၁၄-၁-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။ 

 

(ယမန်နေ့မှအဆက်)


Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက မိမိမေးမြန်းလိုသည့် မေးခွန်းများကို အတိုချုံး၍ တစ်ဆက်တည်း မေးမြန်းသွားမည်ဖြစ်ကြောင်း၊ ပထမဦးဆုံးမေးခွန်း အနေဖြင့် ဝန်ကြီးတို့အနေဖြင့် မန္တလေးမှ လိင်တူချစ်သူ လောင်းကစား သမား  ဇာနည်ကိုကို ကို ဖမ်းဆီးရမိခြင်းနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ခဲ့ပါကြောင်း၊ မိမိတို့လေ့လာသိရှိရသလောက် ဇာနည်ကိုကို သည် ယခင် မဲသူခိုးအစိုးရ၏  အခါတော်ပေးဟူ၍ပင်  သတင်းများ ကြားသိရပါကြောင်း၊ ထို့ကြောင့် ဇာနည်ကိုကိုနှင့် မဲသူခိုးအစိုးရ၏ ဆက်စပ်မှု မည်သည့်အတိုင်းအတာအထိ  ရှိသည်ကို  ဖြေကြား၍ ရသလောက်  ဖြေကြားပေးစေလိုကြောင်း၊   နောက်မေးခွန်းတစ်ခု အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပထမသတင်းစာရှင်းလင်းပွဲ နှင့် ယခု သတင်းစာရှင်းလင်းပွဲနှစ်ခု အကြားကာလတွင် NLD၊ PDF များအနေဖြင့် ဆိုးဆိုးရွားရွား၊ ရက်ရက်စက်စက်၊ ယုတ်ယုတ်မာမာ ဆောင်ရွက်လာသည်ကို  တွေ့ရပါကြောင်း၊  အဆိုပါအခြေအနေကို နှိမ်နင်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍  ဖြေကြား၍  ရသလောက် ဖြေကြားပေးစေလိုကြောင်း၊    အကြမ်းဖက်မှုများကြောင့်   ဘေး အန္တရာယ် ကျရောက်နေသည့် ပြည်သူများကို ကူညီဆောင်ရွက်ပေးနေမှု အခြေအနေနှင့်  ပတ်သက်၍လည်း   သိလိုပါကြောင်း၊  နောက်ဆုံး မေးခွန်းမှာ မိမိတို့အိမ်ထဲသို့ ခွေးဝင်သည့်ကိစ္စဖြစ်ကြောင်း၊ ခွေးဝင် သည့်ကိစ္စဆိုသည်မှာ အမေရိကန်နိုင်ငံသား ကိုဗစ်ရောဂါပိုးတွေ့ရှိသူ နှစ်ဦးသည် မိမိတို့နိုင်ငံက  ချမှတ်ထားသည့်  စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကုသမှုခံယူခြင်းမရှိဘဲ အမေရိကန်သံရုံးမှဝန်ထမ်းများက အဆိုပါ   နှစ်ဦးကို   ၎င်းတို့အစီအစဉ်ဖြင့်သာ   ကုသမည်ဟုဆိုပြီး လာရောက်ခေါ်ယူသွားသည့်ကိစ္စဖြစ်ကြောင်း၊ အဆိုပါကိစ္စကို နိုင်ငံခြား ရေးဝန်ကြီးဌာနကလည်း   ဂျနီဗာကွန်ဗန်းရှင်းနှင့်  ငြိစွန်းသည်ဟု ထုတ်ပြန်ထားပါကြောင်း၊ မိမိအိမ်ထဲသို့ ခွေးဝင်လာပါက မည်သူမဆို မောင်းထုတ်ကြသည့် အစဉ်အလာရှိပါကြောင်း၊ ယခု တိုင်းပြည်ထဲတွင် လည်း မိမိတို့တိုင်းပြည်၏ ဥပဒေကို မလေးမစားပြုလုပ်နေသူများကို မောင်းထုတ်/ နှင်ထုတ်ရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်း သည်။

 


ဘာသာရေးတွင် ကပြားမရှိ


ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင် ပထမဆုံး အနေဖြင့် သတင်းထောက်ကြီးမေးမြန်းခဲ့သည့် ဇာနည်ကိုကို၏ကိစ္စ နှင့်ပတ်သက်ပြီး ပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ကြောင်း၊ NLD ပါတီ၏ အခါတော်ပေးဟုတ်/မဟုတ်ကို မိမိလည်း  မသိပါကြောင်း၊ လူမှုကွန်ရက်တွင် ပို့စ်တင်ထားတာတွေတော့ ရှိနိုင်ကြောင်း၊ ယခု ကိစ္စနှင့်ပတ်သက်၍   မိမိပြောလိုသည်မှာ   ဘာသာရေးဆိုသည်မှာ အတော် အကဲဆတ်ပါကြောင်း၊ ဘာသာရေးတွင် ကပြားမရှိကြောင်း၊ သတင်းထောက်ကြီးအနေဖြင့် ကရင်/ဗမာကပြားဖြစ်လို့ရကြောင်း၊ အလားတူ မိမိသည်လည်း ကုလား/ဗမာ  ကပြားဖြစ်လို့ရကြောင်း၊ အနောက်ဘက်တွင်ရှိသည့် သံတော်ဆင့်မှ သတင်းထောက်ကြီးက လည်း မွန်/ကရင်ကပြားဖြစ်လို့ရကြောင်း၊ သို့သော် ဘာသာရေးတွင် ဗုဒ္ဓဘာသာ/  ခရစ်ယာန် ကပြားမရှိကြောင်း၊ မွတ်စလင်/ခရစ်ယာန် ကပြားမရှိကြောင်း၊ ဘာသာရေးဆိုသည်မှာ ဘက်တစ်ဖက်တည်း ရပ်တည်ရခြင်းဖြစ်ကြောင်း၊ ဘာသာရေးတွင် ကပြားမရှိကြောင်း၊ ထို့ကြောင့် အကဲဆတ်ပါကြောင်း။

 


သတင်းထောက်ကြီး မေးမြန်းသည့် မေးခွန်းထဲတွင် ဇာနည်ကိုကို အား NLD ပါတီ၏ အခါတော်ပေးဟု  ပြောထားကြောင်း၊  သို့သော် အခါတော်ပေးဖြစ်ခြင်း/မဖြစ်ခြင်းကို မိမိမသိကြောင်း၊ မိမိတို့မြန်မာ နိုင်ငံတွင်   Ideology  ခေတ်ကောင်းစဉ်က  ကွန်မြူနစ်စနစ်သည် အမာဆုံးIdeology ဖြစ်ပြီး အင်အားအကောင်းဆုံး Ideology လည်း ဖြစ်ကြောင်း၊ လူထုထောက်ခံမှုလည်း အတော်ရခဲ့ကြောင်း၊ မည်သည့် အတွက်ကြောင့် အဆိုပါ Ideology ကျဆုံးရသည်ကို ပြောရမည်ဆိုပါက ဘာသာရေးနှင့်   ထိပ်တိုက်တွေ့ခြင်းကြောင့်ဖြစ်ကြောင်း၊   မိမိ အယူအဆအရ   ပြောရမည်ဆိုပါက   ဗုဒ္ဓဘာသာ၏အယူအဆနှင့် ၎င်းတို့၏အယူအဆများမှာ အတော်ကွဲပြားခြားနားကြောင်း၊ နောက်ဆုံး တွင်    ဘာသာရေးအပေါ်   ထိခိုက်လာသောကြောင့်    ကျဆုံးခြင်း ဖြစ်ကြောင်း၊ ပေါင်းတည်ဘက်ရှိ ပဲခူးရိုးမတွင် ဒေသခံများက ရဲနီမ များဟုခေါ်သည့် အမျိုးသမီးများက ဘုန်းကြီးသင်္ကန်းများကိုချွတ်၍ အတွင်းခံချုပ်ဝတ်ခဲ့ကြကြောင်း၊ ထိုအချိန်မှစ၍ ၎င်းတို့ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်း။

 


ထို့ကြောင့် မြန်မာနိုင်ငံတွင် ၎င်းတို့လုပ်ချင်သည့် နိုင်ငံရေးစနစ် တစ်ခုကို စတင်အကောင်အထည်ဖော်မည်ဆိုပါက ပထမဆုံးဖြိုရမည့် အရာမှာ   ဘာသာရေးနှင့်  အမျိုးသားရေးဖြစ်သည်ကို   ကောင်းစွာ သဘောပေါက်သူများရှိကြောင်း၊  ထို့ကြောင့်   သတင်းထောက်ကြီး ပြောခဲ့သည့် အခါတော်ပေးဆိုသည့်  အခြေအနေမျိုးဖြင့်  ဝင်၍မရ ကြောင်း၊   အခါတော်ပေးဆိုသည့်ကိစ္စထက်   များစွာကြီးကျယ်ပါ ကြောင်း၊ အဆိုပါပုဂ္ဂိုလ်   ယခုကဲ့သို့ဖြစ်နေပါလျက်နှင့်    မည်သည့် အတွက်ကြောင့်  ယခုလို   နာမည်ကျော်သွားရသည်ကို   ပြောရမည် ဆိုပါက ထိုပုဂ္ဂိုလ်၏အောက်တွင်   “ဒါမှ  တို့ဘုန်းဘုန်းကွ၊  ဒါမှ ဘာကွ”ဟုဆိုပြီး   ယခုလိုလမ်းကြောင်းကို    ရောက်ရှိသွားအောင် မြှောက်ပေးသည့်သူများရှိကြောင်း၊ မိမိသိရသလောက် ပြောရလျှင် အဆိုပါပုဂ္ဂိုလ်မှာ လူဘဝတုန်းက ယခုလိုမဟုတ်ကြောင်း၊ သင်္ကန်း ဆီးပြီး၊   ဘုန်းကြီးဝတ်ပြီးသည့်အချိန်မှ   မည်သည့်အတွက်ကြောင့် ယခုလိုဖြစ်သွားရသည်ကို ပြောရမည်ဆိုပါက  အကြောင်းရင်းများစွာ ရှိကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ကိစ္စမျိုးကို ဂရုစိုက်ရန်လိုသည်ဟု ပြောလိုကြောင်း။

 


နံပတ်နှစ်  မေးခွန်းကို ပြန်လည်ဖြေကြားရမည်ဆိုပါက  မိမိတို့ အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကူညီဆောင် ရွက်ပေးနေပါ ကြောင်း၊ ထိုသို့ကူညီဆောင်ရွက်ပေးရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေး ခြင်းများ  ရှိသကဲ့သို့ တိုင်းစစ်ဌာနချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ အနေဖြင့် ကူညီဆောင်ရွက်ပေးခြင်းများလည်း ရှိပါကြောင်း၊ ထို့အပြင် ပရဟိတအသင်းများနှင့် အဆိုပါဒေသမှ သံဃာတော်အချို့ကလည်း အဆိုပါ    အိုးမဲ့အိမ်မဲ့အများအပြားကို    ကူညီစောင့်ရှောက်ပေးထား ကြောင်း၊ ယခုကဲ့သို့ ကူညီစောင့်ရှောက်ပေးထားသည့် သံဃာတော်များ နှင့် လူပုဂ္ဂိုလ်များကိုလည်း  မိမိတို့အနေဖြင့်   အထူးကျေးဇူးတင်ပါ သည်ဟု   ယခုသတင်းစာရှင်းလင်းပွဲမှတစ်ဆင့်   ပြောလိုကြောင်း၊ အမေရိကန်နှစ်ယောက်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ကလည်း  ကန့်ကွက်ပြီးဖြစ်ပါကြောင်း၊  ထို့အပြင် သံတမန် ရေးရာ/ဆိုင်ရာ  လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ မိမိတို့လုပ်ဆောင်နိုင်သမျှ ဆက်လက်လုပ်ဆောင်သွားမည်ဟု  ပြောလိုကြောင်း   ပြန်လည် ဖြေကြားသည်။

 


One News သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင်က နိုင်ငံတော်ဝန်ကြီးချုပ်၏  နှစ်သစ်ကူးမိန့်ခွန်းတွင်  ၂၀၂၂  ခုနှစ်တွင် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်စမည်ဟု ပြောခဲ့ကြောင်း၊ ငြိမ်းချမ်း ရေးအတွက်   ခြေလှမ်းသစ်ဆိုသည်မှာ   မည်သည်ကိုပြောပါသလဲ၊ ယခင်ကထက် မည်သည့်အရာများ ပို၍ထူးခြားသွားမည်ကို သိလိုပါ ကြောင်း မေးမြန်းသည်။

 


ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန်ခိုင်မာစေရေး


ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ် ဟုဆိုရာတွင် ပထမဆုံးငြိမ်းချမ်းရေးအတွက် NCA လက်မှတ်ရေးထိုး နိုင်အောင်  စတင်လာသည့်  အခြေအနေများကို   မိမိပြောကြားပြီး ဖြစ်ကြောင်း၊  NCA  လက်မှတ်ရေးထိုးနိုင်အောင်   ရှေ့တွင်စခဲ့သည့် လုပ်ငန်းများက အများကြီးရှိကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေသည့် အကြိမ်ရေများကို ပြောပြီးဖြစ်ကြောင်း၊ ယင်းသို့ တွေ့ဆုံဆွေးနွေးမှုများကို  ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အဆင့်တစ်ခု ရောက်အောင်၊  bilateral  ထိုးနိုင်သည့်အဆင့်တစ်ခုရောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊မိမိတို့၏   အခြေခံမှာ   NCA ဖြစ်ကြောင်း၊  သို့သော်  ယခုနှစ်အတွင်း   အနည်းဆုံးအဆင့်တစ်ခုအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသွားအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆောင်ရွက်လျက်လည်းရှိကြောင်း၊ အစပျိုးမှုအနေဖြင့်   မိမိတို့က  နံပါတ်(၁)  ပြည်ထောင်စုစိတ်ဓာတ်   ပိုမိုရှင်သန်ခိုင်မာစေရေး ဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် ပိုမို ရှင်သန်ခိုင်မာစေရေးအတွက် ယခုလာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင်  ပြန်ကြားရေးဝန်ကြီးဌာနက  တာဝန်ခံဝန်ကြီးဌာနအနေဖြင့် (၇၅)နှစ်မြောက်   ပြည်ထောင်စုနေ့ကို    ခမ်းခမ်းနားနားဖြစ်အောင် ဆောင်ရွက်နေပါကြောင်း၊   တိုင်းဒေသကြီး၊    ပြည်နယ်အလိုက်   ကိုယ်စားပြုယာဉ်များ၊   ကိုယ်စားပြုသူများဖြင့်   ဗိုလ်ရှုခံ၏ရှေ့တွင် စည်းလုံးညီညွတ်မှု ပြသနိုင်သည့်ပွဲကို ဆောင်ရွက်သွားရန် လုပ်ဆောင် နေပါကြောင်း၊ လက်တွေ့ငြိမ်းချမ်းရေးအနေနှင့်လည်း ဆက်လက်ဆွေးနွေးဆောင်ရွက်လျက်ရှိပါကြောင်း၊   တိုးတက်မှုများရှိအောင်   ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊  အဖြေ တစ်ခုရအောင် အထိ  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။

 


One News သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင်    နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ကုလသမဂ္ဂကရော နိုင်ငံတကာကပါ တောင်းဆိုနေမှုများ ရှိပါကြောင်း၊ ယင်းတောင်းဆိုချက်ကို လိုက်လျောရန် ရှိ/မရှိ သိလို ကြောင်း၊ ပုဒ်မ ၅၀၅ နှင့် ဖမ်းဆီးခံထားရသည့် အနုပညာရှင်များကိုရော ပြန်လွှတ်ရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။

 


ဥပဒေ၏အထက်တွင် မည်သူမှမရှိ


ဗိုလ်ချုပ် ဇော်မင်းထွန်းက အပိုင်းနှစ်ပိုင်းခွဲ၍ ပြောလိုကြောင်း၊ ပထမအပိုင်းအနေဖြင့် ဥပဒေ၏အထက်တွင် မည်သူမှမရှိပါကြောင်း၊ ဥပဒေအရ တရားစီရင်ခြင်း ခံရမည်ဟုသာ ပြောလိုပါကြောင်း၊ ပုဒ်မ ၅၀၅(ခ)နှင့် တရားစွဲဆိုခံထားရသည့် အနုပညာရှင်များနှင့်ပတ်သက်ပြီး ဖြေလျှော့ဆောင်ရွက်ပေးနေမှုများ ရှိပါကြောင်း၊ ၄၈ ဦး ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့တင်မက နောက်ထပ်ကျန်ရှိသူများနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်ခြင်းများကို အဆက်မပြတ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ သင့်လျော်သည့်အချိန်တွင် ယင်းတို့ကို ဆက်လက် ဆောင်ရွက်နိုင်မည်ဟု ပြောလိုပါကြောင်း ပြန်လည်ဖြေကြားသည်။

 


Myanmar Hard Talk သတင်းဌာနမှ သတင်းထောက် ကိုဥက္ကာ က အမေရိကန်နိုင်ငံသား နှစ်ယောက်ကို မြန်မာနိုင်ငံအတွင်းရှိ အမေရိ ကန်သံရုံးသို့  ခေါ်ဆောင်သွားသည်ဟု  သဘောပေါက်နားလည်မိပါ ကြောင်း၊ အမေရိကန်သံရုံး၏ အဝင်အထွက်များကိုရော မြန်မာနိုင်ငံ ဘက်က မည်သို့ဆောင်ရွက်ထားခြင်းရှိပါသလဲ၊ လူမှုကွန်ရက်ပေါ် တွင်လည်း   အမေရိကန်သံရုံးအတွင်း ကိုဗစ်ကူးစက်မှုများ များစွာ ဖြစ်ပေါ်နေသည်ဟူ၍ သတင်းပြန့်နေသည့်အတွက် ယင်းနှင့်ပတ်သက် ၍ ဗိုလ်ချုပ်တို့အနေဖြင့် မည်သို့စိစစ်ဆောင်ရွက်ထားသည်ကို သိလိုပါ ကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက သံရုံး၏ စည်းမျဉ်းများအရ သံရုံး၏ ဥပစာက ၎င်းတို့နိုင်ငံ၏ နယ်နိမိတ်ဖြစ်သည်ဟု အကြမ်းဖျင်းပြော၍ ရပါကြောင်း၊ ထို့ကြောင့် စိစစ်ဆောင်ရွက်ခြင်းအပိုင်းကို ၎င်းတို့ကသာ စိစစ်ဆောင်ရွက်ပါကြောင်း၊ သို့သော် မြန်မာနိုင်ငံကို ယခုကဲ့သို့ အခြား နိုင်ငံခြားသားများ၊ အဖွဲ့အစည်းအသီးသီးမှ ဌာနေကိုယ်စားလှယ်များ လာရောက်ခြင်းများလည်း   ရှိပါကြောင်း၊   မြန်မာနိုင်ငံသားများ ပြန်ရောက်လာခြင်းများလည်း ရှိပါကြောင်း၊ ယခုလို ကန့်သတ်မှုများကို မိမိတို့အနေဖြင့် လွန်ခဲ့သည့်တစ်နှစ်ခန့်ကတည်းက ပြုလုပ်နေခြင်း ဖြစ်ကြောင်း၊ ယနေ့အထိ  မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းက မည်သူမှ  အမေရိကန်သံရုံးဝန်ထမ်း  တစ်ဦးနှင့်  ယင်းအမေရိကန် နိုင်ငံသား  နှစ်ဦးကဲ့သို့  ဥပဒေချိုးဖောက်သူမရှိပါကြောင်း၊   အချို့ လွတ်ထွက်သွားမှုများ ရှိကောင်းရှိနိုင်သော်လည်း ယခုကဲ့သို့ လက်ရှိ ရှိနေသည့်နိုင်ငံ၏ ကိုဗစ်စည်းမျဉ်းများကို ချိုးဖောက်မှုမရှိကြောင်း ပြန်လည်ဖြေကြားသည်။ 

 


နိုင်ငံခြားရေးဝန်ကြီးဌာနမှ  တာဝန်ရှိသူတစ်ဦးက   ယင်းနှင့် ပတ်သက်ပြီး   ဌာနဆိုင်ရာများနှင့်    ညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်း ဖြည့်စွက်ဖြေကြားသည်။
People Media မှ  သတင်းထောက် ဦးကျော်စိုးဦးက  တိုင်းဒေသ ကြီး၊ ပြည်နယ်အနှံ့အပြားတွင် NUG ၊ CRPH ၊ PDF နှင့်ပတ်သက်ပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများကို နိုင်ငံတော်က ချိတ်ပိတ်သိမ်းဆည်းထား မှုများ ရှိပါကြောင်း၊ ထိုပစ္စည်းများကို နိုင်ငံတော်အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏  သက်တမ်းအတွင်း  ထုခွဲရောင်းချ သွားမည်လား သို့မဟုတ် နိုင်ငံပိုင်အဖြစ် ဆက်ရှိနေမည်လား၊ မည်သို့ ဆောင်ရွက်သွားမည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ဥပဒေအရသာ ပြဋ္ဌာန်းထားသည့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


မြန်မာသံတော်ဆင့်သတင်းဌာနမှ     အတိုင်ပင်ခံအယ်ဒီတာ ဦးကိုကိုကြီးက ဝိနည်းတော်နှင့် မညီသည့်ဆရာတော် ဦးဇာနည်ကိုကို နှင့် ဒေါ်အောင်ဆန်းစုကြည် တွဲရိုက်ထားသည့်ပုံကို နိုင်ငံပိုင်သတင်းစာ များတွင်  တွေ့ကြောင်း၊  မည်သို့ဆက်စပ်မှုရှိသည်ကို  သိလိုကြောင်း၊ ဘာသာရေးဖျက်ဆီးနေသည်ဟု မိမိတို့မြင်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်သည့်ကာကွယ်မှုများ ပြုလုပ်ပေး မည်ကို သိလိုပါကြောင်း မေးမြန်းသည်။ 

 


သာသနာကို ဖျက်ဆီးရာရောက်


ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆက်စပ်မှုနှင့်ပတ်သက်ပြီး မိမိတို့ မသိရှိကြောင်း၊ ၎င်း၏ Facebook တွင် တင်ထားခြင်းများရှိကြောင်း၊ ဘာသာရေးနှင့် ဖျက်ဆီးနေသည်ဆိုသည်ကို MNP က  မေးသည့် မေးခွန်းတွင် မိမိဖြေကြားပြီးဖြစ်ကြောင်း၊ ဘာသာရေးနှင့်ပတ်သက်ပြီး အချို့ရည်မှန်းချက်ရှိရှိ လုပ်နေခြင်းများရှိကြောင်း၊ ဘာသာရေးနှင့် ဆက်နွှယ်နေသည့်  လူမှုအသိုက်အဝန်းအနွယ်များ၏  နိုင်ငံရေးအယူ အဆ၊ ယဉ်ကျေးမှုအယူအဆများကို   တိုက်ခိုက်သည်ဟု    မိမိတို့ မြင်ကြောင်း၊ လုပ်နေသည့် အထောက်အထားများရှိကြောင်း၊ သို့သော် ပြဋ္ဌာန်းချက်ထဲတွင် ဘာသာရေးကို နိုင်ငံရေးကိစ္စအလို့ငှာ အသုံးမချ ရဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊  ဆရာတော်များကို အသုံးချပြီး နိုင်ငံရေးလုပ်ခဲ့ခြင်း၊ သံဃာများကို အသုံးချပြီး နိုင်ငံရေး တွင်    မြှောက်ပင့်ပေးနေခြင်းသည်   အခြေခံဥပဒေနှင့်  ငြိစွန်းပါ ကြောင်း၊  ထို့အပြင်  သာသနာတော်ညှိုးနွမ်းမှု  ဖြစ်စေပါကြောင်း၊ နိုင်ငံသားအားလုံး ရှောင်ရှားရန် လိုကြောင်း၊ သာမန်ပြည်သူလူထုအနေ ဖြင့်  ယခုဖြစ်နေသည့်  အခြေအနေအရ   သံဃာတော်တစ်ပါးက ပြောလျှင် အစိုးရဆန့်ကျင်ရေးစကား ပြောခြင်းဖြစ်စေ၊ အခြားစကား ပြောခြင်းဖြစ်စေ ဝိုင်းပြီး ငါတို့ကိုယ်တော်ဟု လုပ်ခြင်းသည် သာသနာ ကို ဖျက်ဆီးရာရောက်ကြောင်း၊ ရှောင်ကြဉ်ကြရန် ပြောလိုပါကြောင်း ပြန်လည်ဖြေကြားသည်။ 

 


မြန်မာသံတော်ဆင့်သတင်းဌာနမှ    အတိုင်ပင်ခံအယ်ဒီတာ ဦးကိုကိုကြီးက လမ်းပေါ်နေကလေးများနှင့် ပတ်သက်ပြီး မေးလိုပါ ကြောင်း၊ ရန်ကုန်-နေပြည်တော်-မန္တလေးတွင် လမ်းမပေါ်၌ ကလေး များ  တောင်းစားနေခြင်းများတွေ့ကြောင်း၊ လူမှုဝန်ထမ်းဌာနအနေဖြင့် လမ်းပေါ်နေကလေးများ  ပပျောက်ရေးဟု  သတင်းစာတွင်  ဖတ်ရပါ ကြောင်း၊ သို့သော် On Paper တွင်ရှိပြီး လက်တွေ့တွင် မတွေ့ရ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  လမ်းပေါ်နေ ကလေးများ   ပပျောက်ရေး   မည်သို့ပံ့ပိုးကူညီပေးမည်ကို    သိလိုပါ ကြောင်း မေးမြန်းသည်။ 

 


ဗိုလ်ချုပ်ဇော်မင်းထွန်း    က    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအပြင်    သက်ဆိုင်ရာ   တိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်လည်း   သက်ဆိုင်လိမ့်မည် ဖြစ်ကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီများနှင့်လည်း သက်ဆိုင် ကြောင်း၊ လမ်းပေါ်နေကလေးများကို မိမိသိထားသည်မှာ  အချို့က ယခင်ကတည်းက ဖြစ်ခဲ့ကြောင်း၊ အချို့က လမ်းပေါ်နေကလေးအဖွဲ့ ဂိုဏ်းတစ်ခုအနေဖြင့် လုပ်နေခြင်းများရှိကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီး ဌာနအနေဖြင့်   အရေးယူဆောင်ရွက်ပေးမည်ဟု   ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။ 

 


မြန်မာသံတော်ဆင့်သတင်းဌာနမှ     အတိုင်ပင်ခံအယ်ဒီတာ ဦးကိုကိုကြီးက  ၂၀၂၁  ခုနှစ်   အခြေခံပညာအထက်တန်းစာမေးပွဲ အမှတ်စာရင်းများ  ထုတ်ပေးနေခြင်းများရှိကြောင်း၊ အချို့စာစစ်ဌာန များက ပိတ်ထားသည်ကို တွေ့ရကြောင်း၊ မထုတ်ရသေးသည့် ကလေး များရှိကြောင်း၊ တက္ကသိုလ်အမှန်တကယ်တက်လိုသည့်  သူများကို တက္ကသိုလ်ဝင်ခွင့် ရက်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ ပညာရေး ဝန်ကြီးဌာနကို မေးမြန်းသည်။ 

 


ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အဆင့်မြင့်ပညာ ဦးစီးဌာန (ရန်ကုန်ရုံးခွဲ)က  ဆောင်ရွက်လျက်ရှိကြောင်း၊   အချို့ ဘာသာရပ်များအတွက်  ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ကျန်သည်များ ဆက်လက်ဆောင်ရွက်နေကြောင်း၊ မထုတ်ရသေးသည့် ကလေးများ အနေဖြင့် ဆက်တင်ပြီး မူဘောင်နှင့်ညီသည့်အခါတွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

 


Myanmar Nation သတင်းဌာနမှ ဒေါ်ဆွေဇင်ဦးက    လာမည့် ရွေးကောက်ပွဲတွင် PR စနစ်ကို  ကျင့်သုံးမည်ဟုသိရကြောင်း၊ PR စနစ်၏ အားသာချက်သည် မည်သည့်ပါတီကြီးမှ လက်ဝါးကြီးမအုပ် နိုင်ကြောင်း၊ တိုင်းရင်းသားလူနည်းစုနှင့် တိုင်းရင်းသားများ၏  အသံ သည် လွှတ်တော်ထဲသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေ အရ   လွတ်လပ်စွာ  ကိုးကွယ်ပိုင်ခွင့်ပြုထားသော်လည်း  မြန်မာနိုင်ငံ သည် ဗုဒ္ဓဘာသာကို အထူးပြုသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ PR စနစ် ကြောင့် လွှတ်တော်တွင် လူမျိုးခြားဘာသာခြားများသည် အချိုးကျ အနေဖြင့်   ရောက်ရှိလာမည်ဖြစ်ကြောင်း၊   ထိုသို့ရောက်ရှိလာခြင်း အတွက်  နိုင်ငံတော်၏အားနည်းချက်  အားသာချက်နှင့် Side effect များကို ပြင်ဆင်ရန် မည်သို့ပြင်ဆင်ထားသည်၊ မည်သို့ပြင်ဆင်ထားသင့် သည်၊ မည်သို့ပြင်ဆင်ထားမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

 


သူ့နေရာနှင့်သူ စည်းလုံးနေရန်လို 


ဗိုလ်ချုပ်ဇော်မင်းထွန်း  က   PR    စနစ်ကျင့်သုံးခြင်းသည်  ကိုယ်စားပြုမှုစနစ်    များလာမည်ဖြစ်ကြောင်း၊ များလာသည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ  မြန်မာနိုင်ငံသားအားလုံး   မဲပေးခွင့်ရှိမည်ဖြစ် ကြောင်း၊    ပါတီတည်ထောင်ရာတွင်     မြန်မာနိုင်ငံသားဖြစ်လျှင်၊ စည်းမျဉ်းဥပဒေများနှင့် ကိုက်ညီလျှင် ပါတီတည်ထောင်ခွင့်ရှိကြောင်း၊ ပေးရမည့်အခွင့်အရေးများဖြစ်ကြောင်း၊ အချို့ပေးရမည့် အခွင့်အရေး သည်  ပေးကိုပေးရမည်ဖြစ်ကြောင်း၊  မပေးရသည့်  အခွင့်အရေးကို မပေးသည်က  ပြဿနာမရှိသော်လည်း ပေးရမည့်အခွင့်အရေးကို မပေးလျှင် ပိုပြီးပြဿနာကြီးကြောင်း၊ ပျက်စီးကြီးခြင်းဆိုသည်မှာ မိမိတို့အစိုးရ ရင်ဆိုင်ရမည့် ပျက်စီးကြီးခြင်း မဟုတ်ဘဲ တစ်နိုင်ငံလုံး ရင်ဆိုင်ရမည့် ပျက်စီးကြီးခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း ရှိကြောင်း၊ သူ့နေရာနှင့်သူ စည်းလုံးနေရန်လိုကြောင်း၊ စည်းလုံးနေပါ က လူဦးရေ အချိုးအစားနှင့်တွက်ကြည့်ပါက မည်သူများက လူဦးရေ အချိုးအစား   မည်မျှရှိသည်ကို   သိပြီးဖြစ်ကြောင်း၊   ထို့ကြောင့် ကိုယ်စားပြုခွင့် မည်မျှရမည်ကို  သိပြီးဖြစ်မည်ဖြစ်ကြောင်း၊ အရည် အချင်းရှိရန် လိုအပ်ကြောင်း၊  ပညာရှိရန်လိုကြောင်း၊   စည်းလုံးညီညွတ် ရန်လိုကြောင်း၊ ပူစီပေါင်းကို အပ်ဖြင့်ထိုးလျှင် ပေါက်မည်ဖြစ်ကြောင်း၊ ကြီးမားသည့် သံလုံးကို အပ်နှင့်ထိုးကြည့်ပါဟုသာ ပြောလိုကြောင်း၊ မိမိဆိုလိုနိုင်သည်မှာ ဤမျှသာဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ 

 


Myanmar Nation သတင်းဌာနမှ ဒေါ်ဆွေဇင်ဦးက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အခြေခံဥပဒေနှင့်အညီ တပ်မတော်က အာဏာထိန်းသိမ်းခဲ့ပါကြောင်း၊ သမ္မတစနစ်ကိုဦးတည်ပြီး ဒီမိုကရေစီ နိုင်ငံ ပီပီပြင်ပြင်တည်ဆောက်ရန်အတွက် ကြိုးပမ်းနေသည့်အချိန် တွင် ဥပဒေနှင့်မညီသည့် ရုပ်ဆိုးအကျည်းတန်သည့် အတိုင်ပင်ခံရာထူး ကို  မည်သို့ပြင်ဆင်သတ်မှတ်မည်ကို သိလိုကြောင်း၊   မိမိယခုကဲ့သို့ စွပ်စွဲရခြင်းသည် နိုင်ငံတော်အတွင်းတွင် သမ္မတအထက်က ရာထူး တစ်ခုကဲ့သို့ ဖြစ်နေသော်လည်း မြန်မာနိုင်ငံမှ ပြည်ပကိုရောက်ချိန်တွင် ဘာမျှမဟုတ်သည့် ရာထူးဖြစ်နေသောကြောင့်ဖြစ်ကြောင်း၊ နိုင်ငံ တော်အတိုင်ပင်ခံ   ရာထူးကိုအသုံးပြုပြီး   ပြည်တွင်းတွင်   တစ်ဦး တစ်ယောက်တည်းဆန္ဒနှင့်  လုပ်ချင်ရာလုပ်ခဲ့သည်ကို  တွေ့ရပါ ကြောင်း၊ ဥပမာ Facebook ကို သန်းခြောက်ထောင်ကျော် သုံးစွဲခဲ့ခြင်း ကိစ္စ၊  နိုင်ငံခြားသားကို  လွှတ်တော်တွင်းခေါ်ယူပြီး   သွားလာဝင်/ထွက်ခွင့် ပြုထားသည့်ကိစ္စများ    ဗိုလ်ချုပ်တို့    သိပြီးဖြစ်ကြောင်း၊ နောက်နောင်တွင် ယခုကဲ့သို့ ကိစ္စများမဖြစ်ပေါ်စေရေးအတွက် နိုင်ငံ တော်အတိုင်ပင်ခံရာထူးကို   မည်သို့သတ်မှတ်မည်၊    နောင်လာမည့် အစိုးရသစ်တွင် နိုင်ငံတော်အတိုင်ပင်ခံဟု ဆက်လက်ရှိနေမည်လား သိလိုပါကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ်ဇော်မင်းထွန်းက  အားထည့်ပြီး   ဖျက်ရန်မလိုကြောင်း၊ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေကို  လွှတ်တော်က ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း၊ ပြဋ္ဌာန်းပြီးကတည်း က ပါပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေသည် မည်သူနှင့် သာ သက်ဆိုင်ရမည်ဟု ပါပြီးဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့ အားစိုက် ပြီးဖျက်ရန်မလိုကြောင်း၊  အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်သည်ဟု ပြန်လည်ဖြေကြားသည်။

 


Myanmar Nation သတင်းဌာနမှ ဒေါ်ဆွေဇင်ဦးက မေးခွန်း မဟုတ်ဘဲ အလေးအနက်ထားပြီး တောင်းဆိုလိုကြောင်း၊ Non CDM ဝန်ထမ်းများအတွက်ဖြစ်ကြောင်း၊ အများနှင့်သက်ဆိုင်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း Non CDM ဝန်ထမ်းများကို ဂုဏ်ပြု မည်ဟု ပြောထားခြင်းရှိကြောင်း၊  Non CDM   ဝန်ထမ်းများသည် ဆရာဝန်/ဆရာမများ သာမက ဝန်ကြီးဌာနအသီးသီးမှ Non CDM တစ်ရက်  တစ်မနက်မျှပင်မလုပ်ဘဲ  နိုင်ငံတော်အပေါ်သစ္စာရှိရှိဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအတွက် ရာထူး၊ ဂုဏ်ပကာ သန၊ ငွေကြေးမဟုတ်ဘဲ    တပ်မတော်အကြီးအကဲ   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏  လက်မှတ်ပါသည့် ဂုဏ်ပြုလွှာကို  မျှော်လင့်ကြ ကြောင်း၊ လွတ်လပ်ရေးနေ့တွင်  မိမိတို့မျှော်လင့်ထားသော်လည်း မတွေ့ရကြောင်း၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့များဖြစ်သည့် အခါကြီး၊ ရက်ကြီးများတွင် ဂုဏ်ပြုပေးစေလိုကြောင်း၊ တစ်ရက်/တစ်မနက် CDM မလုပ်သည့် ဝန်ထမ်းများကို သေချာစိစစ်ပြီး ဂုဏ်ပြု ပေးပါရန် ဗိုလ်ချုပ်မှတစ်ဆင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကြီး ကို အမှာတော်ပါးလိုပါကြောင်း ပြောကြားသည်။

 


ခေတ်ပုံရိပ်သတင်းဂျာနယ်မှ သတင်းထောက် ဒေါ်သန်းသန်းဌေး က  လက်ရှိ အိမ်စောင့်အစိုးရလက်ထက်တွင် ဖြစ်နေသည့်ဝန်ထမ်းတချို့ ၏ စိတ်ဓာတ်ရေးရာပိုင်း၊ အဂတိလိုက်စားမှုနှင့်ပတ်သက်ပြီး ပျက်စီး နေကြကြောင်း၊ ငွေရှိသည့် ပါတီတစ်ခုက ဌာနဆိုင်ရာများနှင့်ပေါင်းပြီး နိုင်ထက်စီးနင်းလုပ်ခြင်းများ    များနေကြောင်း၊   အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် မည်ကဲ့သို့   ဖြေရှင်းပေးနိုင် မည်ကို သိလိုကြောင်း မေးမြန်းသည်။

 


အဂတိလိုက်စားမှုကင်းစင်ရေး ဆောင်ရွက်လျက်ရှိ


ဗိုလ်ချုပ် ဇော်မင်းထွန်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပတ်သက် ပြီး ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ ရှိပြီးဖြစ်ကြောင်း၊ အစိုးရအနေ ဖြင့်  ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပတ်သက်ပြီး ဝန်ထမ်းများလိုက်နာရ မည့်  ညွှန်ကြားချက်များရှိပြီးဖြစ်ကြောင်း၊   အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး မိမိတစ်နိုင်ငံတည်းမဟုတ်ဘဲ အခြားနိုင်ငံများတွင်လည်း ကင်းစင်ခြင်းမရှိသေးကြောင်း၊  ကင်းစင်ရန် ခက်ခဲကြောင်း၊ သို့သော် အဂတိလိုက်စားမှုကင်းစင်ရေးအတွက်   အစိုးရ၊ ဝန်ထမ်း၊ ဌာနဆိုင်ရာ များ အကြီးအကဲများအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တရားလက်လွန်မှုများရှိခဲ့လျှင်   သတင်းပေးနိုင်ကြောင်း   ပြန်လည် ဖြေကြားသည်။

 


လွှတ်တော်ပြင်ပအဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝ မြှင့်တင်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာစိုးမြင့်ဦးက မိမိတို့သည် နိုင်ငံ ချစ်စိတ်၊ အမျိုးသားအကျိုးစီးပွားကို  မြှင့်တင်ကာကွယ်လိုစိတ်ဖြင့် ဆောင်ရွက်နေသည့်အသင်းအဖွဲ့ဖြစ်ကြောင်း၊ ထိုကဲ့သို့လုပ်ဆောင်ခြင်း ကြောင့် အားနည်းချက်များတွေ့လျှင်  တင်ပြပြီး  မေးမြန်းကြောင်း၊ တစ်ခါတစ်ရံ  ဌာနဆိုင်ရာများကိုမုန်း၍မဟုတ်ကြောင်း၊ ပြဿနာ အသေးအမွှားများ ဖြစ်တတ်ကြောင်း၊ သို့သော် ပြည်သူများ၏စိတ် ပျက်ပြားလာသည့်အခါ မိမိတို့အနေဖြင့် နိုင်ငံတော်စည်းလုံးညီညွတ် ရေး၊   မျိုးချစ်စိတ်ဖြင့်    နိုင်ငံတော်တည်ဆောက်ရေးကိစ္စများတွင် များစွာ အဟန့်အတားဖြစ်စေကြောင်း၊ ထို့ကြောင့် မိမိတို့မှာ အမုန်းခံ ပြီး မေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကိုချစ်၍မေးခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများနှင့်ပတ်သက်ပြီး   တော်တော်များများ တွေ့ရ ကြောင်း၊ တချို့ကိစ္စများသည် လက်ရှိဖြစ်တည်မှုအခြေအနေများ ပင်လျှင်   ယခင်က  လုပ်ခဲ့သည့်ကိစ္စများကြောင့်     ထိုကိစ္စအပေါ် သက်ရောက်မှုများစွာ ရှိကြောင်း၊    အဓိကအနေဖြင့်   ပြည်သူများ၏ မကျေနပ်မှုဖြစ်ကြောင်း၊ ထိုမကျေနပ်မှုများသည်     အကျင့်ပျက်ဝန်ထမ်း များကြောင့်ဖြစ်ကြောင်း၊ တရားစီရင်ရေးနှင့်  မြေယာပြဿနာများတွင်   အဂတိလိုက်စားမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေကြောင်း၊  မုန်းတီး သည့် အချိန်တွင် ပင့်ပေးသည့်သူများကို ပင့်ပေးကြကြောင်း၊ မရောက် သင့်သည့် ရပ်ဝန်းများကို ရောက်ကုန်သည့်လူငယ်များ၊ ပြည်သူများနှင့် မိသားစုများ များစွာရှိကြောင်း၊ ထိုမြေယာပြဿနာများတွင် ပွင့်လင်း မြင်သာရန် လိုအပ်ကြောင်း၊  မြေယာမှုခင်းတွင် ဆုံးဖြတ်စစ်ဆေးသည့် နေရာသည်   မြေယာတရားရုံးဖြစ်ကြောင်း၊   တရားရုံးဆိုသည်မှာ ပွင့်လင်းမြင်သာမှုရှိကြောင်း၊ သို့သော်ဝန်ကြီးဌာနက ထိုအမှုများကို ပြင်ပသို့ မပေါက်ကြားအောင် ကာကွယ်ရမည်ဟု ညွှန်ကြားချက် ထုတ်ထားပြီး ကျန်သည့်သူများ  မိတ္တူကူးယူခွင့်မရှိကြောင်း၊   ထိုအခါ အကျင့်ပျက်ဝန်ထမ်းများအတွက်   လုပ်ပိုင်ခွင့်  အကြီးကြီးဖြစ်လာ ကြောင်း၊ လုပ်ချင်သလိုလုပ်နေကြောင်း၊ ဥပဒေကို  လက်တစ်လုံးခြား တင် မဟုတ်ဘဲ တစ်တောင်ခြား၊ တစ်လံခြားဖြစ်လာပြီး  နောက်ဆို လုံးလုံးဆန့်ကျင်ပြီး လုပ်ပါကြောင်း။

 


ယခင်အစိုးရလက်ထက်တွင်    ချင်းပြည်နယ်က   ဝန်ကြီး တစ်ယောက်နှင့် အချေအတင်ဖြစ်ခဲ့ကြောင်း၊ ဝန်ကြီးကိုပြောလျှင် ၎င်းက ဥပဒေအတိုင်းလုပ်သည်ဟု ပြောကြားကြောင်း၊ အဆိုပါဝန်ကြီး ကို မည်သည့်ဥပဒေဖြင့် လုပ်သည်ကိုမေးလျှင် ဝန်ကြီးက မဖြေနိုင် ကြောင်း၊ ဥပဒေကို မထီမဲ့မြင်ဖြစ်နေသည့် ခေတ်ကာလအခြေအနေမျိုး တွင်  တချို့ဝန်ထမ်းများတွင်  အဂတိလိုက်စားမှုရှိကြောင်း၊   အဆိုပါ ကိစ္စရပ်များကို    ထိထိရောက်ရောက်    အရေးယူစေလိုပါကြောင်း၊ မြေယာနှင့်ပတ်သက်ပြီး မူလပိုင်ရှင်သည် အချို့နေရာတွင် မူလပိုင်ရှင် မှ ရောင်းချလိုက်သည့်သူက ဆက်လက်ပြီး နှစ်ပေါင်းများစွာ လုပ်ကိုင် နေကြောင်း၊ သို့သော်  မြေယာပြဿနာများဖြစ်သည့်အခါ   ၎င်းကို လုံးဝပလပ်ပြီး ဘာမှမဆိုင်သည့်ပုဂ္ဂိုလ်တစ်ယောက် (အဆိုပါမြေပေါ် တွင်    ခြေမချဖူးသည့်တစ်ယောက်)ကို    လုပ်ပိုင်ခွင့်ချပေးခြင်းက အတော်ပင် အကျည်းတန်ရုပ်ဆိုးပါကြောင်း၊ အမှန်တကယ် မူလ ပိုင်ရှင် မဟုတ်ဘူးဆိုလျှင်လည်း မူလပိုင်ရှင်ဆီက သမာသောနည်းဖြင့် ရယူထားသည့်သူများကို   စဉ်းစားပေးသင့်ကြောင်း၊  မြေပြင်တွင် ဖြစ်နေသည့်ပြဿနာများက ပုံစံ(၇) သော်လည်းကောင်း၊ မြေလွတ် မြေရိုင်း လုပ်ပိုင်ခွင့်သော်လည်းကောင်း၊ အတည်တကျမရသေးသည့် တောင်သူများကို       လျှောက်ထားနိုင်သည်ဟု    ပြောကြောင်း၊ လျှောက်ထားခိုင်းပြီးလျှင် အဆိုပါတောင်သူများမှာ ရချင်မှရကြောင်း၊ တစ်ခါတစ်ရံ အဆိုပါတောင်သူများက တစ်ဝက်၊ ဘာမှမဆိုင်သည့် သူကတစ်ဝက်၊  ထိုမြေပေါ်ကို  တစ်ခါမှမရောက်ဖူးသည့်သူများက ရကုန်ခြင်းက   အမြောက်အမြားရှိကြောင်း၊   အဆိုပါကိစ္စများကို ကြပ်ကြပ်မတ်မတ်ဖြင့် ဆောင်ရွက်ပြီး ပြည်သူများ၏ကျေနပ်မှုကို ရယူ၍ နိုင်ငံတော်စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ရန်အတွက် အဆိုပါကိစ္စများကို ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိကို သိလိုကြောင်း မေးမြန်းသည်။

 


မည်သူကတရားပြီး မည်သူကမတရားဟု မပြောလို


ဗိုလ်ချုပ်ဇော်မင်းထွန်း   က    မြေယာပြဿနာများအနေဖြင့် မှတ်တမ်းမှတ်ရာ၊ မိတ္တူကူးယူခွင့်ကို  ဌာနတိုင်းတွင်  စည်းမျဉ်းများ ရှိကြောင်း၊ ဥပမာ   ရွေးကောက်ပွဲကော်မရှင်တွင်  မဲပေးသည့်သူ၊ စစ်ဆေးသည့်သူများက  မည်မျှတင်ရမည်၊  မည်မျှပေးရမည်ဟူ၍ ရှိပြီးဖြစ်ကြောင်း၊ မြေယာတွင်လည်း မိမိသိရသလောက် မိတ္တူကူးယူ ခွင့်နှင့် ပတ်သက်ပြီး မြေစာရင်းလက်စွဲဥပဒေများရှိကြောင်း၊ အဆိုပါ မြေစာရင်း   လက်စွဲဥပဒေများတွင်   မိတ္တူကူးယူလိုသူနှင့်     ကြည့်ရှု စစ်ဆေးလိုသူက မြေစာရင်းလက်စွဲဥပဒေတွင်ပါသည့်အတိုင်း၊ ပြဋ္ဌာန်း ချက်များအရ   ငါးဆယ်ကျပ်တန်  ရုံးတံဆိပ်   ကပ်နှိပ်ထားသည့် လျှောက်လွှာပုံစံရေးသားပြီး  သက်ဆိုင်ရာအမှုထိန်းထံကို ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ သို့သော် မြေယာနှင့် သက်ဆိုင်မှုမရှိသူများအတွက် မည်သူ   တစ်ဦးတစ်ယောက်ကိုမျှ   ရုံးလုပ်ငန်းနှင့်ဆက်စပ်သည့် စာရွက်စာတမ်းများကို ကြည့်ရှုစစ်ဆေး ပိုင်ခွင့်၊ မိတ္တူကူးယူပိုင်ခွင့်မပြုနိုင်ဟု  ပြဋ္ဌာန်းထားကြောင်း၊ ကာယကံရှင်ကိုယ်တိုင်အနေဖြင့် တောင်းခံ၍ရကြောင်း၊  ဘေးလူအနေဖြင့်  တောင်းခံ၍မရကြောင်း၊  မိမိသိသလောက် ပြောပြခြင်းဖြစ်ကြောင်း၊ လူတိုင်းတောင်းခံခွင့်မရှိ ကြောင်း၊   ရွေးကောက်ပွဲကော်မရှင်ကို   မဲစာရင်းတောင်းသကဲ့သို့ မဲပေးသည့်သူတိုင်းက ၎င်းနှင့် သက်ဆိုင်သည့်နယ်များကို တောင်းခွင့် ရှိကြောင်း၊ အဆိုပါမြေယာကိစ္စတွင်  နစ်နာသည့်သူကသာ တောင်းခွင့် ရှိကြောင်း၊ မြေယာပြဿနာနှင့်  ပတ်သက်ပြီး   မည်သူက  တရားပြီး မည်သူက မတရားဟု မပြောလိုကြောင်း။

 


အကြံပြုချက်များနှင့်ပတ်သက်ပြီး  မိမိတို့အနေဖြင့်  ထည့်သွင်း ဖော်ပြသွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ပြိုင်ပြီးမငြင်းလိုပါကြောင်း၊ မြေယာနှင့်ပတ်သက်ပြီး မိမိလည်း မကျွမ်းကျင်ပါကြောင်း၊  မြေယာ နှင့်ပတ်သက်ပြီး လုပ်နေသည့် ပွဲစားလည်းမဟုတ်ကြောင်း၊ မိမိအနေ ဖြင့် မကျွမ်းကျင်ခြင်းကြောင့် သတင်းထောက်ကြီးနှင့် အပြိုင်မငြင်းလို ကြောင်း၊ ယခုသည် သတင်းစာရှင်းလင်းပွဲ လုပ်နေခြင်းဖြစ်ကြောင်း၊ သတင်းထောက်ကြီး ပြောသည့်ကိစ္စများကို မှတ်တမ်းတင်ပေးမည် ဖြစ်ကြောင်း၊  အဆိုပါကိစ္စနှင့်ပတ်သက်ပြီး   ကျေနပ်သူများရှိသလို မကျေနပ်သူများလည်း ရှိခြင်းကြောင့် ဘက်နှစ်ဘက် ရှိနိုင်ကြောင်း၊ ပြည်သူလူထုကောင်းကျိုးအတွက်   ပြောခြင်းကို    မိမိတို့အနေဖြင့် လက်ခံကြောင်း၊  သို့သော်လည်း  တစ်ဖက်တွင်  ၎င်း၏ဝန်ထမ်းများ လုပ်ဆောင်နေရသည်များရှိကြောင်း၊ သမာခြင်း၊ မသမာခြင်းကို မိမိ ဆုံးဖြတ်နေခြင်း   မဟုတ်ကြောင်း၊  သို့သော်   အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး သတင်းထောက်ကြီးပြောကြားသည်များကို ပြောပေး မည်၊ မှတ်တမ်းတင်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပြီးအငြင်းပွားရန် မဟုတ်ကြောင်း  ပြန်လည်ဖြေကြားသည်။

 


နိုင်ငံအကျိုးပြုသတင်းမီဒီယာမှ သတင်းအယ်ဒီတာ ကိုခန့်က လက်ရှိဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေးအခြေအနေကို တည်ငြိမ်အောင် နိုင်ငံတော်အစိုးရအနေဖြင့် အချိန်ကာလသတ်မှတ်ပြီး ဆောင်ရွက်နေ ပါသလား၊ မည်သည့်အချိန်ကာလ  နောက်ဆုံးထားပြီး    နိုင်ငံတော် တည်ငြိမ်အောင် ဆောင်ရွက်နေသည်ကို သိလိုပါကြောင်း မေးမြန်း သည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက အချိန်ကာလသတ်မှတ်ထားခြင်း မရှိ ပါကြောင်း၊ အချိန်ကာလသတ်မှတ်၍လည်း မရပါကြောင်း၊ ဖြစ်ပျက် နေသည့် အဖြစ်အပျက်၊ အကြောင်းအရာ မှန်သမျှသည် မိမိတို့အနေဖြင့် ပြည်သူလူထု၏   အသက်အိုးအိမ်   စည်းစိမ်လုံခြုံစေရေး၊   လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် ပြည်သူ့ဘဝ တည်ငြိမ်အေးချမ်း ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များအနေနှင့်ရော အစိုးရအနေဖြင့်ပါ အစွမ်းကုန်စွမ်းအားရှိသမျှ  အမြန်ဆုံးတည်ငြိမ်အောင်  ဆောင်ရွက် လျက်ရှိကြောင်း ဖြေကြားသည်။

 


နိုင်ငံအကျိုးပြုသတင်းမီဒီယာမှ သတင်းအယ်ဒီတာ ကိုခန့်က နိုင်ငံရေးအကျပ်အတည်းကာလတွင် အစိုးရအောက်ခြေဝန်ထမ်းအချို့ ၏   အကျင့်ပျက်လာဘ်စားမှုကို   လက်ရှိအစိုးရအနေဖြင့်   မည်သို့ ကိုင်တွယ်အရေးယူဆောင်ရွက်နေပါသလဲ   သို့မဟုတ်   တိတိကျကျ အချက်အလက်များဖြင့် တိုင်ကြားပါက မည်သည့်ဌာနသို့ တိုင်ကြားရ မည်ကို သိလိုကြောင်းမေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက တိုင်ကြားရမည့် ဌာနများရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရှိပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများရှိပါကြောင်း၊ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အစိုးရ အဖွဲ့များရှိပါကြောင်း   ယင်းဌာနများသို့    တိုင်ကြားနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

 


နိုင်ငံအကျိုးပြုသတင်းမီဒီယာမှ  သတင်းအယ်ဒီတာ ကိုခန့်က နိုင်ငံတော်နှင့်ပြည်သူများအား    ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရန် အတွက် စစ်မှုမထမ်းမနေရ စနစ်ကို မည်သည့်အချိန် မည်သည့်ကာလ တွင် စတင်ကျင့်သုံးရန် ရည်ရွယ်ထားသည်ကို သိလိုကြောင်း မေးမြန်း သည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်း က  နိုင်ငံသားတစ်ယောက်အနေဖြင့် စစ်မှုထမ်းရမည်ဆိုလျှင် ထမ်းရမည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း၏တာဝန်ဖြစ်ကြောင်း၊ မိမိပြောလိုသည်မှာ စစ်မှုမထမ်းမနေရဥပဒေကို ပြဋ္ဌာန်းထားသည့်  နိုင်ငံများရှိသကဲ့သို့  ပြဋ္ဌာန်းထားခြင်းမရှိသည့် နိုင်ငံများလည်းရှိကြောင်း၊ မြန်မာနိုင်ငံတွင် အခြေခံဥပဒေအရ နိုင်ငံ သားတိုင်း စစ်မှုထမ်းရန်အတွက် တာဝန်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊  နိုဝင်ဘာလတွင်   ပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊  အကြမ်းဖျင်းပြောရလျှင်  အသက်  ၁၈  နှစ်မှ  ၃၅ နှစ်ကြားရှိသူများ   စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊   စစ်မှုထမ်းရာတွင် ၂ နှစ်၊ ၃ နှစ် အစဉ်အလိုက်   စစ်မှုထမ်းရမှာဖြစ်ကြောင်း၊   စစ်မှုထမ်း ပြီးပါက ၂ နှစ် ၃ နှစ်ပြည့်လျှင် ပြည်သူ့စစ်မှုထမ်းဘဝမှ ထွက်ခွာ၍ရကြောင်း မထွက်ခွာလိုပါက ဆက်လက်အမှုထမ်းလိုလျှင် ၎င်း၏အဆင့်အလိုက်    ပေးသွားမည်ဖြစ်ကြောင်း၊  ယင်းကိစ္စသည်  မိမိတို့နိုင်ငံမှ ဥပဒေပြဋ္ဌာန်းထားပြီး မိမိတို့က လက်တွေ့မကျင့်သုံးသေး သည့် နိုင်ငံဖြစ်ကြောင်း၊ မိမိတို့ အိမ်နီးနားချင်းနိုင်ငံများကို ကြည့်မည် ဆိုပါက အိန္ဒိယနိုင်ငံသည်     ပြည်သူ့စစ်မှုထမ်းဥပဒေ     ပြဋ္ဌာန်းထားခြင်း မရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်သည်လည်း ပြဋ္ဌာန်းထားခြင်းမရှိကြောင်း၊ လာအိုက  ပြဋ္ဌာန်းထားပြီး လက်တွေ့ကျင့်သုံးလျက်ရှိကြောင်း၊ ထိုင်း နိုင်ငံက  ပြဋ္ဌာန်းထားပြီး ထိုင်းနိုင်ငံအနေဖြင့် မဲနှိုက်၍ကျင့်သုံးကြောင်း အနီမဲကျလျှင် စစ်မှုထမ်းရပြီး အနက်မဲကျလျှင် စစ်မှုမထမ်းရကြောင်း၊ တရုတ်နိုင်ငံက ပြဋ္ဌာန်းထားပြီး လက်တွေ့မကျင့်သုံးကြောင်း၊ မိမိတို့ နိုင်ငံက ပြဋ္ဌာန်းထားပြီး လက်တွေ့မကျင့်သုံးကြောင်း၊ ပြဋ္ဌာန်းနိုင်ရန် အတွက် နိုင်ငံ၏အခြေအနေအရ ကာကွယ်ရေး၊ လုံခြုံရေးအခြေအနေ အရ   ကျင့်သုံးရန်လိုအပ်ပါက   လက်တွေ့ကျင့်သုံးရန်ရှိပါကြောင်း၊ ပြဋ္ဌာန်းရန်အတွက်   အဆင်သင့်ဖြစ်နေသည့်    ဥပဒေဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


နေပြည်တော်တိုင်း(မ်)အွန်လိုင်းသတင်းအေဂျင်စီမှ    သတင်း ထောက် ဦးမင်းမောင် က ကျန်းမာရေးနှင့်ပတ်သက်၍  မေးမြန်းလို ကြောင်း၊ ကိုဗစ်ရောဂါပိုး Omicron နှင့် ပတ်သက်ပြီး အမေရိကန်တွင် အတော်များများ မနိုင်မနင်းဖြစ်ပြီး  တစ်ရက်တည်းတွင် တစ်သိန်း ကျော် တွေ့ရှိရကြောင်း၊ ပါဝါအင်အားကြီးသည့် နိုင်ငံများတောင်မှ Omicronကို တော်တော်လေး အသည်းအသန်ကာကွယ်နေရကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန(ရန်ကုန်) ၌ စစ်ဆေးရာတွင် ဓာတ်ခွဲအတည်ပြု Omicron ရောဂါပိုးတွေ့ရှိသူ ၄၂ ခုတွေ့ရှိရကြောင်း၊ နိုင်ငံခြားလေကြောင်းလိုင်းမှ ပါလာသူ UAE က ၃၂ ယောက်နှင့် နိုင်ငံခြားမှ မြန်မာနိုင်ငံအတွင်း ပါလာသည့် ကိုဗစ် ပိုးတွေ့ရှိသောလူနာများကို ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက် ထားခြင်းနှင့်ပတ်သက်၍ သိလိုကြောင်း မေးမြန်းသည်။

 


 ပြည်တွင်းကူးစက်မှု မတွေ့ရသေး


ဗိုလ်ချုပ် ဇော်မင်းထွန်းက   နိုင်ငံခြားခရီးစဉ်မှ   ပါလာသည့် ခရီးသည်များကို   မိမိတို့အနေဖြင့်  Quarantine   ထားကြောင်း၊ ရောက်ရောက်ချင်း စစ်ဆေးမှုများ ပြုလုပ်ကြောင်း၊ ရောဂါပိုးတွေ့လျှင် ကုသရေးစင်တာများသို့ ပို့ကြောင်း၊ မတွေ့လျှင်လည်း Quarantine အပြည့်ထားကြောင်း၊  ယခင်က ကျန်းမာရေးဝန်ကြီးဌာနမှ ဖြေလျှော့ ပြီး တစ်ပတ်သာထားကြောင်း၊ ယခု နှစ်ပတ်အပြည့်ထားကြောင်း၊ လုံးဝကင်းရှင်းမှ ပြန်လွှတ်ကြောင်း၊ ထိုကဲ့သို့  ဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိတို့နိုင်ငံတွင် Omicron ရောဂါနှင့် ပတ်သက်ပြီး ပြည်တွင်း ကူးစက်မှု မတွေ့ရသေးကြောင်း၊ နိုင်ငံခြားမှ ပြန်လာသည့်သူများသာ တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် တိကျစွာ လိုက်နာလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

 


လူတိုင်းကာကွယ်ဆေးထိုးနှံနိုင်ရေး 
ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်


အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ဒုတိယဝန်ကြီးဖြေကြားမှုများမှာ ပြည့်စုံပါကြောင်း၊ ထပ်ဖြည့်စရာ မရှိပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့၏ ကျန်းမာ ရေးဆိုင်ရာပြဋ္ဌာန်းချက်များကို လိုက်နာရန် လိုအပ်ပါကြောင်း၊ ပြည်ပ နိုင်ငံများမှ ပြန်လာသည့်ပုဂ္ဂိုလ်များကိုလည်း Quarantine တိတိ ကျကျ စည်းကမ်းလိုက်နာရန်နှင့် ကိုဗစ်ကာကွယ်ရေးစည်းမျဉ်းများကို ဆောင်ရွက်ရန်လိုပါကြောင်း၊   ထို့အပြင်   ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကိုလည်း ယခုဆိုလျှင် အသက် ၁၈ နှစ်အထက်ပြည်သူများ ကို ကာကွယ်ဆေးထိုးနေပြီဖြစ်သည့်အတွက် လူတိုင်းကာကွယ်ဆေး ထိုးနှံနိုင်ရေးကိုလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ဖြည့်စွက်ဖြေကြားသည်။