ပြုစုကုသစောင့်ရှောက်မှုပေးရန်နှင့် HIV ပိုးရှိသူများအား ခွဲခြားနှိမ့်ချဆက်ဆံခြင်းများ လုံးဝပပျောက်ရေးဆောင်ရွက် ရန် စသည့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စိန်ခေါ်မှုများစွာရှိနေသေးပါကြောင်း၊ အဆိုပါ စိန်ခေါ်မှု အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်အတွက် ပြည်သူလူထု၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ အားလုံး လက်တွဲပူးပေါင်းဆောင်ရွက်သွားခြင်းဖြင့် ၂၀၃၀ ပြည့်နှစ် တွင် HIV ရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ် အဖြစ်မှ ကင်းဝေးကာ HIV ပိုးကူးစက်မှု ကင်းစင်သော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာမည်ဟု ယုံကြည်ပါ ကြောင်းပြောကြားသည်။

 

ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်၏ သဝဏ်လွှာအား UNAIDS ၏ Country Director ဖြစ်သူ Mr. Oussama Tawil ကဖတ်ကြားခဲ့ရာ တစ်ကမ္ဘာ လုံး၏ အာရုံစူးစိုက်မှုများသည် ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်းအပေါ် ရောက်ရှိနေစဉ် နှစ်ပေါင်း ၄၀ နီးပါး ကျွန်ုပ်တို့နှင့်အတူ ရှိနေဆဲဖြစ်သော HIV ပိုးကြောင့် ဖြစ်ပေါ် လာသော ခုခံအားကျဆင်းမှု ကူးစက်ရောဂါကိုလည်း မေ့လျော့မသွားရန် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက် ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) က သတိပေး နေပါကြောင်း၊ HIV ပိုးကူးစက်ခံရခြင်းမှတစ်ဆင့် ဖြစ်ပေါ် လာသော ခုခံအားကျဆင်းသည့် ရောဂါလက္ခဏာစုကို ကိုင်တွယ်ထိန်းချုပ်ရာတွင် သိသာထင်ရှားသည့် အောင်မြင် မှုများရှိနေသော်လည်း ကမ္ဘာပေါ်တွင် နှစ်စဉ် လူ ၁ ဒသမ ၇ သန်းခန့်သည် HIV ပိုး ဆက်လက်ကူးစက်ခံနေရပြီး ထိုရောဂါပိုးကြောင့် သေဆုံးသူဦးရေမှာ ၆၉၀၀၀၀ ခန့် ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာပေါ်၌ ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရာတွင် မညီမျှ ခြင်းများ တည်ရှိနေသည်ကို ပိုမိုသတိထားလာမိစေပြီး လူသားအားလုံး၏ လုံခြုံမှုသည် လူသားတစ်ဦးတစ်ယောက် ချင်းစီ၏ လုံခြုံမှုပေါ် မူတည်နေပါကြောင်း။

 

တာဝန်ဝတ္တရားများ ကိုယ်စီမျှယူ

 

အိပ်ချ်အိုင်ဗွီပိုးကြောင့်ဖြစ်ပေါ်လာသော ခုခံအား ကျဆင်းမှုကပ်ရောဂါကို တုံ့ပြန်သည့် နည်းဗျူဟာများကို ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးတွင်လည်း ပြန်လည် အသုံးချရန် လိုအပ်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၎င်းခုခံအားကျဆင်းမှုကပ်ရောဂါကို အဆုံးသတ်ရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကို အနိုင်ယူရန်အတွက် ရောဂါပိုး ကူးစက်ခံရသူများအား ခွဲခြားနှိမ့်ချဆက်ဆံခြင်းကို ဖယ်ရှား ရန်နှင့် ပြည်သူလူထု၊ လူ့အခွင့်အရေးနှင့် ကျား/မရေးရာ တန်းတူညီမျှရေးတို့ကို အခြေပြုသည့် ချဉ်းကပ်မှုများကို လိုက်နာကျင့်သုံးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကုန်ကျ စရိတ်သက်သာသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် အိပ်ချ်အိုင်ဗွီပိုးကို ဟန့်တားစေနိုင်သော ကုထုံးဖြစ်သည့် ပိုးထိန်းဆေးများအား ကမ္ဘာပေါ်ရှိ လူသားအားလုံး လက်လှမ်း မီရရှိရေးမှာ အဓိကဖြစ်ပါကြောင်း၊ ကပ်ရောဂါကို အဆုံးသတ် ရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကို အနိုင်ယူရန်အတွက် ကျွန်ုပ်တို့အားလုံး အတူတကွ ညီညွတ်ပေါင်းစည်းကာတာဝန်ဝတ္တရားများ ကိုယ်စီမျှယူကြရန် တိုက်တွန်းလိုက်ပါ ကြောင်း ပြောကြားသည်။

 

ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဌာနေ ကိုယ်စားလှယ် Dr. Stephan Paul Jost နှင့် အမေရိကန် သံရုံးယာယီတာဝန်ခံ Ms. Gwendolyn Cardno တို့က အထိမ်းအမှတ် အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်သူလူထု အခြေပြုအဖွဲ့အစည်း များ၏ကိုယ်စား ဦးစိုင်းအောင်ခမ်းက ကမ္ဘာ့ခုခံအားကျဆင်း မှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့၏ အရေးကြီးမှုနှင့် ပြည်သူလူထု အခြေပြုအဖွဲ့အစည်းများ၏ လိုလားမျှော်မှန်း ချက်များအား ပြောကြားသည်။

 

ထို့နောက် ခုခံကျ/ ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်၏ လုပ်ငန်းဆောင်ရွက်မှုနှင့် အောင်မြင်မှုများအား ညွှန်ကြားရေးမှူး ဒေါက်တာထွန်းညွန့်ဦးက ရှင်းလင်း တင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များသည် အခမ်းအနားအထိမ်းအမှတ် ပြခန်းငယ်များအား လှည့်လည်ကြည့်ရှုသည်။

သတင်းစဉ်