၁၉၃၇ ခုနှစ်ဗဟိုစာရင်းရုံးမှသည် ယနေ့ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (၈၆) နှစ်မြောက် နှစ်ပတ်လည်အမှတ်တရမှတ်တိုင်များ

Type
5

 

ရည်ရည်မွန်

 

စတင်သန္ဓေတည်


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကို ၁၉၃၇ ခုနှစ် ဧပြီ ၁  ရက်မှ စတင်သန္ဓေတည်ခဲ့ပြီး ဗဟိုစာရင်းရုံးမှ စာရင်းစစ်ချုပ်ရုံး၊ စာရင်းစစ်ချုပ်ရုံးမှ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအဖြစ်    အောင်မြင်စွာရပ်တည်  ဖြတ်သန်းခဲ့ရာ ယခု ၂၀၂၃ ခုနှစ်    ဧပြီ ၁   ရက်တွင်  ၈၆ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ 

 


ရုံးဖွဲ့စည်းမှုအဆင့်ဆင့်နှင့်ဥပဒေ ပြဋ္ဌာန်းမှုများ


မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ဗြိတိသျှအစိုးရ လက်ထက်  ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ အက်ဥပဒေ ပုဒ်မ ၆၆ အရ  ၁၉၃၇ ခုနှစ် ဧပြီ ၁ ရက်မှစ၍ စာရင်း စစ်ချုပ်ကို စတင်ခန့်ထားခဲ့ပြီး ယင်း၏လက်အောက် တွင် စာရင်းစစ်ချုပ်ရုံး၊ ငွေစာရင်းမင်းကြီးရုံး၊ ငွေစာရင်း ဝန်ရုံး (ကာကွယ်ရေး)၊   စာတိုက်နှင့်   ကြေးနန်း ငွေစာရင်းဝန်ရုံးနှင့် ဒေသန္တရအဖွဲ့  ငွေစာရင်းစစ် ဝန်ရုံးတို့ကို စတင်ဖွဲ့စည်းထားခဲ့သည်။ ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၂၈ အရ မြန်မာနိုင်ငံစာရင်းစစ်ချုပ်ကို ခန့်ထားခဲ့ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် စာရင်း စစ်ချုပ်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ စာရင်းစစ်ချုပ် လက်အောက်တွင် ဗြိတိသျှအစိုးရလက်ထက်က ရုံးများအပြင် နိုင်ငံတော်စီးပွားရေးအဖွဲ့အစည်းများ ကို စစ်ဆေးရန် ၁၉၅၅ ခုနှစ် အောက်တိုဘာ ၄ ရက် မှာ ကူးသန်းရောင်းဝယ်ရေး စာရင်းစစ်ညွှန်ကြားရေး ဝန်ရုံးကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ၁၉၆၂ ခုနှစ် တော်လှန် ရေးကောင်စီအစိုးရလက်ထက်တွင်လည်း စာရင်း စစ်ဌာနဖွဲ့စည်းမှုကို ယခင်အတိုင်းထားရှိခဲ့သည်။ 

 


မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကာလ


၁၉၇၄ ခုနှစ်တွင်   ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၅ အရ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥပဒေကိုပြဋ္ဌာန်းပြီး ပြည်သူ့လုပ်ငန်းစစ်ဆေးရေး အဖွဲ့ကို ပြည်သူ့လွှတ်တော်က ရွေးချယ်တင်မြှောက် ဖွဲ့စည်းကာ ပြည်နယ်/တိုင်းနှင့်  မြို့နယ်များတွင် လည်း လုပ်ငန်းစစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်းခဲ့ သည်။ ၁၉၇၄ ခုနှစ် ဇန်နဝါရီလမှစ၍ စာရင်းစစ်ချုပ် လက်အောက်ရှိ  ရုံးများအားလုံး စုပေါင်းကာ ဗဟို စာရင်းရုံးအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ပြည်နယ်/တိုင်း နှင့်မြို့နယ်များတွင်လည်း စာရင်းရုံးများကိုအသစ် ဖွဲ့စည်းခဲ့သည်။ ယခင်က စာရင်းစစ်ချုပ်၏ တာဝန် ဖြစ်သည့် အစိုးရအသုံးစရိတ်များအတွက် စာရင်း ပြုစုရန် တာဝန်ကို သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး သို့ လွှဲပြောင်းပေးအပ်ပြီး ကာကွယ်ရေးငွေစာရင်း ဝန်ရုံးကို ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်သို့ ၁၉၇၂-၇၃ ဘဏ္ဍာနှစ်ကုန်တွင် လွှဲပြောင်းပေးအပ် ခဲ့သည်။  

 


၁၉၈၈ ခုနှစ်    စက်တင်ဘာ    ၂၇   ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ အမိန့်အမှတ်၊ ၇/၈၈ ဖြင့် စာရင်းစစ်ချုပ်နှင့် ဒုတိယ စာရင်းစစ်ချုပ်တို့ကို ခန့်အပ်ခဲ့ပြီး  စက်တင်ဘာ ၂၈ ရက်  နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ ဥပဒေ အမှတ် ၅/၈၈ ဖြင့် စာရင်းစစ်ချုပ်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ 

 


၂၀၀၈ ခုနှစ်ကာလနောက်ပိုင်း


၂၀၁၀ ပြည့်နှစ်တွင် ၂၀၀၈ ခုနှစ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ နှင့်အညီ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်း ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ် နှင့် ၂၀၁၈ ခုနှစ်တို့တွင် ပြင်ဆင်/ ဖြည့်စွက်မှုများ ပြုလုပ်ခဲ့သည်။ 

 


ခေတ်အဆက်ဆက် စာရင်းစစ်ချုပ်များ


ခေတ်အဆက်ဆက် ဦးဆောင်ဦးရွက်ပြု တာဝန် ထမ်းဆောင်ခဲ့ကြသည့် စာရင်းစစ်ချုပ်များမှာ ၁၉၄၈ မှ ၁၉၆၈ အထိ ဦးစံလွင်၊ ၁၉၆၈ မှ ၁၉၈၆ အထိ စည်သူ ဦးစန်းမောင်၊ ၁၉၈၆ မှ ၁၉၈၈ အထိ   သီရိပျံချီ ဦးအုံးတင်၊ ၁၉၈၈ မှ ၁၉၉၄ အထိ ဦးခင်ဇော်၊ ၁၉၉၄ မှ ၁၉၉၈ အထိ ဦးအောင်ခင်တင့်၊ ၁၉၉၈ မှ ၂၀၀၃ အထိ ဗိုလ်မှူးချုပ်တင်အေး၊ ၂၀၀၃ မှ ၂၀၁၂ ဩဂုတ် အထိ သီရိပျံချီ   ဦးလွန်းမောင်၊ ၂၀၁၂ စက်တင်ဘာမှ ၂၀၁၅ မေအထိ သရေစည်သူ ဦးသိန်းထိုက်၊ ၂၀၁၆ ဇန်နဝါရီမှ မတ်အထိ  သီရိပျံချီ   ဦးမျိုးမြင့်၊ ၂၀၁၆ ဧပြီမှ ၂၀၂၁ ဇန်နဝါရီအထိ သီရိပျံချီ ဦးမော်သန်း၊ ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ ဩဂုတ်အထိ သီရီပျံချီ ဒေါက်တာကံဇော်တို့ ဖြစ်ကြသည်။  ယခုအချိန်တွင် သီရိပျံချီ၊   သီဟသုဓမ္မမဏိဇောတဓရ   ဦးတင်ဦး က ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ်   တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

 


ဥပဒေနှင့်အညီ လုပ်ငန်းများဆောင်ရွက်


သတ်မှတ်ပြဋ္ဌာန်းခဲ့သည့်    ဥပဒေများအရ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အဓိက တာဝန်မှာ နိုင်ငံတော်၏ အရအသုံးခန့်မှန်းခြေစာရင်းများကိုသာ စစ်ဆေးရန်ဖြစ်ပါသည်။  ၂၀၁၈ ခုနှစ် ပြင်ဆင် ခဲ့သည့် ဥပဒေအရ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ ဝန်ထမ်းဖွဲ့စည်းပုံ၊   စာရင်းထားသိုပုံ၊   စီမံကိန်း နှင့်  လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု၊ ပစ္စည်းပိုင်း၊ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများ၊ ကြွေးမြီ၊ အပ်ငွေ၊ ယာယီစာရင်းများ၊ အခြားငွေရေးကြေးရေးစာရင်းများ၊   စာချုပ်များ၊ ဖက်စပ်လုပ်ငန်းများ၊   ချေးယူငွေများ၊   ထုတ်ချေး ငွေများ၊ ရရန်ရှိနှင့်ပေးရန်ရှိ ငွေနှင့်ပစ္စည်းတို့ကိုပါ စစ်ဆေးရန် တာဝန်ရှိလာပါသည်။   လက်ရှိတွင် ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ လိုက်နာဆောင်ရွက် မှုစစ်ဆေးခြင်းနှင့် လုပ်ငန်း ဆောင်ရွက်မှုစစ်ဆေး ခြင်းတို့ကို ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်လျက် ရှိပြီး သက်ဆိုင်ရာသို့ အစီရင်ခံတင်ပြလျက်ရှိသည်။ 

 


ထိုသို့ စစ်ဆေး၍ အစီရင်ခံစာများထုတ်ပြန်ခြင်း အပေါ် လိုက်နာဆောင်ရွက်ခြင်းဖြင့် ပြည်သူ့ဘဏ္ဍာ ငွေများတိုးတက်ရရှိစေရေးနှင့် လေလွင့်ပြုန်းတီးမှု လျော့နည်းစေပြီး ထိရောက် အကျိုးရှိစွာသုံးစွဲရေး၊ ပြည်သူ့အကျိုးအတွက် စွမ်းဆောင်ရည်ပြည့်ဝစွာဆောင်ရွက်နိုင်စေရေး၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း လိုက်နာစေရေးတို့တွင် အထောက်အကူဖြစ်စေမည် ဖြစ်သည်။

 


ခေတ်စနစ်နှင့်အညီ


စစ်ဆေးရေးစံ၊ စစ်ဆေးရေး   နည်းလမ်းများ လိုက်နာကျင့်သုံးမှုအနေဖြင့် ယခင်က အများလက်ခံ ကျင့်သုံးသည့် စစ်ဆေးရေးစံ (Generally Accepted Auditing Standards-GAASs)ကို ကျင့်သုံးခဲ့သော် လည်း ပြောင်းလဲလာသောခေတ်စနစ်နှင့် လိုက်လျော ညီထွေဖြစ်စေရန်နှင့် နိုင်ငံတကာစာရင်းစစ်စံများကိုအခြေခံသည့်   ခေတ်စနစ်နှင့်   ကိုက်ညီသော စစ်ဆေးရေးပညာရပ်များ၊ စစ်ဆေးရေးနည်းလမ်း၊ ချဉ်းကပ်မှုပုံစံနှင့် အစီရင်ခံမှုပုံစံများဖြင့် အသုံးပြု ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင်  အရည်အသွေးတာဝန်ခံသော    စစ်ဆေးရေး လုပ်ငန်းစဉ်များဖြစ်စေရေးနှင့်   ထုတ်ပြန်ခဲ့သော အစီရင်ခံစာများသည် အရည် အသွေးပြည့်ဝကောင်းမွန် သောအစီရင်ခံစာများ (Quality Audit Reports) ဖြစ်ကြောင်း ခိုင်လုံသေချာစေရေးအတွက် စစ်ဆေး ရေးလုပ်ငန်း၏ အရည်အသွေးပြည့်ဝမှန်ကန်မှု စိစစ် သုံးသပ်ခြင်း (Quality Assurance Review)ကို လည်း ဆောင်ရွက်လျက်ရှိသည်။

 


အချိန်နှင့်တစ်ပြေးညီ စစ်ဆေးခြင်း


ဌာန၊ အဖွဲ့အစည်းများ၏ ကွန်ပျူတာစနစ်ဖြင့် ပြုစု ထိန်းသိမ်းထားသော အချက်အလက်များအား  IT Audit စစ်ဆေးခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် Pilot အနေဖြင့် စတင်ခဲ့ပြီး လက်ရှိတွင် ပုံမှန် စစ်ဆေးခြင်းများဖြင့် ကျယ်ပြန့်စွာဆောင်ရွက်လျက် ရှိသည်။ 

 


အလားတူ     နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ‌ နှစ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၏ လုပ်ငန်းအစီအစဉ် ပြင်ဆင်ရေးဆွဲခြင်းအဆင့်မှ   လုပ်ငန်းပြီးစီးအပ်နှံ ခြင်းအဆင့်ထိ အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်မှုများကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေး ခြင်း (Real Time Audit) ကို စတင်ခဲ့ပြီး စစ်ဆေးရေး စီမံချက်နှင့်အညီ   သုံးလပတ်အလိုက်   စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ခြင်း ဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ   သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး၊   နှောင့်နှေးကြန့်ကြာမှုများ လျော့နည်းစေရေး၊     ခွင့်ပြုရန်ပုံငွေများအား စွမ်းဆောင်ရည်ပြည့်ဝစွာနှင့် ထိရောက်အကျိုးရှိစွာ စီမံခန့်ခွဲသုံးစွဲစေရေးတို့အတွက် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။

 


စစ်ဆေးရေးလုပ်ငန်းများအပြင်  ဌာန၊   အဖွဲ့ အစည်းများအနေဖြင့် နိုင်ငံပိုင်  မြေ၊ အဆောက်အုံ၊ သံယံဇာတများကို ပုဂ္ဂလိကလုပ်ငန်းရှင် ကုမ္ပဏီများ နှင့် ပြည်သူ့အကျိုးစီးပွား ဦးတည်ချက်ဖြင့် စာချုပ် ချုပ်ဆို ဆောင်ရွက်မှု၊ စာရင်းမှပယ်ဖျက်မှု၊ ငွေကြေး ဆိုင်ရာစီမံခန့်ခွဲမှု၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း များနှင့်စပ်လျဉ်း၍ သဘောထားတောင်းခံလာမှုများ အပေါ် သက်ဆိုင်ရာအထောက်အထားများဖြင့် စိစစ် သုံးသပ်ခြင်း၊ အကြံပြုခြင်းများကို ဆောင်ရွက်ပေး လျက်ရှိသည်။   အစိုးရဌာန၊  အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ စာရင်းနှင့် ဘဏ္ဍာရေး ဆိုင်ရာကိစ္စရပ်များတွင် ဥပဒေစည်းမျဉ်းများ၊ စာရင်းစံ များနှင့်အညီ   စနစ်တကျ   ဖြစ်စေရေးအတွက် အထောက်အကူပြုနိုင်မှုပင် ဖြစ်သည်။

 


လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်   


ဝန်ထမ်းတစ်ဦးချင်းစီ၏      အရည်အသွေး၊ အရည်အချင်းများ အစဉ်တိုးတက်နေစေရန် ရာထူး အဆင့်အလိုက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းများ၊ IT Audit နှင့် အခြားစစ်ဆေး ရေးအထောက်အကူပြုသင်တန်းများ၊ ကွန်ပျူတာ နှင့် ဆက်စပ်သင်တန်းများ၊ အင်္ဂလိပ်စာသင်တန်း များကို ဖွင့်လှစ်ပို့ချသင်ကြားပေးလျက်ရှိသည်။ 

 


ရုံးချုပ်နှင့်   တိုင်းဒေသကြီး/ပြည်နယ်၊   ဒေသ စာရင်းစစ်ရုံးများအကြား   သက်ဆိုင်ရာနယ်ပယ် အလိုက်  အတွေ့အကြုံ၊ ဗဟုသုတများမျှဝေပေးသည့် အသိပညာမျှဝေရေးအစီအစဉ်များကို   စဉ်ဆက် မပြတ်ကျင်းပခြင်း၊   အခြားဝန်ကြီးဌာနများတွင် ဖွင့်လှစ်သည့်သင်တန်းများ၊ ဒေသတွင်းနိုင်ငံများမှ ကြီးမှူးကျင်းပသည့်    အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများတွင်      တက်ရောက်စေခြင်း၊   ပြည်ပ နိုင်ငံများရှိ    တက္ကသိုလ်များတွင်     ပညာလေ့လာ ဆည်းပူးစေခြင်းတို့ကို    ဆောင်ရွက်ပေးလျက် ရှိသည်။ 

 


ရုံးချုပ်တွင်သာမက   ဒေသရုံးဝန်ထမ်းများ၏  စစ်ဆေးရေးအရည်အသွေးနှင့် ရုံးလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုအရည်အသွေးများ   တိုးတက်စေရေး အတွက် တိုင်းဒေသကြီး / ပြည်နယ်များတွင်လည်း IT ဆိုင်ရာသင်တန်းများ၊ အခြေခံအင်္ဂလိပ်စာသင်တန်း များကို  ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး အရာထမ်း အဆင့် ဒေသဆိုင်ရာသင်တန်းများကိုလည်း တိုးချဲ့ ဖွင့်လှစ်လျက်ရှိသည်။  ဝန်ထမ်းများ၏အသိပညာ၊ ဗဟုသုတတိုးပွားပြီး    လုပ်ငန်းကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်မြင့်မားရေးအတွက်  အလေးထားအားပေးမြှင့်တင်ပေးခြင်းပင် ဖြစ်သည်။ 

 


ထို့ပြင်    အစိုးရဌာန၊      အဖွဲ့အစည်းများ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲ ရာတွင် အထောက်အကူဖြစ်စေရန် ဤရုံးနှင့် အခြား ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏    ဝန်ထမ်းများ အတွက် နိုင်ငံတကာပြည်သူပိုင်ကဏ္ဍစာရင်းကိုင်စံ IPSAS Part-I သင်တန်းကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။ စာရင်းပညာပြန့်ပွားစေရေး၊ စာရင်း ပညာရှင်၊ စာရင်းကျွမ်းကျင်သူများတိုးပွားစေရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်သည်။

 


အဆင့်မြင့်စာရင်းကိုင်နှင့် 
စာရင်းစစ် သင်တန်းကျောင်း


စာရင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၁၉၄၈ ခုနှစ် နိုင်ငံတော်စာရင်းစစ်ချုပ်၏      ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့၌    စတင်ဖွင့်လှစ်ခဲ့ပြီး   ၂၀၀၉   ခုနှစ် တွင် နေပြည်တော်သို့  ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ သင်တန်းကျောင်း ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် တွင် နိုင်ငံတကာစံများနှင့်အညီ  ၈-၁၂-၂၀၂၂ ရက် တွင် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း ကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။ သင်တန်း အမျိုးအစားနှင့် အရေအတွက်များ တိုးချဲ့ဖွင့်လှစ် ခြင်း၊ နည်းပညာအသုံးပြု   သင်ကြားရေးစနစ်ကို အသုံးပြုသင်ကြားခြင်းများ  ဆောင်ရွက်လျက်ရှိ  သည်။ ယခုအခါ နိုင်ငံတကာစာရင်းပညာ သင်ကြားမှု သင်ရိုးညွှန်းတမ်း၊      သင်ကြားမှုနည်းစနစ်များ နှင့်အညီ    ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် “နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန” ကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုးချဲ့ဖွဲ့စည်းပေးခဲ့သည်။

 


စာရင်းပညာပြန့်ပွားရေးဆောင်ရွက်ပေး


ပြည်ထောင်စုစာရင်းစစ်ချုပ်သည် မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိပြီး  မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာ နိုင်ငံလက်မှတ်ရ   ပြည်သူ့စာရင်းကိုင်များအသင်း တို့ကို ကြီးကြပ်ခြင်း၊ လိုအပ်သည့်လမ်းညွှန်မှုပေး ခြင်းများကို  မြန်မာနိုင်ငံ စာရင်းကောင်စီဥပဒေနှင့် အညီ ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံစာရင်း ကောင်စီသည်   နိုင်ငံပိုင်နှင့်   ပုဂ္ဂလိကပိုင်ကဏ္ဍ စာရင်းပညာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများအပြင် စာရင်းလုပ်ငန်းလုပ်ကိုင်သူများ၏ ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာများအပေါ် လိုက်နာဆောင်ရွက်မှုအားကောင်းစေရေးအတွက်လည်း ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊     ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ ဆက်စပ်ဌာန၊ အဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲများ၊ ကွင်းဆင်းစစ်ဆေးမှုများ၊ စစ်တမ်းကောက်ခံမှုများ ကိုလည်း ဆောင်ရွက်လျက်ရှိသည်။

 


ထို့ပြင်  ၂၀၂၂  ခုနှစ်တွင်    မြန်မာနိုင်ငံစာရင်း ကောင်စီ၏ နှစ်(၅၀)ပြည့်ရွှေရတု အထိမ်းအမှတ် အခမ်းအနားကို ဂုဏ်ပြုတေးသီချင်း သီကုံးစပ်ဆို ခြင်း၊ အကြိုစာတမ်းဖတ်ပွဲများ ကျင်းပခြင်း၊ ပညာ ရပ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ လှုပ်ရှားမှု   ဓာတ်ပုံမှတ်တမ်းပြပွဲနှင့်   ဆုပေးပွဲ အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့သည်။ အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍရှိစာရင်းပညာရှင် များ  ပူးပေါင်းဆောင်ရွက်နိုင်မှု    သမိုင်းမှတ်တိုင် ဖြစ်သည်။

 


အဂတိတားဆီးကာကွယ်


အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအနေ ဖြင့် ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်   စာရင်း စစ်ချုပ်ရုံးများတွင်    အဂတိလိုက်စားမှု    တားဆီး ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းခဲ့ပြီး ဤရုံးက ချမှတ် ရေးဆွဲထားသည့်  လုပ်ငန်းလမ်းညွှန်၊   လုပ်ထုံး လုပ်နည်းများနှင့်အညီ   ဆောင်ရွက်လျက်ရှိသည်။ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ အကြား အစည်းအဝေးများ ကျင်းပခြင်း၊ ဝန်ထမ်း များသို့ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဌာန တွင်းဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ပြည်သူ့ဘဏ္ဍာရေးစီမံ ခန့်ခွဲမှု  ပိုမိုကောင်းမွန်စေရန်နှင့်   စစ်ဆေးရေး လုပ်ငန်းများကို ဘက်လိုက်မှုမရှိဘဲ အဂတိကင်းရှင်း စေရန်အတွက် ဖြစ်သည်။

 


နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများအဖွဲ့နှင့်
ပူးပေါင်းဆောင်ရွက်


ပြည်ထောင်စု         စာရင်းစစ်ချုပ်ရုံးသည် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ် ရုံးများအဖွဲ့(ASEAN Supreme Audit Institutions: ASEANSAI)၊ အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့(Asian Organization of Supreme Audit Institutions: ASOSAI) ၊ နိုင်ငံတကာစာရင်းစစ်ချုပ် ရုံးများအဖွဲ့(International Organization of Supreme Audit Institutions : INTOSAI) တို့မှ ကြီးမှူးကျင်းပသည့်    အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ၊ ဗဟုသုတမျှဝေမှုအစီအစဉ်များတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ 
ထို့ပြင်     ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစ၍ ၂၀၂၁-၂၀၂၃ ခုနှစ် အတွက် ASEANSAI  အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လျက်ရှိသည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာ လတွင် အာဆီယံစာရင်းစစ်ချုပ်ရုံးများအဖွဲ့ အသိ ပညာမျှဝေရေးအစီအစဉ်အရ     ဆေးဝါးဝယ်ယူ ဖြန့်ဖြူးမှုလုပ်ငန်းစဉ်စစ်ဆေးခြင်းနှင့်  စပ်လျဉ်း သည့် အလုပ်ရုံဆွေးနွေးပွဲကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် မတ် ၃၀ ရက်တွင် အာဆီယံစာရင်းစစ်ချုပ်ရုံး    များအဖွဲ့၏ (၅) ကြိမ်မြောက်  အလုပ်အမှုဆောင် ကော်မတီ  အစည်းအဝေးကိုလည်းကောင်း  ASE-ANSAI  စည်းမျဉ်း၊  လုပ်ထုံးလုပ်နည်းများနှင့်အညီ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည်။ ယခုနှစ် နိုဝင်ဘာလတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ကို ဒုတိယဥက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ  စာရင်း စစ်ချုပ်သို့ လွှဲပြောင်းနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်သည်။

 


နာမည်ဂုဏ်သတင်း ဆက်လက်ထိန်းသိမ်း


ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ပေးရေး၊   ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု    တိုးတက် ကောင်းမွန်စေရေး၊  ပြည်သူ့ဘဏ္ဍာငွေကြေးထိန်းကျောင်းတည့်မတ်ပေးရေးအတွက် အဓိကတာဝန် ရှိသည်နှင့်အညီ ထိရောက်စွာစစ်ဆေးဖော်ထုတ်၍ ပြည်သူသို့အစီရင်ခံခြင်းဖြင့်   ရှင်းလင်းတင်ပြရန် မျှော်မှန်းချက်ကို  ရေရှည်ရပ်တည်ဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ချမှတ်ထားသည့် မဟာဗျူဟာလုပ်ငန်း စီမံချက်(၂၀၂၃-၂၀၂၇) နှင့် အညီ စစ်ဆေးရေးလုပ်ငန်းတာဝန်များကို ကျေပွန် စွာထမ်းဆောင်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ နာမည်ဂုဏ်သတင်းနှင့်ပုံရိပ်တို့ကို ရုံးချုပ်နှင့်ဒေသစာရင်းစစ်ရုံးများရှိ  ဝန်ထမ်းများ  ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခြင်းဖြင့် ဆက်လက်ထိန်းသိမ်းကြရပါ မည်။  နိုင်ငံတော်ဘဏ္ဍာငွေများ    နစ်နာဆုံးရှုံးမှု မရှိစေရန်နှင့် ပြည်သူ့အကျိုးစီးပွားဦးထိပ်ထား၍ စာရင်းစစ်လုပ်ငန်းတာဝန်များကို ကျင့်ဝတ်များ နှင့်အညီ (၈၆) နှစ်မြောက်မှသည်  အစဉ်တစိုက် ဆက်လက်ထမ်းဆောင် ရပ်တည်နိုင်ပါစေကြောင်း တိုက်တွန်းနှိုးဆော်ဂုဏ်ပြုအပ်ပါသည်။      ။