
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှ အဆက်)
97 Media မှ သတင်းထောက်ချုပ် နန္ဒလင်း(ထားဝယ်) က ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မြန်မာနိုင်ငံကို အလုပ်သဘောအရ လာရောက်ခဲ့သည့် ခရီးစဉ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ အာဆီယံ အထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက် မည့်ကိစ္စရပ်များ ဆောင်ရွက်နေသည့်အခြေအနေကို သိလိုကြောင်း မေးမြန်းသည်။
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်မည်
ဗိုလ်ချုပ်ဇော်မင်းထွန်း က ကမ္ဘောဒီးယားနိုင်ငံနှင့် နှစ်နိုင်ငံသဘော တူညီချက်ကို ပြောခဲ့ပြီးဖြစ်ကြောင်း၊ အစိုးရချင်းဆွေးနွေးခဲ့ခြင်းများရှိကြောင်း၊ စီးပွားရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် အခွန်နှစ်ထပ် ကောက်ခံမှုကင်းလွတ်ရေး ဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ထိုးနိုင်ခဲ့ပြီး ဆက်လက် ဆောင်ရွက်သွားမည့်ကိစ္စများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်သည့်အခါတွင် မြန်မာနှင့် ကမ္ဘော ဒီးယားနိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းပျံသန်းမည့်ကိစ္စ များ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေးကဏ္ဍတွင် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံအကြား ၂၀၁၇-၂၀၂၁ ပညာရေးပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာချုပ်ဆိုပြီးဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်ပြီဖြစ်ကြောင်း၊ သက်တမ်းတိုးမြှင့်ချုပ်ဆိုနိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်မတော်(ကြည်း၊ရေ၊လေ)တပ်ဖွဲ့များ နှစ်ဖက်ပူးပေါင်းဆောင်ရွက် မည့် ကိစ္စရပ်များ၊ ပြန်ကြားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသွားမည့် ကိစ္စရပ်များ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် သာသနာရေးနှင့်ယဉ်ကျေးမှုကဏ္ဍ တွင် ကမ္ဘောဒီးယားက ဘုန်းတော်ကြီးနှင့် သီလရှင်အရေအတွက် ၂၄၉ ပါးကို မြန်မာနိုင်ငံ နိုင်ငံတကာ ထေရဝါဒဗုဒ္ဓဘာသာသာသနာပြု တက္ကသိုလ်တွင် ပညာသင်ခွင့်ပေးခဲ့ပါကြောင်း၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ နှစ်နိုင်ငံရှေးဟောင်း မြို့တော်များအချင်းချင်း ဆက်သွယ်ရန်၊ နှစ်နိုင်ငံယဉ်ကျေးမှုမြို့တော် များအချင်းချင်း ဆက်သွယ်နိုင်ရန် လုပ်ငန်းများကို ဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ပိုမိုတိုးမြှင့်နိုင် မည်ဟုပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်ဦးက ပညာရေးနှင့် ပတ်သက်ပြီး မေးမြန်းလိုကြောင်း၊ လူမှုကွန်ရက်၌ ယခုရက်ပိုင်းတွင် ပျံ့နှံ့လာသည့် တက္ကသိုလ်ဝင်ခွင့်ဖြေဆိုရန်အတွက် ကျောင်းတက် နေသည့်သူများကိုမဆိုလိုဟု ထင်ကြောင်း၊ အပြင်ဖြေ ဖြေရန် ကျောင်းသားများအတွက် ရည်ညွှန်းသည့်သဘောကို တွေ့ရကြောင်း၊ ဝင်ခွင့်/ဖြေခွင့် ဖောင်တင်ထားသည့် ကျောင်းသားများအထဲတွင် တိုင်းရင်းသားလူငယ် ကျောင်းသူ ကျောင်းသားများထက် လူမျိုးခြား ဝင်ဖြေမည့် ကျောင်းသား ကျောင်းသူများက ပိုပြီးများသည်ဟု သတင်းများပျံ့နှံ့နေကြောင်း၊ ထိုကိစ္စမှန်/မမှန် အတည်ပြုပေးနိုင်ပါ ရန်နှင့် ယင်းသည် လူမျိုးရေးဘက်တွင်လည်း ဆက်နွှယ်နေသည့် အနေအထားကို တွေ့ရကြောင်း၊ ပညာရေးနှင့်ပတ်သက်ပြီး ဗိုလ်ချုပ် ရှေ့တွင် ဓာတ်ပုံများနှင့်ပြသခဲ့ပြီးဖြစ်ကြောင်း၊ ကယားပြည်နယ် လွိုင်ကော်က စာသင်ကျောင်းတွင် PDF များက အခိုင်အမာစခန်းများ လုပ်ခြင်းများရှိကြောင်း၊ ထိုဖြစ်စဉ်များနှင့်ဆက်စပ်ပြီး ဘာသာရေး ကျောင်းများ၊ အများပြည်သူနှင့်ဆိုင်သည့် နေရာများဖြစ်နေသည့် လူနေအိမ်များမှ ပစ်ခတ်လာခြင်းများ ဖြစ်လာသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းတွင် စစ်ရာဇဝတ်မှုကျူးလွန်သည်ဟု ထုတ်ပြန်ခဲ့ခြင်း တွေ့ရကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း ထိုသို့စစ်ရာဇဝတ်မှုဖြစ်ခဲ့ခြင်း၊ ထုတ်ပြန်ခြင်း၊ တပ်မတော်ဘက်က ထုတ်ပြန်ခဲ့ခြင်း ရှိ/မရှိ၊ ပညာရေး တွင် စစ်ကျွန်ပညာရေးနှင့် သခင်ပညာရေးဟု နှစ်မျိုး လိုင်းပေါ်တွင် ပြောဆိုနေကြသည့်အနေအထားတွင် ပညာရေးကို နေရာဒေသတချို့ တွင် သခင် ပညာရေးစာသင်ကျောင်းဟု ဖွင့်လှစ်လာသည်ကို တွေ့ရ ကြောင်း၊ မိမိတို့ သိရှိထားသည့် ပညာရေးစီမံချက်သည် ၂၀၃၀ အထိ ပညာရေးစီမံချက် အဆင့်လိုက်ချထားသည်ဟု သိရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူနေစဉ် ဖွင့်လှစ်သည့် စာသင်ကျောင်းများတွင် တက်ရောက်သင်ကြားမှုမရှိဘဲ၊ သခင်ပညာ ရေးဟု ဖွင့်လှစ်သည့် စာသင်ကျောင်းများတွင် တက်ရောက်ပြီး စာသင် ကြားခဲ့သည့် ကလေးများသည် လာမည့်နှစ် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ပြန်ပြီး ရွေးကောက်ပွဲများ လုပ်မည်ဆိုပါက ထိုမတိုင်ခင် ကြားကာလ နှင့် ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကြားကာလတွင် တိုင်းပြည် တည်ငြိမ်သွားသည့် အခြေအနေအချိန်အခါတွင် စာသင်ကျောင်းများ ကို ၎င်းကလေးများ ရောက်လာမည်ဆိုပါက ၎င်းတို့သည် ယခုအခြား ဘက်က သင်ကြားပေးနေသည့် သခင်ပညာရေးကျောင်းဘက်မှ အောင်မြင်သည်ကို ဒီဘက်ကခွင့်ပြုမည်လား၊ မည်သည့်ပုံစံဖြင့် သွားမည်ကို ပညာရေးနှင့်ပတ်သက်ပြီး သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက စာမေးပွဲဖြေခြင်းနှင့်ပတ်သက်၍ အပြင် ဖြေ ဖြေသည်ကို နိုင်ငံတော်အစိုးရအနေဖြင့် ကန့်သတ်၍မရကြောင်း၊ အကျူံးဝင်သူများ၊ လျှောက်လွှာတင်သူများ ဖြေရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် သုံးသပ်၍ခက်ပါကြောင်း၊ Facebook တွင် တွေ့သည်မှာလည်း ရမ်းသမ်းသုံးသပ်ချက်ဖြစ်ကြောင်း၊ တိုင်းရင်း သားများမပါ၊ ဘာသာခြားများပါသည်ဟူသည်မှာလည်း သွေးထိုး လှုံ့ဆော်မှု တစ်ခုသာဖြစ်သည်ဟု မိမိမြင်မိပါကြောင်း၊ လျှောက်လွှာ တင်သည့်အခါ အမည်များ အမျိုးမျိုးဖြစ်နေနိုင်ကြောင်း၊ အမည်တွင် ဦးရာဂျူးဟု မှည့်ထားသော်လည်း ၎င်းသည် ဗမာစစ်စစ်ကြီး ဖြစ်ကြောင်း၊ ၎င်းသည် အကြောင်းရှိ၍သာ ဦးရာဂျူးဟု မှည့်ထားခြင်း ဖြစ်ပြီး ဦးရာဂျူးဟုမြင်တိုင်း အခြားလူမျိုးခြားဟု မှတ်၍မရကြောင်း၊ ထိုသို့ရှိနိုင်သည်ဟု ဥပမာပြောပြခြင်းဖြစ်ကြောင်း။
ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်
အထက်တန်း ပညာရေးပြီးဆုံးမှသာ ဘွဲ့ရရန်ဖြစ်နိုင်ကြောင်း၊ အထက်တန်းပညာရေးပြီးဆုံးမှသာ လုပ်ငန်းခွင့်ဝင်ခွင့် ပိုကျယ်လာ မည်ဖြစ်ကြောင်း၊ ပညာသင်ကြားနိုင်သူ၊ ပညာသင်ကြားရန် အရွယ်ရှိသူ အားလုံးကို နိုင်ငံတော်အစိုးရအနေဖြင့် အနည်းဆုံးအဆင့် kg+9 ပညာရေးစနစ်ကို မျှော်မှန်းပြီး လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက ထိုလုပ်ငန်းစဉ်တွင် ပါဝင် စေရေး မိမိတို့သားသမီးများ၊ မိမိတို့နှင့် သက်ဆိုင်သည့် အုပ်ထိန်းခွင့် ရှိသူများ ပါဝင်စေရေးအတွက် ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက် ပေးကြပါဟု ပြောလိုကြောင်း။
စစ်ရာဇဝတ်မှုနှင့် ပတ်သက်သည့် အသုံးအနှုန်းကို ယခင်က မြန်မာနိုင်ငံတွင်ဖြစ်ခဲ့သည့် အခြေအနေအရ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများတွင် စစ်ရာဇဝတ်မှုနှင့် ပတ်သက်သည့် ရာဇဝတ်မှုများ များစွာရှိကြောင်း၊ သို့သော် ကျယ်ကျယ်ပြန့်ပြန့် စစ်ရာဇဝတ်မှုဟူ၍ စွပ်စွဲခြင်းမျိုးမရှိကြောင်း၊ ဥပမာ - ဗကပခေတ်က ဆင်စွယ်ရွာတစ်ရွာ လုံး အသတ်ခံရသည့် ဖြစ်စဉ်မျိုးများရှိကြောင်း၊ စစ်ရာဇဝတ်မှု ၊ War Crime ၊ Human Against ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှု များသည် ယခုနောက်ပိုင်းမှသာ နိုင်ငံတကာ အသုံးအနှုန်းများနှင့် ဖြစ်လာခြင်းဖြစ်ကြောင်း၊ စစ်ရာဇဝတ်မှုဟု ပြောရခြင်းသည် စာသင် ကျောင်းများတွင် တပ်စွဲခြင်းမျိုး၊ လူသားတံတိုင်း အသုံးပြုပြီး ရပ်ကွက်/ကျေးရွာများကို ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ ကယားဖြစ်စဉ် တွင် သာမန်အရပ်သားများ လိုက်ပါစီးနင်းလာသည့်လေယာဉ်ကို အရပ်သားရပ်ကွက်ထဲမှ ပစ်ခတ်ခြင်းမျိုးကို ပြောခြင်းဖြစ်ကြောင်း။
တစ်ဦးချင်းအပေါ်တွင် မူတည်
စစ်ကျွန်ပညာရေး၊ သခင်ပညာရေးဟု မရှိပါကြောင်း၊ NUG ၊ CRPH ၊ PDF အမည်ခံအဖွဲ့များသည် ၎င်းတို့ပြောနေသည့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကပညာရေးကို သင်ခဲ့ကြခြင်းဖြစ် ကြောင်း၊ မိမိတို့လည်း ထိုပညာရေးကို သင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုပညာရေးကိုသင်ပြီး နိုင်ငံခြားသို့သွားပြီး အလုပ်လုပ်နေသူများ ရှိကြောင်း၊ တန်းတူညီတူ ရင်ပေါင်တန်း အလုပ်လုပ်နေသူများလည်း ရှိကြောင်း၊ ပညာရေးစနစ်ဆိုသည်ထက် တစ်ဦးချင်းအပေါ်တွင်လည်း မူတည်ကြောင်း၊ ပညာရေးစနစ်ကောင်း၊ မကောင်းဟု မိမိပြောနေခြင်း မဟုတ်ကြောင်း၊ ပညာရေးစနစ်နှင့်ပတ်သက်ပြီး လုပ်ဆောင်နိုင်သည် ထက် လူအပေါ်တွင်လည်း မူတည်ကြောင်း၊ အစိုးရတစ်ရပ်တွင် ကျောင်းနှစ်ကျောင်း မရှိပါကြောင်း၊ အစိုးရနှင့် အစိုးရအသိအမှတ်ပြု ပုဂ္ဂလိကကျောင်းများရှိကြောင်း၊ စည်းမျဉ်းစည်းကမ်းအရ လိုက်နာပြီး အောင်လာသည့်ကျောင်းများက ပုံမှန်အတိုင်း အတန်းတက်မည် ဖြစ်ကြောင်း၊ မိမိတို့ အိမ်နီးချင်းနိုင်ငံဖြစ်စေ၊ နိုင်ငံခြားတွင် ပညာ သင်ကြားလာပြီး ၎င်းနိုင်ငံနှင့် သဘောတူထားသည့် အဆင့်အတန်း ရှိလျှင်ရကြောင်း၊ အခြားနိုင်ငံတွင် ၁၀ တန်းတက်လာပြီး မိမိတို့နိုင်ငံ တွင် ၁၀ တန်းတက်၍ရသည်ဟု မရှိကြောင်း၊ မိမိတို့နိုင်ငံတွင် မည်မျှ အောင်သည်ဖြစ်စေ အခြားနိုင်ငံတွင် သွားတက်၍ရသည့် သဘော တူညီချက်ရှိလျှင်ရကြောင်း၊ ကျန်သည့်အရာများက အကျုံးဝင်ခြင်း မရှိပါကြောင်း။
မိမိသိသလောက် သခင်ပညာရေးဆိုသည်မှာ မြန်မာတို့၏ အစွဲအရ မိမိတို့၏ ဗြိတိသျှပညာရေးကို ဆန့်ကျင်ခုခံသည့် အမျိုးသား ကျောင်းများ စတင်ပေါ်ပေါက်သည့်အချိန်တွင် မိမိတို့က အမွှမ်းတင်ပြီး သခင်ပညာရေးဟု ပြောခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသားကျောင်းများကို လေ့လာကြည့်ရာတွင် အမျိုးသားကျောင်းများ၏ သင်ရိုးများတွင် မြန်မာသင်ရိုးလည်းပါရှိပြီး အင်္ဂလိပ်ကျောင်းများတွင် သင်သည့် အင်္ဂလိပ်စာသင်ရိုးများလည်းပါကြောင်း၊ ထိုသို့သာ မိမိသဘောပေါက် ပါကြောင်း၊ သတင်းထောက်ကြီးပြောသည့် NUG ၊ PDF တို့၏ ဝါဒဖြန့်မှု ကို သတင်းစာရှင်းလင်းပွဲတွင် သခင်ပညာရေးဆိုပြီး လာပြောရန် အကြောင်းမရှိကြောင်း၊ အကျုံးမဝင်ဟုပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။
နိုင်ငံ့သစ္စာသတင်းမီဒီယာမှ CEO ဦးအောင်ကျော်ဦးက မေးမြန်း ရာတွင် အခြိမ်းခြောက်ခံ သတင်းထောက်အချို့က ဗိုလ်ချုပ်ကို မေးပေးရန်ဆိုသည့်မေးခွန်းဖြစ်ကြောင်း၊ ပြည်တွင်းမီဒီယာအချို့ အခြိမ်းခြောက်ခံနေရကြောင်း၊ တကယ်အသတ်ခံရသူများလည်း အများအပြားရှိနေကြောင်း၊ ယခုအချိန် နိုင်ငံတော်က မည်သည့် လက်နက်မျှမိမိအိမ်မှာမထားရန် ထုတ်ပြန်ထားကြောင်း၊ ထို့ကြောင့် မည်သည့်လက်နက်မှ လက်ဝယ်မဆောင်ထားရဲကြကြောင်း၊ ခြိမ်းခြောက်ခံသတင်းထောက်သည် မည်သူလာသတ်မည်မှန်းမသိဘဲ ဘောပင်ကိုင်ပြီးသေမည့်နေ့ကို စောင့်နေရသကဲ့သို့ ဖြစ်နေကြောင်း၊ လုပ်ကြံခံရ၍ သေသည့်သတင်းထောက်များလည်း သေကုန်ပြီ ဖြစ်ကြောင်း၊ မိတ္ထီလာမြို့တွင် နေထိုင်သည့် သတင်းထောက် ခင်ကိုလတ်၏ ဆိုင်ကယ်ပြင်ဆိုင်ကို ပထမဆုံးဗုံးဖြင့် အပစ်ခံရပါ ကြောင်း၊ ဒုတိယအကြိမ် သေနတ်ဖြင့် ဝင်ပစ်သွားပါကြောင်း၊ ငါးလ သား အရွယ်ကလေးငယ်၏ ပေါင်ကို ထိမှန်ခဲ့ပါကြောင်း၊ တတိယ အကြိမ် ၁၃ ရက်နေ့ ၅နာရီအချိန်မှာ အိမ်စီးကားနှင့် ဝင်လာ၍ ထပ်ပြီး သေနတ်ဖြင့် ဝင်ပစ်ခဲ့ပါကြောင်း၊ ဒုတိယတစ်ဦးမှာ မိတ္ထီလာမှဖြစ် ကြောင်း၊ တပ်မတော်မှ ဗိုလ်မှူးကြီးအဆင့်နှင့် အငြိမ်းစားယူထားသည့် ဦးစံလှဖြစ်ပြီး လက်ရှိတွင် သတင်းလုပ်ငန်းလုပ်နေပါကြောင်း၊ ၎င်းကို လည်း သေကြောင်းကြံမှု အကြိမ်ပေါင်း မနည်းရှိနေပါကြောင်း၊ ငွေပေး၍သတ်သည်ဆိုပြီး လိုင်းပေါ်မှာ တင်ထားသည်များကလည်း ပွလန်နေကြောင်း၊ ရွှေဘို၌ အသတ်ခံရသည့် သတင်းထောက် နှစ်ဦး ထက်မနည်းရှိနေကြောင်း၊ ယခုလအတွင်း ဇီးကုန်းမြို့နယ် သတင်း ထောက် ဦးကျော်ကျော်သည် ဆိုင်ကယ်ဖြင့်လာသည့်အချိန်တွင် ဗုံးခွဲတိုက်ခိုက်ရန် ၎င်းတို့ ပြင်ဆင်ထားသည်ကို တပ်မတော်က လက်မတင်လေး ဖမ်းလိုက်သည့်အတွက် ဦးကျော်ကျော် အသက်ဘေး မှ လွတ်ခဲ့ရကြောင်း၊ အလားတူ ကျောက်တံတားမြို့နယ်တွင်လည်း ဖြစ်စဉ်အများအပြား ဖြစ်နေကြောင်း၊ ဗိုလ်ချုပ်တို့အနေဖြင့် သေနတ်၊ လက်ပစ်ဗုံးဖြင့် ရန်ပြုလာသူကို ဥပဒေနှင့်အညီ ပြန်လည်ခုခံရန် မည်ကဲ့သို့ လက်နက်များကို ကိုင်ဆောင်ခွင့်ပြုပေးနိုင်မည်ကို သိချင် ကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြန်လည်ဖြေကြားရာတွင် သတင်း ထောက်ကြီး မေးမြန်းသကဲ့သို့ သတင်းထောက်များအသတ်ခံရခြင်း သည် NUG၊ CRPH၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များက လုပ်ဆောင် နေသည်ဟု မိမိသဘောပေါက်ပါကြောင်း၊ တချို့နိုင်ငံတကာ သတင်း မီဒီယာများတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် သတင်းထောက်များကို နှိပ်ကွပ်ကြောင်း၊ ဖမ်းကြောင်း၊ သတင်းထောက်များကို မည်သို့ဆောင်ရွက်ကြောင်း စသည့်အချက်များ ကိုသာ တွေ့ရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖြစ်စဉ်၊ နေရာတိတိကျကျ၊ လူအမည်များနှင့် NUG ၊ CRPH ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များ က သတင်းထောက်များကို လုပ်ဆောင်နေခြင်းများကို ပြောပြသည့် အတွက် ကျေးဇူးတင်ကြောင်း၊ ထိုခြိမ်းခြောက်ခံထားရသည့် သတင်း ထောက်များနှင့်ပတ်သက်၍ စာရင်းများလည်း မိမိတို့ကိုပေးပါဟု ပြောချင်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်နေကြောင်း၊ တတ်နိုင်သည့်စောင့်ရှောက်မှုများကို မိမိတို့ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုအကြောင်းအရာများကို ဖော်ထုတ် ပြောပြပေးသည့်အတွက်လည်း မိမိတို့ကျေးဇူးတင်ပါကြောင်း။
မီဒီယာများ မည်သို့ခြိမ်းခြောက်ခံရကြောင်း၊ မီဒီယာများနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနှင့် မီဒီယာများကို မည်သို့နှိပ်ကွပ်ကြောင်း၊ ထိုသို့မိမိတို့ကို ဆန့်ကျင်ရေး နေသည့် မီဒီယာသမားများဖြစ်သော အမြဲတမ်းတွေ့နေရသည့် BBC သတင်းထောက် ရန်ကုန်မှာရှိကြောင်း၊ VOA သတင်းထောက်လည်း ၎င်းအတိုင်းရှိကြောင်း၊ RFA သတင်းထောက်လည်းရှိကြောင်း၊ ၎င်းတို့ ကို မိမိတို့က ဖမ်းဆီးထားခြင်းမရှိကြောင်း၊ သို့သော် မိမိတို့ကို စွပ်စွဲထားသည်များလည်းရှိကြောင်း၊ ပြည်တွင်း၌ အမျိုးသားနိုင်ငံရေး အတွက် လုပ်နေသည့် သတင်းထောက်များ အသတ်ခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းများကို နိုင်ငံတကာ မီဒီယာများကလည်း အရှက် မရှိ နှုတ်ဆိတ်နေကြောင်း၊ ထိုအကြောင်းအရာကို ယခု သတင်းစာ ရှင်းလင်းပွဲ၌ ဖော်ထုတ်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ ၎င်း အကြောင်းအရာများကို ပြည်ထဲရေးဝန်ကြီးဌာနကို ပေးစေလိုကြောင်း။
လုံခြုံရေးအရ ဆောင်ရွက်သွားမည်
ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်အတွက်နှင့်ပတ်သက်၍ ပြောရလျှင် ဥပဒေအရ မိမိတို့က လက်နက်ထုတ်ပေး၍ မရကြောင်း၊ သို့သော် မိမိကိုသေစေရန် သော်လည်းကောင်း၊ မိမိကို အပြင်းအထန် ဒဏ်ရာရ စေရန် လုပ်လိုက်သည့်အတွက် မိမိကိုယ်ကို ခုခံပိုင်ခွင့်အရ ပြုလုပ် လိုက်သောအမှုသည် ပြစ်မှုကျူးလွန်ရာမရောက်ဟု ပါရှိကြောင်း၊ ထို့ကြောင့် မိမိပြောလိုသည်မှာ ပြစ်မှုကျူးလွန်ရာမရောက်ဟု ဆိုလျှင် ရပြီဖြစ်ပါကြောင်း၊ မည်သည့်အရာနှင့် လုပ်ပါဟူ၍လည်း မပါကြောင်း၊ ထိုသို့ဆိုလျှင် သိနိုင်မည်ဟုထင်ကြောင်း၊ ယခုလို ဖော်ထုတ်ပေးသည့် အတွက်ကြောင့်လည်း ကျေးဇူးတင်ပါကြောင်း၊ ထိုစာရင်းများကို လည်း မိမိတို့ကို ပေးခဲ့စေလိုကြောင်း၊ သက်ဆိုင်ရာ ပြည်ထဲရေး၊ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များနှင့် ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ ကျန်သည့် သတင်းထောက်များအနေဖြင့် ယခု ကဲ့သို့ အခြေအနေမျိုးရှိလျှင် ထိုကဲ့သို့ မိမိတို့ကို ပေးပို့စေလိုကြောင်း၊ ခြိမ်းခြောက်ခံရသည့်စာများ မိမိတို့ထံ တင်ပြထားသူများလည်း ရှိကြောင်း၊ ၎င်းတို့ကိုလည်း ဆက်လက်၍ လုံခြုံရေးအရ ဆောင်ရွက် သွားမည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
နိုင်ငံ့သစ္စာသတင်းမီဒီယာမှ CEO ဦးအောင်ကျော်ဦးက မေးမြန်း ရာတွင် ယခုမြန်မာနိုင်ငံတွင် ဓာတ်ဆီဈေး၊ ဒီဇယ်ဈေးသည် နှစ်ဆ မတက်သေးသော်လည်း ပြည်တွင်း၌ပင် လိုင်းပြေးဆွဲနေသည့် ကားခ အကုန်လုံးသည် ကားခသုံးဆတက်နေကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်တို့အနေဖြင့် မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင် ထိုကိစ္စကို ယခု လောလောဆယ်တွင် မိမိဖြေကြားနိုင်ခြင်းမရှိပါကြောင်း၊ မိမိတို့ သက်ဆိုင်ရာဌာန ကို မေးမြန်း၍ ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
လူထုရင်ဖွင့်သံသတင်းမီဒီယာမှ အယ်ဒီတာ ဦးမင်းဂေါင် က အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် ဥပဒေနှင့်ပတ်သက်၍ မေးမြန်းခွင့်ပြုစေလိုကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ အင်ဒို-ပစိဖိတ် မဟာဗျူဟာအရ မိမိတို့ မြန်မာနိုင်ငံသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါလာပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ပတ်ဝန်းကျင်နိုင်ငံများသို့ မည်သူ များ လာရောက်သလဲဆိုသည်ကို ကြည့်မည်ဆိုပါက UN၏ ကုလ သမဂ္ဂကိုယ်စားလှယ် သံကိုယ်စားလှယ် ကိုယ်တိုင်လာရောက်ခဲ့ခြင်းရှိ ကြောင်း၊ မကြာမီက အမေရိကန်သံအမတ်ကြီး ကိုယ်တိုင်လည်း အိမ်နီးချင်းနိုင်ငံကို လာရောက်ခဲ့ကြောင်း၊ ထို့အပြင် အင်ဒို-ပစိဖိတ် ဒေသ၌ ၇ ဒသမ ၁ ဘီလီယံအထိ သုံးမည်ဆိုသည့် အနေအထားများအရ ၂၀၂၂ ခုနှစ်ထဲ၌ အရှိန်မြှင့်ပြီး တွန်းလာမည့် သဘောတရားများ ရှိပါကြောင်း၊ ထို့ကြောင့် ပြည်သူများနှင့် အမျိုးသားနိုင်ငံရေးသမား များအားလုံးက ဆူပူအကြမ်းဖက်မှုများအပါအဝင် တိုင်းပြည်ကို နိုင်ငံ ရေးအရပါ ဝင်ရောက်စွက်ဖက်ပြီး စိုးမိုးခြယ်လှယ်ဆောင်ရွက်လာ မည်ကို အင်မတန်စိုးရိမ်နေမိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ထိုအခြေအနေများကို ကြိုတင် မျှော်တွေးပြီး ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်းနှင့် ရှိခဲ့လျှင်လည်း အကြမ်းဖျင်းဖော်ပြပေးစေလိုပါကြောင်း မေးမြန်းသည်။
အကြမ်းဖက်မှုများ အမြန်ဆုံးပပျောက်စေရေး
ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုအကြောင်းအရာနှင့်ပတ်သက်၍ အကျဉ်းချုပ်ပြောရမည်ဆိုလျှင် နံပါတ်(၁) နိုင်ငံခြားရေးမူဝါဒသည် မိမိတို့ ပြဋ္ဌာန်းထားသည့်အတိုင်း လွတ်လပ်၍ တက်ကြွသော ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးနေကြောင်း၊ ၎င်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)စာအုပ်ထဲ၌လည်း ဖော်ပြထားပြီး ဖြစ်ကြောင်း၊ လက်တွေ့တွင် မိမိပြောလိုက်သည့် စကားထဲတွင်လည်း ပါပြီးဖြစ်ကြောင်း၊ လက်တွေ့တွင် မိမိနိုင်ငံအကျိုးကို လိုလားသည့် မိမိနိုင်ငံအပေါ် သဘောထားရှုမြင်မှုကောင်းသည့်နိုင်ငံများနှင့် မိမိတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုအရာသည် ဘက်လိုက် ခြင်းမဟုတ်ကြောင်း၊ Reality ဖြစ်ကြောင်း၊ နံပါတ်(၂)အချက်သည် ပြည်တွင်းရေးဖြစ်ပြီး ပြည်တွင်းရေးနှင့်ပတ်သက်ပြီး မိမိတို့ အနေနှင့် အကြမ်းဖက်မှုများ အမြန်ဆုံး ပပျောက်စေရေးအတွက် ပြည်သူလူထု ပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်လျက် ရှိကြောင်း၊ ပြည်သူလူထုပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို မိမိတို့ စစ်ကိုင်းတိုင်းဒေသကြီးတွင် စတင်ပြီး အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း၊ ထိုသို့ အကောင်အထည်ဖော်သည့်အတွက်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းတွင် ဖော်ထုတ်ဖမ်းဆီးရမိမှုများ၊ PDF စခန်းများကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လာနိုင်မှုများ များပြားလာခဲ့ပြီဖြစ်ကြောင်း၊ ထိုနှစ်ချက်ကို မိမိတို့ဆောင်ရွက်လျက် ရှိသည်ဟု ပြောလိုပါကြောင်း ပြန်လည်ဖြေကြားသည်။
တဲ့ပြောအွန်လိုင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်၍ တောင်းဆိုစရာတစ်ခုရှိကြောင်း၊ မိမိအနေဖြင့် ကရင်ပြည်နယ်မှ လာရသဖြင့် အလွန်ဝေးပါကြောင်း၊ လမ်းခရီးတွင်လည်း ဒုက္ခအမျိုးမျိုးဖြင့် လာခဲ့ရကြောင်း၊ မိမိကိုလည်း ဒလန်ဟုစွပ်စွဲခံရကာ သတ်မည်ဟု ခြိမ်းခြောက်ခံထားရကြောင်း၊ သို့သော် မေးခွန်းတစ်ခုတည်းသာ မေးခွင့်ရသဖြင့် မိမိအတွက် နည်းလွန်းပါကြောင်း၊ မိမိတို့အနေဖြင့် ပေးဆပ်ရမှုမနည်းပါကြောင်း၊ မိမိသည် တိုင်းရင်းသားလက်နက်ကိုင်ဒေသတွင် နေရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအား မေးခွန်းသုံးခုခန့် မေးမြန်းခွင့်ပြုစေလိုကြောင်း၊ နိုင်ငံတော်တွင် ဖြစ်ပျက်နေသည့် လျှပ်စစ်လုံလောက်မှုမရှိသည့် ကိစ္စ၊ ယခု မီတာခဆောင်သည့်သူနှင့် ဘေလ်မဆောင်သူ ပြဿနာ၊ မီတာခဆောင်သည့်သူနဲ့ မဆောင်သူများက မီးပျက်လျှင် အတူတူ ဝေမျှခံစားရကြောင်း၊ ထို့ကြောင့် မီတာခဆောင်သည့်သူက နစ်နာ သည်ဟု အော်နေကြောင်း၊ မီတာမဆောင်သူများကို မီးဖြတ်လျှင် လျှပ်စစ်ဝန်ထမ်းများအတွက် လုံခြုံရေးကလည်း စိုးရိမ်ရကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဝန်ထမ်းများအတွက် လုံခြုံရေးမည်မျှအထိ ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း၊ မိမိတွေ့ဆုံမေးမြန်းထားသည့် အတိုင်းအတာအရ မိမိတို့နိုင်ငံတွင် မဂ္ဂါဝပ် ၄၀၀၀ ကျော်ကို သုံးစွဲနေသည်ဟု သိရကြောင်း၊ အမှန်တကယ် ထုတ်လုပ်နိုင်မှုစွမ်းအားမှာ ပုဂ္ဂလိက အပါအဝင် ၃၅၀၀ ကျော်သာ ရှိကြောင်း၊ မဂ္ဂါဝပ်မပြည့်ကြောင်း၊ ထို့အပြင် LPG ကလည်း စျေးကြီး သဖြင့် သာကေတနှင့် လှော်ကားတို့ကို ရပ်ထားရသောကြောင့် မဂ္ဂါဝပ် ၁၀၀၀ ခန့် ထပ်လျော့ကြောင်း၊ ထိုသို့ ထပ်လျော့သည့်အခြေအနေ ကြောင့် မိမိတို့ ကရင်ပြည်နယ်တွင် မီးနှစ်နာရီရပြီး လေးနာရီပျက် သည့် ဒုက္ခများခံစားနေရကြောင်း၊ NLD အစိုးရလက်ထက်က လွှတ်တော်ပုဂ္ဂိုလ်များလည်း ဂျပန်နိုင်ငံကို သွား၍လေ့လာခဲ့ကြောင်း၊ ကရင်ပြည်နယ်၊ ဟတ်ကြီးတွင် တိုယိုဒိုင်းကုမ္ပဏီမှ မဂ္ဂါဝပ် ၆၄၀ နှစ်လုံး ၁၂၈၀ ထုတ်လုပ်ရန် လျာထား ကြောင်း၊ တိုယိုဒိုင်းကုမ္ပဏီက Investment လုပ်မည်ဟု သိရကြောင်း၊ မိမိတို့ ကရင်ပြည်နယ်အစိုးရ အနေဖြင့် ၁ ဒသမ ၅ ရာခိုင်နှုန်းကို အကျိုးအမြတ်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် သံလွင်မြစ်ကြောင်း၌ မြစ်သောင်ထွန်းနေမှုကို ၎င်းတို့၏ ကျောက်မီးသွေးသင်္ဘောလာသည့်အချိန်တွင် အခက်အခဲမရှိစေရန် သဲများတူးဖော်ပြီး ရရှိလာသည့်သဲများကို နိုင်ငံခြားသို့ တင်ပို့မည်ဟု သိရကြောင်း၊ ထို့ကြောင့် နိုင်ငံအတွက်လည်း အကျိုးရှိစေမည် ဖြစ်ကြောင်း၊ မိမိတို့ ပြည်နယ်အနေဖြင့် မြေယာကိစ္စကို ဆောင်ရွက် ပေးရမည်ဖြစ်သောကြောင့် ကရင်ပြည်နယ်အစိုးရ ရန်ပုံငွေမှ သိန်း ပေါင်း ၉၀၀၀ ကျော်ကို ဧက ၈၀၀ ကျော်အတွက် လျော်ကြေးပေးထား ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအတွက် လျှပ်စစ်မီးလိုလား ချက် ရေရှည် Long-Plan အတွက် ထည့်သွင်းစဉ်းစား၍ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ယင်းကျောက်မီး သွေး လျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ပေးရန် ရှိ/မရှိ ပထမ မေးခွန်းအနေဖြင့် သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်း က ကျောက်မီးသွေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် မရှိကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လုံလောက်ရေးအတွက် လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်ပြီး လိုအပ်ချက်များကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိ သည့် လျှပ်စစ်လုပ်ငန်းများမှာ အလယ်ပေါင်းလောင်း ၁၅၂ မဂ္ဂါဝပ်၊ ရွှေလီ(၃) ၆၇၂ မဂ္ဂါဝပ်၊ ကျောက်မဲ ၂၈၀ မဂ္ဂါဝပ်၊ အထက်ရဲရွာ သူဌေး ရေအားလျှပ်စစ်စီမံကိန်း သံတွဲ ၁၁၁ မဂ္ဂါဝပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲ ၅၁ မဂ္ဂါဝပ်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ အားလုံးသတိပြုဖို့ ရာမှာ ရေအားလျှပ်စစ်များသာ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆိုလာစနစ် ကိုလည်း ဆောင်ရွက်နေကြောင်း၊ ကျောက်မီးသွေးနှင့် ပတ်သက်၍ ဦးသိန်းစိန်အစိုးရလက်ထက်နှင့် NLD အစိုးရလက်ထက်တို့တွင် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ သို့သော် လူထုကန့်ကွက်မှုများ လည်းရှိခဲ့ကြောင်း၊ နည်းပညာပိုင်းဆိုင်ရာအရ မိမိအနေဖြင့် မသိရှိ ရကြောင်း၊ နည်းပညာပိုင်းဆိုင်ရာအရ မငြင်းလိုကြောင်း၊ မိမိသိရ သလောက် ရေအားလျှပ်စစ်စီမံကိန်းများနှင့် ဆိုလာစနစ်စီမံကိန်း များကို ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်မီးချွေတာနိုင်ရန်အတွက် LED မီးများနှင့် လဲလှယ်တပ်ဆင်နိုင်ရေး ပညာပေးလုပ်ဆောင်နေမှု များရှိကြောင်း ပြန်လည်ဖြေကြားသည်။
တဲ့ပြောအွန်လိုင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦး က မြဝတီနယ်စပ် သောင်းရင်းမြစ်၊ မြန်မာနိုင်ငံ မြဝတီမြို့ ချစ်ကြည်ရေး သံတံတားအောက်တည့်တည့် ထိုင်းနိုင်ငံ၊ မယ်သော်ဘက်အခြမ်းတွင် မြစ်ကမ်းထိန်းနံရံလုပ်ခြင်းကို သမ္မတကြီး ဦးသိန်းစိန်လက်ထက် မိမိတို့ဘက်က ကန့်ကွက်ခဲ့ကြောင်း၊ ကန့်ကွက်၍မရသဖြင့် ချစ်ကြည် ရေးတံတား (၁) ကို မိမိတို့ မြန်မာဘက်ကမ်းက ပိတ်လိုက်ကြောင်း၊ ယင်းသို့ ပိတ်လိုက်မှသာ ၎င်းတို့လုပ်ငန်းများ ရပ်သွားကြောင်း၊ ယခု မိမိတို့နိုင်ငံတွင် ပဋိပက္ခဖြင့် ရုန်းကန်နေရသည့်အချိန်တွင် ထိုင်းနိုင်ငံ ဘက်မှ ချစ်ကြည်ရေးတံတား(၂)၏ အောက်တွင် မြစ်ကမ်းထိန်းနံရံ လုပ်နေကြောင်း၊ NLD အစိုးရလက်ထက်တွင်လည်း လုပ်သဖြင့် ပြည်သူများကန့်ကွက်သော်လည်း အစိုးရက မကန့်ကွက်ကြောင်း၊ သမ္မတကြီးဦးသိန်းစိန် လက်ထက်တွင်လည်း ကန့်ကွက်ကြောင်း၊ ယခု မြစ်ကမ်းထိန်းနံရံကို ၎င်းတို့ဘက်ကလုပ်နေသည်မှာ ရေလယ် ကျွန်းအထိ ရောက်လာပြီဖြစ်ကြောင်း၊ သောင်းရင်းမြစ်တစ်ဝက် ရေလယ်ကောင် သောင်ထွန်းသည့်နေရာမှ စတင်လုပ်ကိုင်ခဲ့သဖြင့် မိမိတို့ဘက်တွင် ကမ်းများပြိုကျလာနေပြီဖြစ်ကြောင်း၊ မိမိတို့ဘက် က မြေများလည်း ပြိုကျနေကြောင်း၊ ယင်းကိစ္စကို ကန့်ကွက်ပေးရန် အစီအစဉ် ရှိ/ မရှိ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ယင်းကိစ္စနှင့်ပတ်သက်၍ မိမိတို့အနေ ဖြင့် ဆက်လက်လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ် များတွင် စည်းမျဉ်းစည်းကမ်းများရှိပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် မြစ်ကြောင်း နယ်နိမိတ်စည်းကမ်းများ၊ ကုန်းပေါ်ရှိ စည်းကမ်းများ၊ ဘယ်နှမီတာအတွင်း အဆောက်အအုံအခိုင်အမာ မဆောက်ရစသည့် စည်းကမ်းများသည် နှစ်နိုင်ငံတွင် ရှိပြီးဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မြစ်ကြောင်းများတွင် မြေထိန်းနံရံတည်ဆောက်မှုနှင့် ပတ်သက်ပြီး နှစ်နိုင်ငံသဘောတူညီချက်များကို နှစ်နိုင်ငံသိပြီးသားဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
နေပြည်တော်တိုင်းအွန်လိုင်းသတင်းအေဂျင်စီမှ သတင်းထောက် ဦးမင်းမောင် က မြန်မာနိုင်ငံတွင် အင်တာနက်ဈေးနှုန်းများ တက်နေ သည်ကို သိရှိရပါကြောင်း၊ ဖုန်းကတ်များကိုလည်း နိုင်ငံတော်က အခွန် ၂၀၀၀၀ ဆောင်ရမည်၊ ကတ်ဖိုး ၁၅၀၀ နှင့် စုစုပေါင်း ၂၁၅၀၀ဟု သတ်မှတ်လိုက်သည့်အပေါ်တွင် ပြည်သူလူထု၏ ဝေဖန်မှုများ မြင့်တက်နေပါကြောင်း၊ အဆိုပါကိစ္စကြောင့် ပြည်သူလူထုတွင် အခက်အခဲမျိုးစုံ ရှိနေပါကြောင်း၊ ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်ခဲ့သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအပေါ် ပြည်သူများ၏ အထင်မှား၊ အမြင်မှားမှုများ ရှိနေပါကြောင်း၊ ယခုကဲ့သို့ ဆင်းကတ်များကို တန်ဖိုး မြှင့်တင်ခဲ့သည့်အပေါ်တွင် လူအတော်များများက မလိုအပ်သည့် သတင်းများဖြန့်နေသည်ကိုလည်း တွေ့ရပါကြောင်း၊ အဆိုပါကိစ္စ နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်သည့်အစီအမံဖြင့် မည်ကဲ့သို့ပြုလုပ်ထားသည်ကို ပြည်သူလူထု အားလုံး ရှင်းရှင်းလင်းလင်း သိရှိနိုင်စေရန် ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုမေးခွန်းကိုမေးမြန်းသည့် သတင်း ထောက်ကြီးအနေဖြင့် ကိုယ်တိုင်ဆင်းကတ် သွားရောက်ဝယ်ယူပြီး ဖြစ်ပါသလားဟု မေးမြန်းလိုကြောင်း၊ မိမိအနေဖြင့် သတင်းထောက် ကြီး သိသာစေရန် မေးမြန်းခြင်းဖြစ်ကြောင်း၊ သတင်းထောက်ကြီးကို ဆန့်ကျင်၍ မေးမြန်းခြင်းမဟုတ်ကြောင်း၊ သတင်းထောက်ကြီး အနေဖြင့် ယခု ၂၀၀၀၀ တန်ဆင်းကတ်ကို သွားရောက်ဝယ်ယူပြီး ဖြစ်ပါသလားဟု ပြန်လည်မေးမြန်းသည်။
နေပြည်တော်တိုင်းအွန်လိုင်းသတင်းအေဂျင်စီမှ သတင်းထောက် ဦးမင်းမောင် က မိမိတွင် မှတ်ပုံတင်ပြီးသား ဆင်းကတ်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းထောက်ကြီး အသုံးပြုရန် အတွက် နောက်ထပ်ဆင်းကတ်တစ်ကတ် လိုအပ်ပါသလား၊ သတင်း ထောက်ကြီးတွင် လက်ရှိ အသုံးပြုနေသည့် ဖုန်းမည်မျှရှိပါသလဲ၊ ဆင်းကတ်မည်မျှ အသုံးပြုနေပါသလဲကို သိလိုကြောင်း၊ သတင်း ထောက်တစ်ဦးဖြစ်သည့်အတွက် အနည်းဆုံး ဖုန်းနှစ်လုံးနှင့် ဆင်းကတ် နှစ်ကတ်ရှိမည်ဟု မိမိထင်ကြောင်း မေးမြန်းသည်။
နေပြည်တော်တိုင်းအွန်လိုင်းသတင်းအေဂျင်စီမှ သတင်းထောက် ဦးမင်းမောင် က မိမိတွင် လက်ရှိအသုံးပြုနေသည့် ဖုန်းနှစ်လုံးနှင့် ဆင်းကတ် လေးကတ်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိပေါ်လွင်အောင် ပြောချင်သည်မှာ အဆိုပါ ကိစ္စဖြစ်ကြောင်း၊ ယခုဆင်းကတ်တစ်ကတ်လျှင် ၂၀၀၀၀ ဆိုသည့်ဈေးနှုန်းသည် နောက်ထပ်ဝယ်ယူမည့် ဆင်းကတ်အတွက် ဖြစ်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် လူဦးရေ သန်း ၅၀ နီးပါး ရှိကြောင်း၊ ဆင်းကတ်အသုံးပြုသည့်လူဦးရေမှာ သန်း ၇၀ ရှိကြောင်း၊ ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံး၌ လူတစ်ဦးလျှင် အနည်းဆုံး ဆင်းကတ် တစ်ကတ် ပိုင်ပြီးဖြစ်ကြောင်း၊ သန်း ၅၀၊ ၅၄ သန်းဆိုရာတွင် မွေးကင်းစအရွယ်အထိ ပါဝင်ကြောင်း၊ ထို့ကြောင့် နောက်ထပ်ဝယ်ယူ မည့် ဆင်းကတ်များအတွက်သာ ဈေးနှုန်း ၂၀၀၀၀ သတ်မှတ်ခြင်း ဖြစ်ကြောင်း၊ ယခင် ဆင်းကတ်များအတွက် မဟုတ်ပါကြောင်း၊ မည်သည့်အတွက်ကြောင့် ယခုလို ဈေးနှုန်းပြောင်းလဲသတ်မှတ် ရသည်ကို ပြောရမည်ဆိုပါက နံပါတ်(၁)အနေဖြင့် လုံခြုံရေးအခြေအနေကြောင့်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံတွင်မှ မိမိတို့ မြန်မာနိုင်ငံ ကဲ့သို့ ဆင်းကတ်အား လွတ်လွတ်လပ်လပ် ဝယ်ယူ၍ မရကြောင်း၊ ယခုလက်ရှိတွင် Keypad ဖုန်းများ၊ ဆင်းကတ်များဖြင့် ဗုံးခွဲနေကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း။
ပြည်သူလူထုကို ထိခိုက်လာနိုင်
နောက်တစ်ချက်မှာ နိုင်ငံတကာအခြေအနေကြောင့် ဖြစ်ကြောင်း၊ ယခုလက်ရှိ နိုင်ငံတကာတွင် Sim Card Activation Test များကို လုပ်ဆောင်လျက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ပါကစ္စတန်၊ အီတလီ၊ တူရကီနိုင်ငံတို့တွင် လုပ်ဆောင်လျက်ရှိကြောင်း၊ ဆင်းကတ် များကို အလွယ်တကူဝယ်ယူ၍ တလွဲသုံးခြင်းကြောင့် နိုင်ငံတော် တည်ငြိမ်ရေး၊ နိုင်ငံသားများ၏ လုံခြုံရေးထိခိုက်စေမှု စသည့် မလိုလားအပ်သည့်ကိစ္စများကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ဆင်းကတ် အသုံးပြု၍ အဝေးထိန်းစနစ်ဖြင့် ဗုံးဖောက်ခွဲခြင်းများ ဆောင်ရွက် လာနိုင်သည့်အတွက် ပြည်သူလူထုကို ထိခိုက်လာနိုင်ကြောင်း၊ ထို့ကြောင့် ဆင်းကတ်ကို အသုံးပြု၍ ကျူးလွန်လာနိုင်သည့် ရာဇဝတ် မှုများကို ထိန်းချုပ်/ လျှော့ချနိုင်ရေးနှင့် ဥပဒေပြင်ပလုပ်ရပ်များကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဆင်းကတ်များကို အသုံးပြု၍ အင်တာနက် အလွန်အကျွံသုံးစွဲ ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို လျှော့ချနိုင်စေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
ယခု လက်ရှိဖြစ်နေသည့် အခြေအနေမှာ ဆင်းကတ်တစ်ကတ်ကို အလွယ်တကူ ဝယ်ယူ၍ မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ချိပြီး နောက် ဆင်းကတ်မှာ တန်ဖိုးမည်မျှမှ မရှိသည့်အတွက် အလွယ်တကူ ချိုးဖဲ့ပြီး လွှင့်ပစ်လိုက်ကြောင်း၊ ထိုကဲ့သို့သော အခြေအနေများအတွက် မိမိတို့က ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း၊ အခြားပြည်သူလူထုကို ဖိနှိပ်ရန်၊ ပြည်သူလူထု အကျပ်အတည်းဖြစ်စေရန် ရည်ရွယ်ပြီး လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ အင်တာနက် အခွန်အကောက်များနှင့် ပတ်သက်၍ ပြောရမည်ဆိုပါက အများပြည်သူနှင့် ဆက်ဆံနေရသည့် ကျန်းမာရေး၊ ပညာရေးကဏ္ဍများနှင့် ပတ်သက်ပြီး ပြန်လည်စဉ်းစားပေးသွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့်ဤမျှသာ ဖြေကြားလိုကြောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်ကိုလည်း ဖိတ်ကြားထားပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ဖြည့်စွက်ဖြေကြားလိုသည်များရှိပါက ဖြေကြားပေးစေလိုကြောင်း ပြန်လည်ဖြေကြားသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ဗိုလ်ချုပ်ဇော်မင်းထွန်း ဖြေကြားသွားသည်မှာ ပြည့်စုံပါကြောင်း၊ မိမိအနေဖြင့် သီးခြားဖြည့်စွက်ဖြေကြားရန် မရှိပါကြောင်း ဖြေကြား သည်။
နေပြည်တော်တိုင်းအွန်လိုင်းသတင်းအေဂျင်စီမှ သတင်းထောက် ဦးမင်းမောင် က ဒုတိယမေးခွန်းအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် EAOs အဖွဲ့များနှင့်ပတ်သက်ပြီး မေးမြန်း လိုပါကြောင်း၊ သမ္မတကြီးဦးသိန်းစိန် လက်ထက်တွင် EAOs အဖွဲ့ ရှစ်ဖွဲ့ကို NCA လက်မှတ်ရေးထိုးပြီး တည်ငြိမ်အောင် ထိန်းသိမ်းနိုင် ခဲ့ပါကြောင်း၊ ယခုလက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှင့် EAOs အဖွဲ့များ အားလုံးပူးပေါင်း၍ NCA လက်မှတ်ရေးထိုးနိုင်ရန် အစီအစဉ်များ ရေးဆွဲလျက်ရှိသည်ဟု သိရကြောင်း၊ ထိုအစီအစဉ်များ ကို မည်သည့်အခြေအနေ၊ မည်သည့်အချိန်အခါတွင် NCA လမ်းကြောင်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ကို သိလို ကြောင်း မေးမြန်းသည်။
အချိန်တိုအတွင်း ဖြေရှင်းနိုင်မည့်ကိစ္စများမဟုတ်
ဗိုလ်ချုပ်ဇော်မင်းထွန်း က မိမိတို့အနေဖြင့် အဆိုပါကိစ္စကို အမြန်ဆုံးဖြစ်မြောက်စေလိုကြောင်း၊ မိမိတို့သာမကဘဲ ငြိမ်းချမ်းရေး နှင့်ပတ်သက်လျှင် အစိုးရအဆက်ဆက်ကလည်း အမြန်ဆုံးဖြစ်မြောက် စေလိုကြောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ လက်ထက် တုန်းကလည်း အတူတူပင်ဖြစ်ကြောင်း၊ ထို့နောက် တပ်မတော်အစိုးရ လက်ထက်နှင့်် သမ္မတကြီးဦးသိန်းစိန် အစိုးရလက်ထက်တို့တွင် လည်း အတူတူပင်ဖြစ်ကြောင်း၊ NLD အစိုးရလက်ထက်တွင်လည်း အတူတူပင် ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ အစိုးရများအနေဖြင့် အမြန်ဆုံး ဖြစ်စေချင်ကြမည်ဖြစ်ကြောင်း၊ သို့သော် ဆွေးနွေးညှိနှိုင်းရာတွင် ဘက်နှစ်ဖက်ရှိပါကြောင်း၊ EAOs အဖွဲ့များတွင် ၁၉၄၈ ခုနှစ် လွတ်လပ် ရေးရပြီးစကပင် အမြစ်တွယ်လာသည့် အဖွဲ့များရှိသကဲ့သို့ နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ပေါ်လာသည့်အဖွဲ့များ လည်းရှိကြောင်း၊ အနီးစပ်ဆုံးအဖွဲ့များမှာ ၂၀၁၁ ခုနှစ်တွင် ပေါ်ပေါက် ခဲ့သည့် TNLA ၊ AA နှင့် MNDAA ဟူသည့် အဖွဲ့ သုံးဖွဲ့ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပေါ်ပေါက်လာခဲ့သည့် အဖွဲ့များလည်း ရှိပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပတ်သက်၍ ပြောရ မည်ဆိုပါက ၎င်းတို့၏ အမှတ်အသားသရုပ်နှင့် ၎င်းတို့၏ အခွင့် အရေး၊ တိုင်းရင်းသားအရေးများနှင့်ပတ်သက်ပြီး ၎င်းတို့အများစုက ရပ်တည်ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စများမှာ အချိန်တို အတွင်း ဖြေရှင်းနိုင်မည့်ကိစ္စများ မဟုတ်ကြောင်း။
၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးနိုင်ခဲ့သည့်် ကိစ္စကိုလည်း မိမိအစောပိုင်းက ပြောခဲ့ကြောင်း၊ ထိုသို့ NCA လက်မှတ်ရေးထိုးနိုင်ရန် အတွက် ယခင်က ကြိုတင်ဆောင်ရွက်ခဲ့ရသည့် အခင်းအကျင်းများမှာ နှစ်ပေါင်းများစွာ ကြာမြင့်ပါကြောင်း၊ အဆိုပါ အခင်းအကျင်းများကို တပ်မတော်အစိုးရလက်ထက်ကတည်းက စတင်ဆောင်ရွက်ခဲ့သည် ဟု ပြော၍ရကြောင်း၊ တပ်မတော်အစိုးရလက်ထက်ကတည်းကပင် Bilateral ထိုးခြင်းများရှိသကဲ့သို့ Gentlemen’s Agreement များနှင့် အစည်းအဝေးများလည်း အကြိမ်ကြိမ်လုပ်ခဲ့ရကြောင်း၊ ယုံကြည်မှု များ အကြိမ်ကြိမ်တည်ဆောက်ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် ယခု အချိန်တွင် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုအဖွဲ့ အနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းမှ ဒီဇင်ဘာလ ၂၀ ရက်နေ့ကျော်အထိ တွေ့ဆုံဆွေးနွးခဲ့သည့်ကိစ္စများ ကိုလည်း အစောပိုင်းက မိမိပြောကြားခဲ့ကြောင်း၊ NCAလက်မှတ် ထိုးပြီးအဖွဲ့များနှင့် အကြိမ်မည်မျှတွေ့ဆုံခဲ့သည်၊ NCA လက်မှတ် ရေးထိုးခြင်း မရှိသေးသည့်အဖွဲ့များနှင့် အကြိမ်မည်မျှတွေ့ဆုံခဲ့သည်၊ နိုင်ငံရေးပါတီများနှင့် အကြိမ်မည်မျှတွေ့ဆုံခဲ့သည် စသည့်အချက်များ ပါဝင်ကြောင်း၊ ဆက်လက်ပြီးလည်း တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် တစ်ဦးနှင့် တစ်ဦး ယုံကြည်မှုတည်ဆောက်ပြီး နားလည်မှုများ ရရှိနိုင်မည် ဖြစ်ကြောင်း၊ ထို့နောက် ပထမအဆင့်များဖြစ်သည့် Bilateral ကိစ္စများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကိစ္စများ၊ Gentlemen’s Agreement ကိစ္စများ ဆက်လက်ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် အတွင်း ခြေလှမ်းတစ်လှမ်း လှမ်းနိုင်လိမ့်မည်ဟု မိမိပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar Public Press သတင်းဌာနမှ သတင်းထောက် အယ်ဒီတာ မိုးသောက်ပန်း က အိမ်ခြေရာခြေမဲ့၊ အိုးမဲ့၊ အိမ်မဲ့ပြဿနာ များကို မေးမြန်းလိုကြောင်း၊ မိမိတို့တိုင်းပြည်တွင် တက်လာသည့် အစိုးရအားလုံးသည် တိုင်းပြည်၏ အမိ/အဖ ဖြစ်ကြောင်း၊ ပြည်သူ ပြည်သားများသည် သား သမီးနေရာတွင်ရှိကြောင်း၊ အဆိုပါ ပြည်သူ ပြည်သားများအနက်အချို့မှာ သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် အကြောင်းအမျိုးမျိုးကြောင့် ခိုကိုးရာမဲ့အိမ်ရာမဲ့ဘဝကို ရောက်ရှိ နေကြကြောင်း၊ နိုင်ငံတော်အစိုးရ အဆက်ဆက်အနေဖြင့် ဥပဒေနှင့် အညီ သင့်တော်ရာတွင် စဉ်ဆက်မပြတ်နေရာချထားပေးရန် လိုအပ်ပါ ကြောင်း၊ တာဝန်လည်းရှိပါကြောင်း၊ သို့သော် အချိန်နှင့်တစ်ပြေးညီ မဆောင်ရွက်နိုင်ခဲ့ကြသည့်အတွက် အိမ်ရာမဲ့များ၏ ဘဝ ပြဿနာမှာ တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာပါကြောင်း၊ ဥပမာအနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး ၈ တွင် ယခု ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဖယ်ပေးရမည်ဟု ဖိအားအမျိုးမျိုးဖြင့် လာရောက်၍ဖျက်ပေးရန် ပြောလာခဲ့သဖြင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်း ရဲဖြင့် ကြီးစွာသောကရောက်နေကြရပါကြောင်း၊ အဆိုပါ ရပ်ကွက် ကဲ့သို့ အခြေအနေမျိုးကို နိုင်ငံအနှံ့တွင် ရှင်း၍မကုန်နိုင်အောင်ပင် ပြဿနာများရှိနေပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် လူမျိုးခြား အချို့ပင် မြေယာ ဧက ရာနှင့်ချီကို ဝယ်၍ဖြစ်စေ၊ ငှားရမ်း၍ဖြစ်စေ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြသော်လည်း မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသည့် မိမိတို့၏ မြန်မာနိုင်ငံသားစစ်စစ် များမှာ မိမိတို့နိုင်ငံအတွင်း၌ပင် ကျူးကျော်အဖြစ်ဖြင့် နေထိုင်စရာ နေရာမရှိဘဲ ခိုကိုးရာမဲ့ဖြစ်နေသည်မှာ အင်မတန်ဝမ်းနည်းဖွယ်ရာ ကောင်းပါကြောင်း၊ ထို့ကြောင့် တိုင်းပြည်၏ မိဘသဖွယ်ဖြစ်သည့် တိုင်းပြည် အစိုးရအနေဖြင့် သားသမီးများသဖွယ်ဖြစ်သည့် ခိုကိုးရာမဲ့ အိမ်ရာမဲ့များကို စာနာသနားသောအားဖြင့်၊ ညှာတာသောအားဖြင့် စိုသော လက်ကိုမခြောက်ပါစေဘဲ ၎င်းတို့၏ ဘဝလေးများ မပျက်စီး စေရန် ပေးသင့်ပေးထိုက်သည့် တစ်နိုင်ငံလုံးတွင်ရှိသည့် အိုးမဲ့အိမ်မဲ့ များကိုယ်စား အသနားခံမေတ္တာရပ်ခံတင်ပြရင်းဖြင့် ၎င်းတို့အတွက် တစ်စုံတစ်ရာ ဆောင်ရွက်ပေးနိုင်ရန် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက အဆိုပါအိုးမဲ့အိမ်မဲ့များနှင့်ပတ်သက်၍ ပြောရမည်ဆိုပါက သက်ဆိုင်ရာဝန်ထမ်းအိမ်ရာများ၊ သက်ဆိုင်ရာ အငှားအိမ်ရာများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ များက ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုံလောက်မှု မရှိသည်မှာလည်း မှန်ကန်ပါကြောင်း၊ ထို့အပြင် ၎င်းတို့ ဆောင်ရွက်နေသည့်ကိစ္စများမှာ လည်း သတင်းထောက်ကြီးပြောခဲ့သည့် အခြေခံလူတန်းစားများ အတွက် လက်လှမ်းမမီနိုင်သည့် ကိစ္စများဖြစ်သည်ကိုလည်း မိမိ အနေဖြင့်လည်း သိရှိပါကြောင်း၊ အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး ဖြစ်ပျက်နေသည့် အခြေအနေများကို မိမိတို့အနေဖြင့် တွေ့ရှိချက်များ ကို တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ လုပ်နိုင်သည့်လုပ်ငန်းတစ်ခု ပေါ်ပေါက်လာစေရန်အတွက် မိမိတို့ ဆောင်ရွက်ပေးမည်ဟု ပြောလို ကြောင်း၊ အားလုံးမှာ မိမိတို့ နိုင်ငံသူ နိုင်ငံသားများသာဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသူ နိုင်ငံသားများသာ ဖြစ်သည့်အတွက် မိမိတို့တွင် ၎င်းတို့ အတွက်ပြုလုပ်ပေးရမည့် တာဝန်ရှိပါကြောင်း၊ ဆောင်ရွက်ပေးနိုင်ရန် လုပ်ပေးမည်ဟု ဖြေကြားသည်။ (ဆက်လက်ဖော်ပြပါမည်)