
နေပြည်တော် မတ် ၁၇
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉) ကြိမ် မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (ACDFM-19) ကို ယနေ့နံနက်ပိုင်းတွင် ဖနောင်ပင်မြို့ရှိ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြပြီး ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Vong Pisen နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဘရူနိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် Major General Dato Seri Pahlaw Haji Muhammad Haszaimi Bin Bol Hassan နှင့် ကိုယ်စားလှယ်အဖွဲ့၊ အင်ဒိုနီးရှားအမျိုးသား တပ်မတော်စစ်ဦးစီးအရာရှိချုပ် Lieutenant General Eko Margiyono နှင့် ကိုယ်စားလှယ်အဖွဲ့၊ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန စစ်ဦးစီးဌာန ယာယီအကြီးအကဲ Major General Khamlieng OUTHAKAISONE နှင့် ကိုယ်စားလှယ်အဖွဲ့၊ မလေးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato’ Sri Hj Affendi bin Buang RMAF နှင့် ကိုယ်စားလှယ်အဖွဲ့၊ ဖိလစ်ပိုင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Lieutenant General Andres Castor Centino နှင့် ကိုယ်စားလှယ်အဖွဲ့၊ စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lieutenant General Melvyn Ong နှင့် ကိုယ်စားလှယ်အဖွဲ့၊ ထိုင်း ဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi နှင့် ကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်ပြည်သူ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Senior Lieutenant General Nguyen Tan Cuong နှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး (ACDFM-19) ဥက္ကဋ္ဌ ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တက်ရောက်လာကြသည့် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အဖွင့်မိန့်ခွန်းပြောကြားသည်။
အစီရင်ခံစာများကို ဖတ်ကြားတင်ပြ
ယင်းနောက် (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော် ထောက်လှမ်း ရေးမှူးချုပ်များအစည်းအဝေး (AMIM-19) ဥက္ကဋ္ဌ ကမ္ဘောဒီးယားဘုရင့် တပ်မတော်၊ သုတေသနနှင့် ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Lieutenant General HUN MANITH နှင့် (၁၂) ကြိမ်မြောက် အာဆီယံ တပ်မတော် စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး (AMON-12) ဥက္ကဋ္ဌ ကမ္ဘောဒီးယားဘုရင့်တပ်မတော်မှ စစ်ဦးစီးရုံးအဖွဲ့အရာရှိချုပ် Major General PEN SOKRETHVITHYEA တို့က အစည်းအဝေး ကျင်းပခဲ့မှု အစီရင်ခံစာများကို ဖတ်ကြားတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသည့် အာဆီယံနိုင်ငံတပ်မတော် များမှ ကာကွယ်ရေးဦးစီးချုပ်များ၊ တာဝန်ရှိသူများက “ဟန်ချက်ညီ လုံခြုံရေးအတွက် စည်းလုံးညီညွတ်မှု (Solidarity for Harmonised Security)” ခေါင်းစဉ်ဖြင့် နိုင်ငံအက္ခရာစဉ်အလိုက် အသီးသီးဆွေးနွေး ကြသည်။
မြန်မာ့တပ်မတော်မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဆွေးနွေးပြောကြားရာတွင် အာဆီယံ အဖွဲ့ကြီးသည် စတင်ဖွဲ့စည်းတည်ထောင်ချိန်မှစ၍ အခြေခံစည်းမျဉ်း များဖြင့် စည်းလုံးညီညွတ်စွာ ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုဖြစ်ပြီး “အာဆီယံ” ဟူသည့် ခေါင်းစဉ်အောက်တွင် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး အစရှိသည့် မဏ္ဍိုင် သုံးရပ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရန်အတွက် လုံခြုံရေးကဏ္ဍသည် အရေးပါသည့် အခြေအနေ၊ လက်ရှိ ကာလတွင် ကမ္ဘာတစ်ဝန်းသမားရိုးကျ စိန်ခေါ်မှုများသာမက သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင် နေရသည့်အတွက် အာဆီယံတပ်မတော်များအနေဖြင့် ယခင်ကထက် ပိုမိုစည်းလုံးညီညွတ်စွာဖြင့် လုံခြုံရေးကဏ္ဍတွင် ပိုမိုပူးပေါင်း ဆောင် ရွက်သွားရမည်ဖြစ်သည့် အခြေအနေ၊ ယခုနှစ်ခေါင်းစဉ်ဖြစ်သည့် “ဟန်ချက်ညီလုံခြုံရေးအတွက် စည်းလုံးညီညွတ်မှု (Solidarity for Harmonised Security)” ဟူသည့် ဆောင်ပုဒ်မှာ လက်ရှိကြုံတွေ့ ရင်ဆိုင်နေရမှုနှင့် လွန်စွာကိုက်ညီမှုရှိသည့် အခြေအနေ၊ အာဆီယံနိုင်ငံ များအနေဖြင့် ကြုံတွေ့နေရသည့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ နှင့် ဘက်စုံစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် အာဆီယံ တပ်မတော်များအနေဖြင့် အပြန်အလှန်နားလည် ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုများကို ပိုမိုမြဲမြံအောင်တည်ဆောက်ရန် အပြည့် အဝ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေ၊ ထို့အပြင် ကမ္ဘာ့အင်အားကြီး နိုင်ငံများအနေဖြင့်လည်း ၎င်းတို့၏ ဩဇာလွှမ်းမိုးမှု ရှိစေရန်အတွက် “အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး” ဟူသည့် အာဆီယံ၏ အခြေခံစည်းမျဉ်းကိုကျော်လွန်၍ အဖွဲ့ဝင်နိုင်ငံများအကြား ပြည်တွင်းရေးများတွင် ပါဝင်စွက်ဖက်ရန် သွယ်ဝိုက်၊ သို့မဟုတ် တိုက်ရိုက်နည်းလမ်းများဖြင့် ဖိအားပေးတိုက်တွန်း လျက်ရှိသည်ကို တွေ့ရှိနိုင်သည့် အခြေအနေ။
အာဆီယံဒေသတွင်း နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရမည်
အာဆီယံအဖွဲ့ကြီးသည် စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းရေးနှင့် စုပေါင်းတာဝန်ယူမှုများရှိနေသည့် အသိုက်အဝန်းဖြစ်သည့်အားလျော်စွာ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရဆဲ၊ ကြုံတွေ့ရလာနိုင်သည့် စိန်ခေါ်မှု များကို အာဆီယံဒေသတွင်း နိုင်ငံအချင်းချင်း ဟန်ချက်ညီညီ စည်းလုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ထိုသို့ပူးပေါင်း ဆောင်ရွက်ရာတွင်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အခြား အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နိုင်ငံ အချင်းချင်း တန်းတူရည်တူရှိမှုကို အပြန်အလှန် လေးစားတန်ဖိုးထားရန် လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေး ပြောကြားပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကြောင့် နိုင်ငံတော်ကို နိုင်ငံရေး အရ အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ရပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီကို စစ်ဘက်၊ အရပ်ဘက်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခဲ့ကာ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့ကို ချမှတ်၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အခြေအနေ။
တည်ဆဲအစိုးရကို ဆန့်ကျင်နေသော အကြမ်းဖက်အဖွဲ့အစည်း များဖြစ်သည့် NUG ၊ CRPH နှင့် PDF အဖွဲ့များသည် ပြည်တွင်း၊ ပြည်ပ အကြမ်းဖက်သမားများနှင့်ချိတ်ဆက်၍ မြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်း ရေးလမ်းကြောင်းကိုသာ ဦးတည် ဆောင်ရွက်နေကြသည့် အခြေအနေ၊ “စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ဖော်ဆောင် ရေး” နှင့် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး”ဟူသည့် မြန်မာနိုင်ငံ၏ အဓိကရည်မှန်းချက်များကို ဖော်ဆောင်ရန်အတွက် မြန်မာနိုင်ငံတွင် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ကို သတ်မှတ်ကာလ တွင် အမြန်ဆုံး အောင်မြင်စွာ ပြန်လည်ကျင်းပနိုင်ရန် လွန်စွာအရေးကြီး သည့် အခြေအနေ၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ် များသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည် ကျင်းပနိုင်ရန် မလွဲမသွေလိုအပ်သည့် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်း မှုနှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုတို့ကို ထိခိုက်စေလျက် ရှိသည့်အတွက် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို သတ်မှတ်ကာလ အတွင်း ကျင်းပနိုင်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိစေရေး၊ ငြိမ်းချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက် လျက်ရှိသည့် အခြေအနေ။
သမိုင်းအစဉ်အလာကြီးမားခဲ့သည့် အာဆီယံအဖွဲ့ကြီး၏ စည်းလုံး ညီညွတ်မှုကို မိမိတို့အနေဖြင့် လက်ဆင့်ကမ်းခံယူကာ အနာဂတ်ကာလ များတွင်လည်း အာဆီယံဒေသ၏ ဟန်ချက်ညီလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်သော အာဆီယံ အသိုက်အဝန်းကြီးအား ဖော်ဆောင်ရန် တိုက်တွန်းအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး အာဆီယံတပ်မတော်များ၏ နှစ်နှစ်တာ လုပ်ငန်း စီမံချက် (၂၀၂၂ -၂၀၂၄) Two Year Activity Working Plan(2022- 2024) ကို အတည်ပြုခြင်း၊ ACDFM -19 ၏ ပူးတွဲကြေညာချက် Joint Statement ကို အပြီးသတ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြပြီး Joint Statement ကို အတည်ပြု လက်မှတ်ရေးထိုးကြသည်။
အလံလွှဲပြောင်းပေးအပ်
ယင်းနောက် 19 th ASEAN Chiefs of Defence Forces Meeting (ACDFM-19) ဥက္ကဋ္ဌ ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အပိတ်မိန့်ခွန်း ပြောကြားကာ အကြိမ် (၂၀) မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (ACDFM-20) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည့် အင်ဒိုနီးရှားတပ်မတော် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ထံသို့ ဥက္ကဋ္ဌ တာဝန်များနှင့် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်း အဝေး (ACDFM) အလံအား လွှဲပြောင်းပေးအပ်သည်။
ထို့နောက် အကြိမ် (၂၀) မြောက် အာဆီယံတပ်မတော်ကာကွယ် ရေးဦးစီးချုပ်များ အစည်းအဝေး (ACDFM-20) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် အင်ဒိုနီးရှား တပ်မတော်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က လက်ခံရရှိမှု နှုတ်ခွန်းဆက်စကားပြောကြားကာ အစည်းဝေးကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်