၂၀၂၀ လန်ချန်း- မဲခေါင် မီဒီယာပူးပေါင်းဆောင်ရွက်မှု အွန်လိုင်းထိပ်သီးအစည်းအဝေး ကျင်းပ


 

နေပြည်တော် နိုဝင်ဘာ ၂၄


၂၀၂၀ လန်ချန်း- မဲခေါင်မီဒီယာ ပူးပေါင်းဆောင်ရွက်မှု အွန်လိုင်း ထိပ်သီးအစည်းအဝေး (2020 Mekong - Lancang Cooperation Media Online Summit) ကို ယနေ့တွင် မဲခေါင်- လန်ချန်းဒေသ နိုင်ငံများဖြစ်သည့် တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့ ပူးပေါင်း၍ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်များ အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်တက်ရောက် ကြသည်။
အစည်းအဝေးတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီအတွင်းရေးမှူး အဖွဲ့ဝင်နှင့် ပြည်သူ့ရေးရာဌာန အကြီးအကဲ မစ္စတာ ဟွန်ကွင်းမင့်က အဖွင့် အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် အဓိက အားဖြင့် မဏ္ဍိုင်သုံးခုအပေါ် အခြေခံ ပါကြောင်း၊ ပထမမဏ္ဍိုင်သည် နိုင်ငံရေးနှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု၊ ဒုတိယမဏ္ဍိုင်သည် စီးပွားရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အတွက် ပူးပေါင်းဆောင်ရွက်မှု၊ တတိယမဏ္ဍိုင်သည် လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတို့ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ မီဒီယာကဏ္ဍက တတိယမဏ္ဍိုင်ထဲတွင် ပါဝင်ပါကြောင်း။
လန်ချန်း- မဲခေါင်ဒေသနိုင်ငံများ ၏ မီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများသည် အပြန်အလှန်ဆက်သွယ်မှု ကို မြှင့်တင်ပေးနိုင်ခဲ့ပြီး ဒေသ၏ အားသာချက်များအား ကမ္ဘာကို ဖော်ထုတ်ပြသ နိုင်ခဲ့ပါကြောင်း၊ လန်ချန်း- မဲခေါင်နိုင်ငံများအကြား ပြည်သူအချင်းချင်း ဆက်ဆံရေး အတွက် မီဒီယာက ပေါင်းကူးတံတား အဖြစ် ဖြည့်ဆည်းဆောင်ရွက်လျက် ရှိပါကြောင်း။
မြန်မာနိုင်ငံတွင် မီဒီယာမှ တစ်ဆင့် လန်ချန်း- မဲခေါင် ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းနှင့် ပတ်သက် သည့် သတင်းအချက်အလက်များကို အမြဲထုတ်လွှင့် ဖော်ပြပါကြောင်း၊ ထိုသို့ ဖော်ပြသည့်အတွက် ပြည်သူများ အနေဖြင့် ခေတ်မီနည်းစနစ်များကို သိနားလည်လာစေသကဲ့သို့ ဒေသတွင်း ကွန်ရက်များနှင့် ချိတ်ဆက်မိခြင်း ဆိုသည့် အကျိုးကျေးဇူးများကို ရရှိ စေပါကြောင်း။
ခင်းကျင်းပြသ
လန်ချန်း- မဲခေါင် ပူးပေါင်း ဆောင်ရွက်မှုသုံးနှစ်ပြည့် အထိမ်း အမှတ်အခမ်းအနားအဖြစ် ပန်းချီနှင့် ဓာတ်ပုံပြပွဲကိုလည်း ၂၀၁၉ ခုနှစ် မတ် ၂၆ ရက်က ကျင်းပခဲ့ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများမှ ပန်းချီအနုပညာ ရှင်များ စုပေါင်းရေးဆွဲထားသည့် ၂၁ ပေ ခုနစ် ပေ ရှိ ပန်းချီကားတစ်ချပ်၊ ဓာတ်ပုံပြပွဲတွင် လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံများကိုလည်း ဓာတ်ပုံပြခန်း ၁၃ ခု ဖြင့် ပြသခဲ့ပြီး မဲခေါင်မြစ်ဆိုင်ရာ အချက်အလက်များနှင့် ဓာတ်ပုံများ၊ အဖွဲ့ဝင်နိုင်ငံများ၏ အချက်အလက် များနှင့် ဓာတ်ပုံများ၊ ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်ငါးခုအလိုက် လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ပါကြောင်း။
ဒေသတွင်း မီဒီယာပူးပေါင်း ဆောင်ရွက်မှုများမှ ဒေသတွင်း လုပ်ငန်းစဉ်များကို အထောက်အကူ ဖြစ်စေရန် ထိုပူးပေါင်းဆောင်ရွက်မှုက လွန်စွာ အကျိုးဖြစ်ထွန်းမည်ဟု ယုံကြည်ပါကြောင်း။
မဲခေါင်ဒေသခွဲအတွင်းရှိ နိုင်ငံများ သည် မဲခေါင်မြစ်ကို မှီတည်၍ တစ်မြေ တည်းနေ၊ တစ်ရေတည်းသောက်သည့် မိသားစုဝင်နိုင်ငံများ ဖြစ်ပါကြောင်း၊ လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက် ရေးသည် ဒေသတွင်းအတွက် မရှိမဖြစ် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါကြောင်း၊ ထိုပူးပေါင်းဆောင်ရွက်မှုကို လန်ချန်း-မဲခေါင်ဆိုပြီး “မြစ်” အမည်ကို ယူထား ခြင်းဖြစ်သည့်အတွက်နောင်အနာဂတ် ကာလများစွာအထိ ထိုပူးပေါင်း ဆောင်ရွက်မှုများ စီးဆင်းပါစေ၊ ခိုင်မြဲ ပါစေ၊ ရှင်သန်ပါစေ၊ တိုးတက်ပါစေ၊ ယခုထက်မက အကျိုးပြုနိုင်ပါစေဟု ဆုတောင်း နှုတ်ခွန်းဆက်သပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင် အပါအဝင် တရုတ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ မီဒီယာဆိုင်ရာ တာဝန်ရှိသူများက အမှာစကား ပြောကြားကြသည်။
ယင်းနောက် “အရောင်အသွေး စုံလင်သော လန်ချန်း- မဲခေါင်-Colorful Lancang- Mekong” ခေါင်းစဉ်ဖြင့် ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိ သူများကို ဆုချီးမြှင့်သည်။
တက်ရောက်ဆွေးနွေး
ဆက်လက်၍ “ကိုဗစ်- ၁၉ တုံ့ပြန်ထိန်းချုပ်ရေးတွင် ဒေသတွင်း နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ “စီးပွားရေးလုပ်ငန်းများ ပြန်လည် ကုစားရာတွင် ဦးစားပေးဆောင်ရွက် သင့်သည့် လုပ်ငန်းစဉ်များ” ခေါင်းစဉ် ဖြင့်လည်းကောင်း ဆွေးနွေးပွဲများ ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် အပါအဝင် တရုတ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ မီဒီယာဆိုင်ရာ တာဝန်ရှိသူများလည်း ပါဝင်တက်ရောက် ဆွေးနွေးကြ ကြောင်း သိရသည်။
သတင်းစဉ်