
ရန်ကုန် ဇန်နဝါရီ ၁၆
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့က ကြီးမှူးကျင်းပသည့် (၁၀၃)ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်း သဘင် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်အောင်မြေရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
လှည့်လည်ပူဇော်
ရှေးဦးစွာ ရွှေတိဂုံစေတီတော်ရင်ပြင် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းစုရပ်မှ (၁၀၃)ကြိမ် မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက် မေးပွဲကြီးတွင် ဖြေဆိုအောင်မြင်တော်မူကြသည့် သံဃာတော်များအား ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အကျိုးတော်ဆောင်များ၊ အလှူရှင်များနှင့် သံဃာတော် များ၏ ဆွေတော်မျိုးတော်များက ရွှေတိဂုံစေတီတော် ရင်ပြင်၌ လှည့်လည်ပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ညောင်တုန်း ပါဠိတက္ကသိုလ် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပဝရာ ဘိဝံသထံမှ ရန်ကုန်တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ဂေါပကအဖွဲ့ဝင် များနှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည် ကြသည်။
ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်း ဂေါပကအဖွဲ့ စေတိယင်္ဂဏ စာအောင်ဆုနှင်း သဘင် ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးဌေးလှိုင်က ပူဇော်ပွဲကျင်းပရခြင်းအကြောင်း ဂုဏပူဇာမင်္ဂလာ လျှောက်ထားလွှာကို ဖတ်ကြားလျှောက်ထားသည်။
ထို့နောက် (၁၀၃)ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲတွင် သီးခြား စာချတန်းအောင် သံဃာတော်သုံးပါးဖြစ်သည့် အောင်စဉ်(၁) မန္တလေးတိုင်းဒေသကြီး မဟာ အောင်မြေမြို့နယ် ဓမ္မဒါယာဒကျောင်း၊ မစိုးရိမ် တိုက်သစ်မှ အရှင်ဝါယာမိန္ဒာလင်္ကာရာဘိဝံသ၊ အောင်စဉ်(၂) မန္တလေးတိုင်းဒေသကြီး အောင်မြေ သာစံမြို့နယ် အောင်ချမ်းသာပရိယတ္တိစာသင်တိုက် မှ အရှင်ပညာသာရာလင်္ကာရာဘိဝံသနှင့် အောင်စဉ် (၃) မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မနော ရထပူရဏီမြစကြာတောရကျောင်းမှ အရှင်အဂ္ဂဉာဏ လင်္ကာရာဘိဝံသတို့အား “စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာစရိယ ဂဏဝါစကဘွဲ့”ကိုလည်းကောင်း၊ သီးခြား စာသင်တန်းအောင် သံဃာတော် နှစ်ပါးဖြစ်သည့် အောင်စဉ်(၁) မန္တလေးတိုင်းဒေသကြီး အောင်မြေ သာစံမြို့နယ် အောင်ချမ်းသာပရိယတ္တိစာသင်တိုက် မှ အရှင်ကောသလ္လာလင်္ကာရနှင့် အောင်စဉ်(၂) မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အောင်ချမ်းသာ ပရိယတ္တိစာသင်တိုက်မှ အရှင် ကေတုဝံသလင်္ကာရတို့အား “စေတိယင်္ဂဏ အဘိဝံသ ဘွဲ့” ကိုလည်းကောင်း ဂေါပကအဖွဲ့ဝင်များက ဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်နှင့် နဝကမ္မ ချီးမြှင့် ပူဇော်ငွေတို့ကို ဆက်ကပ်ကြသည်။
ဆက်ကပ်လှူဒါန်း
ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယက ဩဝါဒါစရိယ ဆရာတော်ကြီး များနှင့် စာထောက်စာမ ဆရာတော်များအား သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်း၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ညွှန်ကြားရေးမှူး ဦးထွန်းမြင့်ဦး၊ ဂေါပကအဖွဲ့ဝင်များ နှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထ ဝါစက ပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ(ဝဠံသကာ)ပါဠိ ပါရဂူ၊ စေတိယင်္ဂဏ ပဝရသိရီ မဟာဓမ္မဂုရု ဘဒ္ဒန္တ နာရဒါဘိဝံသ(လှရတနာ) ဆရာတော်ထံမှ ဂေါပက အဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက အနုမောဒနာ တရားနာကြား၍ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယက ဩဝါဒါစရိယဆရာတော်ကြီး များအား ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
လှူဒါန်းချီးမြှောက်ခဲ့
စေတိယင်္ဂဏအသင်းကြီးသည် ၁၉၁၉ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ကို အမှီပြုလျက် ပရိယတ္တိစာမေးပွဲကျင်းပ ကာ စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲ များ ကျင်းပဆောင်ရွက်ခဲ့ပြီး ၁၉၈၄ ခုနှစ်မှ ယခု ၂၀၂၁ ခုနှစ်အထိ ရွှေတိဂုံစေတီတော် ဘဏ္ဍတော်ထိန်း ဂေါပကအဖွဲ့က အစဉ်လာကောင်းများကို ကုသိုလ် ဆက်ကာ ကြိုးပမ်းပူဇော်လျက်ရှိရာ (၁၀၃)ကြိမ် မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင် ဆုနှင်းသဘင်ပွဲ အခမ်းအနားတွင်လည်း နဝကမ္မ ချီးမြှင့်ပူဇော်ငွေအဖြစ် သီးခြားစာချတန်းတွင် အောင်စဉ်(၁) သံဃာတော်အား နဝကမ္မအလှူတော် ငွေကျပ် ၃၅ သိန်း၊ အောင်စဉ်(၂) သံဃာတော်အား နဝကမ္မ အလှူတော်ငွေကျပ် ၃၃ သိန်း၊ အောင်စဉ်(၃) သံဃာတော်အား နဝကမ္မ အလှူတော်ငွေကျပ် ၃၁ သိန်းနှင့် သီးခြားစာသင်တန်းတွင် အောင်စဉ်(၁) သံဃာတော်အား နဝကမ္မအလှူတော်ငွေကျပ်သိန်း ၃၀၊ အောင်စဉ်(၂) သံဃာတော်အား နဝကမ္မ အလှူတော် ငွေကျပ် ၂၉ သိန်း စုစုပေါင်း လှူဒါန်း ငွေကျပ် ၁၅၈ သိန်းတိတိအား လှူဒါန်းချီးမြှောက်ခဲ့ ကြောင်း သိရသည်။
သတင်း - ကိုကိုဇော်၊
ဓာတ်ပုံ - လတ်လတ်(MNA)